29‏/6‏/2011

ကင်ဆာရောဂါ မဖြစ်ရအောင် နေထိုင်ရမည့် နည်းလမ်းများ

သင့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမူအကျင့်တွေရှိနေရင်
ကင်ဆာရောဂါဖြစ်နိုင်မှာ မဟုတ်ပါဘူး။
ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အချက်တွေထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ဘ၀နေထိုင်မှုနဲ့
ဆက်စပ်နေပြီး ရှောင်ရှားလို့ ရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာ
စားတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်ရှောင်တာတွေဟာ ရောဂါကို
ခုခံနိုင်တဲ့ ပထမခြေလှမ်းတွေပါ။ ဒါ့အပြင် မကြာခင်က
ပြုလုပ်တဲ့လေ့လာမှုအသစ်တွေအရ သင့်ရဲ့ဘ၀နေ့စဉ်အစိတ်အပိုင်းမှ
အံ့သြဖွယ်ရာနည်းလမ်းတွေနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတာ
တွေ့ရှိခဲ့ပါတယ်။ကင်ဆာရောဂါမဖြစ်အောင် အောင်ပါနည်းလမ်းတွေကို
အသုံးပြုကြည့်ပါ။
(၁) ရေဘုံဘိုင်ခေါင်းမှရတဲ့ ရေကိုစစ်ပြီး အသုံးပြုပါ
ဒီလိုအသုံးပြုတာကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ Carcinogen
နဲ့ဟော်မုန်းကိုအနှောင့်အယှက်ပေးတဲ့ ဓာတုပစ္စည်းတွေနဲ့
ထိတွေ့မှုနည်းသွားနိုင်ပါတယ်။ ရေသန့်စင်စက်ကိုအသုံးပြုပြီးဘုံဘိုင်မှ
ရေကိုအသုံးပြုတာဟာ ရေသန့်ဘူးတွေလောက် အရည်အသွေးမကောင်းပေမယ့်
အန္တရာယ်ပိုကင်းပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုနည်းအောင်
ပလက်စတစ်ဘူးတွေနဲ့ ရေထည့်သောက်မယ့်အစား စတီး ဒါမှမဟုတ်
ဖန်ဘူးတွေအသုံးပြုပါ။
(၂) ဓာတ်ဆီတိုင်ကီမှာ ဆီပြည့်နေရင် ဆီထည့်တာကို ရပ်လိုက်ပါ
ဆီဆိုင်မှာ ဓာတ်ဆီ ဒါမှမဟုတ် gas ပြည့်နေစဉ်
သင်ဝယ်ထားတဲ့ဆီအမှတ်မရောက်သေးဘဲ ဆီတိုင်ကီပြည့်သွားရင်
ဆက်မပြည့်ပဲရပ်လိုက်ပါ။ ဆီတွေလျှံကြလာတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့
အဆိပ်ပစ္စည်းတွေ လေထဲပျံ့နှံ့သွားနိုင်ကာ သင့်အရေပြား
ဒါမှမဟုတ်အဆုတ်ထဲရောက်သွားနိုင်လို့ပါ။
(၃) အသားတွေကို မကင်ခင်နှပ်ထားပါ
အသား၊ ငါးတွေကို မီးသွေးနဲ့ကင်စားရင် အသားကင်ပေါ်က မီးခိုးမှိုင်းတွေမှာ
ကင်ဆာဖြစ်စေနိုင်တဲ့ Heterocy-clic amines HCAS တွေ ရှိနေတတ်ပါတယ်။
ဒါကြောင့် အသားငါးတွေမကင်ခင်မှာ အနည်းဆုံး တစ်နာရီခန့်ကြိုတင်ပြီး
မဆလာနဲ့နှပ်ထားပါ။ မဆလာမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ HCAS ကို
၈၇ ရာခိုင်နှုန်းခန့်လျော့ချနိုင်တယ်လို့ Karsas တက္ကသိုလ်မှ လေ့လာသူတွေက
တွေ့ရှိခဲ့ပါတယ်။
(၄) နေ့တိုင်းကော်ဖီသောက်ပါ
နေ့စဉ်ကော်ဖီကို ငါးခွက် ဒါမှမဟုတ် ဒါထက်ပို သောက်သူတွေဟာ
ကော်ဖီအနည်းဆုံးသောက်သူတွေ ထက်ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေ ၄၀
ရာခိုင်နှုန်း လျော့နည်းတယ် လို့ အင်္ဂလန်မှ၂၀၁၀ အတွင်း လေ့လာမှုအရ သိရပါတယ်။
နေ့စဉ် ကော်ဖီငါးခွက်သောက်တာဟာ ခံတွင်းနဲ့ လည်မျိုကင်ဆာ လည်းဖြစ်နိုင်ခြေ
လျော့ချနိုင်တယ်လို့ ဆိုပါတယ်။ လက်ဖက်ရည်ဟာ
ကော်ဖီလောက်ကာကွယ်နိုင်စွမ်းမရှိဘူးလို့လည်း သုတေသီတွေက ပြောကြပါတယ်။
(၅) ရေများများသောက်ပါ
ရေနဲ့ အခြားအရည်တွေကို များများသောက်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့
အဆိပ်တွေ ဆီးအတွင်းမှာ Dilute ဖြစ်သွားပြီး ဆီးအိမ်မှ မြန်မြန်ထွက်
သွားစေတာကြောင့် ဆီးအိမ်ကင်ဆာ ဖြစ် နိုင်ခြေနည်းသွားနိုင်ပါတယ်။ နေ့စဉ်
ရေရှစ်ခွက်အနည်းဆုံးသောက်ပါ။
(၆) အစိမ်းရောင် ဟင်းသီးဟင်းရွက် များများစားပါ
ဟင်းသီးဟင်းရွက်ကို အစိမ်းရောင်ဖြစ်စေတဲ့ ကလိုရိုဖီးမှာ
မဂ္ဂနီစီယမ်များစွာပါဝင်တာကြောင့်
အမျိုးသမီးတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေလျော့နည်းနိုင်ပါတယ်။
အစိမ်းရင့်ရောင်အရွက် တွေကို များများစားပေးပါ။ ချက်ပြီးသား
ဟင်းနုနယ်ခွက်တစ်ဝက်စာမှာ မဂ္ဂနီစီယမ် ၇၅မီလီဂရမ်ပါဝင်ပါတယ်။
နေ့စဉ်လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။
(၇) အခွံမာသီးစားပါ
အခွံမာသီးမှာ ပါဝင်တဲ့ ဆီလီနီယမ်တွေဟာ
ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့ချနိုင်ပါ တယ်လို့ Dartmouth
ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ အခြားလေ့လာမှု အရလည်း သွေးတွင်း
ဆီလီနီယမ်ပါဝင်မှုများ သူတွေဟာ အဆုတ်နဲ့ အူမကြီးကင်ဆာကြောင့်
သေဆုံးနှုန်းကျဆင်းသွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဆီလီနီယမ်ဟာ Cell တွေကို
ဓာတ်တိုးပစ္စည်းမှ ကာကွယ်ပေးနိုင်ရုံမက ခုခံအားလည်း
ကောင်းမွန်စေကာကင်ဆာအကျိတ်တွေကို အာဟာရ ပေးမယ့်
သွေးကြောတွေမပေါ်ပေါက်အောင်လည်း ဖိနှိပ်ပေးပါတယ်။
(၈) သားမြတ်ကင်ဆာမဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပါ
လမ်းမြန်မြန်လျှောက်တာလိုမျိုးအသင့်အတင့်လေ့ကျင့်ခန်းကို တစ်ပတ်မှာ
နှစ်နာရီလုပ်တာကြောင့် သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း
လျော့ချနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်တာကြောင့်
ကင်ဆာဖြစ်စေနိုင်တဲ့ အီစထရိုဂျင်ကိုထုတ်လုပ်ပေးတဲ့ အဆီတွေ
လောင်ကျွမ်းစေတာကြောင့် ဖြစ်နိုင်ခြေလျော့သွားတာပါ။
(၉) အ၀တ်ကို အခြောက်မလျှော်ပါနဲ့
အခြောက်လျော်သန့်စင်ရည်မှာ ပါဝင်တဲ့ perchloroethylene ဓာတုပစ္စည်းဟာ
အသည်းနဲ့ကျောက်ကပ်ကင်ဆာနဲ့ သွေးကင်ဆာဖြစ်စေနိုင်တယ်လို့၂၀၁၀
ပြည့်နှစ်စောစောပိုင်းက Na-tional Academies Of Science ကသုတေသီတွေ
တွေ့ရှိခဲ့ပါတယ်။ ဆပ်ပြာရည်အပျော့စားနဲ့ အ၀တ်လျှော်ပြီးလေထဲမှာ
အခြောက်ခံပါ။ အစွန်းအထင်းရှိနေရင်လည်း ရှာလကာရည်နဲ့ဖျက်ပါ။
(၁၀) လက်ကိုင်ဖုန်း (Cell Phone) ကြောင့် အန္တရာယ်မရှိအောင်
လက်ကိုင်ဖုန်းကို စကားတိုတိုပြောဖို့ ဒါမှမဟုတ် Message ပို့ဖို့သာ
အသုံးပြုပါ။ ဒါမှမဟုတ်ရင်လည်း နားကျပ်တပ်ဆင်ပြီးပြောပါ။ လေ့လာမှုတွေအရ
လက်ကိုင်ဖုန်း အသုံးပြုသူတွေ ဟာ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေများတယ် လို့
တွေ့ရှိထားပါတယ်။
(၁၁) နေလောင်ဒဏ်ကိုအရောင်နဲ့ ကာကွယ်ပါ
သင်အိမ်ပြင်ကိုထွက်ရင် အရောင် ရွေးပြီး ၀တ်ဆင်တာဟာ အရေပြားကင်ဆာကို
ကာကွယ်နိုင်ပါတယ်လို့ စပိန်မှသိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အပြာရောင်နဲ့
အနီရောင်အ၀တ် တွေဟာ အ၀ါရောင်နဲ့ အဖြူရောင်အ၀တ်တွေထက် နေရောင်ခြည်ရဲ့ UV
rays ဒဏ် သိသိသာသာပိုမိုကာကွယ်နိုင်တယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။
ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မှဲ့ကင်ဆာဟာ နေရောင်ခြည်နဲ့
တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ ပိုဖြစ်နိုင်လို့ပါ။ ဦးခေါင်း
ဒါမှမဟုတ်လည်ပင်းမှာ မှဲ့ကင်ဆာရှိသူတွေဟာ အခြားနေရာမှာရှိသူတွေထက်
သေဆုံးနှုန်းနှစ်ဆပိုများတယ်လို့ North Caro-lina တက္ကသိုလ်က သုတေသီတွေ
တွေ့ရှိခဲ့ပါတယ်။
(၁၂) သန့်ရှင်းတဲ့အစာစားပါ
ပဋိဇီဝဆေးနဲ့ ဟော်မုန်းဆေးအသုံးမပြုတဲ့ အသားတွေသာ ၀ယ်စားပါလို့
ကင်ဆာအသင်းဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး အသုံးမပြုထားတဲ့
ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေ အသုံးပြပါ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ပေါ်
ပိုးသတ်ဆေး အကြွင်းအကျန်တွေ ကုန်စင်အောင် ဆေးကြောပြီးမှ အသုံးပြပါ။
မုန်ညှင်း၊ စတော်ဘယ်ရီ၊ ပန်းသီး၊ မက်မွန်သီးနဲ့ Blueberries တွေမှာ
ပိုးသတ်ဆေး အများဆုံးဖျန်းထားတတ်ပါတယ်။ ပိုးသတ်ဆေးမှာ
ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းအမျိုးပေါင်း ၄၀ ကျော်ပါဝင်တာမို့
ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ကြိုးစားပါ။
(၁၃) သင့်သားမြတ်သိပ်သည်းဆကို မေးမြန်းပါ
သင်သားမြတ်ကို Mammogram ရိုက်ကြည့်ရင် သားမြတ်သိပ်သည်းဆ
ဘယ်လောက်ရှိသလဲဆိုတာကို မေးကြည့်ပါ။ သားမြတ်သိပ်သည်းဆ ၇၅ ရာခိုင်နှုန်း
ဒါမှမဟုတ် ဒါထက်များသူတွေဟာသိပ်သည်းဆနည်းသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ
လေးဆမှ ငါးဆခန့်ပိုများပါတယ်။ သားမြတ်သိပ်သည်းဆများတာဟာ
အီစထရိုဂျင်အဆင့်တွေ များတာကြောင့် ဖြစ်တာမို့ လေ့ကျင့်ခန်းပြုလုပ်ဖို့
အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှ အဆီ Cell တွေ ကျုံ့သွားတာကြောင့်
ကင်ဆာဖြစ်နိုင်တဲ့ Cell တွေ နည်းသွားနိုင်ပါတယ်။
(၁၄)ကင်ဆာတွန်းလှန်နိုင်တဲ့အစွမ်း ပိုမိုရရှိအောင်
သင်ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအမျိုးစုံကို
များများစားမယ်ဆိုရင်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိမှာပါ။
မှန်ပါတယ်။ အချို့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို
လက်တစ်ဆုပ်စာစားရုံနဲ့ ကင်ဆာကို တွန်းလှန်နိုင်တဲ့
အာဟာရဓာတ်တွေရရှိစေနိုင်တယ်ဆိုတာ ၂၀၁၀ ပြည့်နှစ်အတွင်း လေ့လာ စမ်းသပ်မှု
တွေအရ သိရပါတယ်။ ကင်ဆာရောဂါကို အကောင်းဆုံးတွန်းလှန်နိုင်တဲ့အာဟာရဓာတ်နဲ့
အစားအစာတွေကိုရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဒေါက်တာခင်မိုးမိုး

17‏/6‏/2011

AIDS အကြေင်းပွင့်ပွင့်လင်းလင်းပြောကြမယ်

ယနေ့ကမ္ဘာပေါ်မှာ ကုရာနတ္လိဆေးမရှိသေးတဲ့ ရောဂါဆိုးကြီးကတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS ) ပဲဖြစ်ပါတယ် ။နိုင်ငံအသီးသီး ၊ လူတန်းစားအလွှာအသီးသီး ကြားမှာ အရှိန်အဟုန်နဲ့ ဒုက္ခပေးနေပါတယ် ။ လူကြီး ၊ လူငယ် ၊ ကျား ၊ မ မရွေး ခံစားရနိုင်တဲ့ ရောဂါလဲဖြစ်ပါတယ် ။
 AIDS ကြောင့်ကျရတဲ့မျက်ရည်တွေ ၊ ငိုကြွေးသံတွေဟာ ကမ္ဘာတ၀န်းလုံး ရိုက်ခတ်နေပါပြီ ။အချိန်မတန်ဘဲ ကြွေလွင့်ခဲ့ရတဲ့ ဘ၀ပေါင်းများစွာလည်း ပျက်သုဉ်းခဲ့ရပါပြီ ။ 1995ခုနှစ်ကုန်ပိုင်းလေ့လာချက်များအရ အရွယ်ရောက်သူပေါင်း ၁၉ မီလီယန် နှင့် ကလေးငယ်ပေါင်း ၂ မီလီယန်ဟာ ရောဂါကူးစက်ခံနေရပါတယ်။ ဆက်လက်ပြီးလည်း အသက်တွေကို ချွေဖျက်ဖို့ အသင့်ရှိနေဆဲပါ ။ ဒါကြောင့် လူတိုင်းလူတိုင်း ကျန်းမာရေး အသိရှိစွာ
ဖြင့် ဒီရောဂါဆိုးကြီးကို ကာကွယ်ရမှာဖြစ်ပါတယ် ။ ကုသဖို့ဆေးမရှိသောရောဂါဖြစ်သဖြင့် ကြိုတင်ကာကွယ်ခြင်းဖြင့်သာ တွန်းလှန်နိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် ဒီခုခံအားကျဆင်းမှုရောဂါနှင့်ပက်သက်သော ကျန်းမာရေးအသိလူတိုင်းမှာ ရှိရမှာဖြစ်ပါတယ် ။

ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS )ဆိုတာ ဘာလဲ
ခုခံအားကျဆင်းမှုကူးစက်ရောဂါ ( AIDS ) ကို Acquired Immuno Deficiency Syndrome လို့ခေါ်ပါတယ် ။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ်ခံအား
( Immune ) ကျဆင်းမှုကြောင့် ၀င်ရောက်လာသော ရောဂါလက္ခဏာများကို စုစည်းထားသော ရောဂါလက္ခဏာစု ( Syndrome ) လို့ မှတ်သားနိုင်ပါတယ် ။ ဒီလိုရောဂါလက္ခဏာစုကိုဖြစ်စေတာကတော့ ( HIV ) ဗိုင်းရပ်စ်ပိုးပဲဖြစ်ပါတယ် ။


( HIV virus )
HIV ဆိုတာ Human Immunodeficiency Virus ( Retro virus ) ဖြစ်ပါတယ် ။ တစ်ခါတစ်ရံမှာ HIV နဲ့ AIDS ကွဲပြားစွာ မသိတာမျိုးကိုလည်းတွေ့ရပါတယ် ။ HIV ဆိုတဲ့ ရောဂါပိုးကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ AIDS ဖြစ်တယ်လို့ အလွယ်တကူမှတ်သားနိုင်ပါ
တယ် ။

ခုခံအားကျဆင်းမှုရောဂါသမိုင်းကြောင်း
ခုခံအားကျဆင်းမှုရောဂါကူးစက်ခြင်းကို စတင်တွေ့ရှိခဲ့တာကတော့ ၁၉၈၁ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ( Centers for Disease Control and prevention - CDC ) က စတင် သတိပြုမိခဲ့ပါတယ် ။
လော့စ်အိန်ဂျယ်လိ ( Los Angeles) မြို့ မှာရှိတဲ့ လိင်တူဆက်ဆံသူ ( homosexual ) အမျိုးသား ၅ ယောက်တွင် နူမိုစစ်စတစ် နမိုးနီးယား (Pneumocystis Pneumonia) ရောဂါ ဖြစ်ပွါးမှုပေါ်မှာမူတည်ပြီး သတိပြုမိခဲ့ခြင်းဖြစ်ပါတယ် ။ GRID ( Gay Related Immune Deficiency ) လို့အစပိုင်းမှာအမည်ပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ ရောဂါခံစားရသူတွေရဲ့ တစ်ဝက်လောက်ဟာ လိင်တူဆက်ဆံသူတွေမဟုတ်ဘူးဆိုတာသိလာပါတယ်။ ၁၉၈၂ ခုနှစ်မှာ AIDS လို့အမည်ပြောင်းလဲဖို့ ( CDC ) က အဆိုပြုခဲ့ပါတယ် ။

၁၉၈၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံတွင် Luc Montagnier ဦးဆောင်တဲ့သိပ္ပံ ပညာရှင်များအဖွဲ့ က AIDS ရောဂါဖြစ်ပွါးစေတဲ့ virus ပိုးကို စတင်တွေ့ရှိခဲ့ပါ
တယ် ။ Lymphadenopathy-associated Virus ( LAV ) လို့ခေါ်ခဲ့ကြပါတယ် ။ တစ်နှစ်ကြာသောအခါ အမေရိကန်နိုင်ငံမှာရှိတဲ့ Robert Gallo ဦးဆောင်တဲ့ အဖွဲ့ က (Human T lymphotropic Virus type 3 ) လို့အမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ( HIV ) လို့ အမည်အတည်တကျသတ်မှတ်ခဲ့ပါတယ် ။

HIV ဟာ အမျိုးအစားအားဖြင့် HIV-1 နှင့် HIV2 ဆိုပြီး နှစ်မျိုးနှစ်စားရှီပါတယ် ။ ဒီဗိုင်းရပ်စ်ပိုးတွေဟာ နှစ်ဆယ်ရာစုအတွင်း တောင်ကင်မရွန်းမှာရှိတဲ့ ချင်ပန်ဇီမျောက်များမှ လူတွေဆီကို ကူးစက်လာတယ်လို့ ယူဆကြပါတယ် ။ HIV-1 ပိုးဟာ ပိုပြင်းထန်ပြီး အခုသိနေတဲ့ AIDS ရောဂါကိုအဓိကဖြစ်စေ
တဲ့ ပိုးဖြစ်ပါတယ် ။

HIV ပိုးရှိသောနေရာများ
HIV ပိုးဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့
၁) သွေး
၂) မျက်ရည်
၃) တံတွေး
၎) နို့ရည်
၅) သုတ်ရည်
၆) မအင်္ဂါမှထွက်သောအရည်
များတွင်ရှိနေတတ်ပါတယ် ။ သို့သော် သွေးနှင့် သွေးထွက်ပစ္စည်းများ ၊ လိင်အင်္ဂါမှ ထွက်သောအရည်များမှတဆင့်သာ ကူးစက်ပါတယ် ။

ကူးစက်မှု နည်းလမ်းများ
၁) လိင်မှတဆင့်ကူးဆက်ခြင်း
ခုခံအားကျဆင်းမှုရောဂါ အဓိက ကူးစက်သောနည်းလမ်းဖြစ်ပါတယ် ။ ကာကွယ်မှုအရှိဘဲလိင်ဆက်ဆံခြင်းဖြင့်( unprotected sexual relation ) ရောဂါခံစားသူမှတစ်ဆင့် အခြားတစ်ယောက်ဆီကို ကူးစက်ပါတယ် ။

၂) သွေး နှင့် သွေးထွက်ပစ္စည်းများမှတဆင့် ကူးစက်ခြင်း
အောက်ပါအခြေအနေများမှတဆင့် ကူးစက်တတ်ပါတယ် -
- ရောပါပိုးပါသောသွေးသွင်းခြင်း ။
- မူးယစ်ဆေးသုံးဆွဲသူများ ။
- ဆေးထိုးအပ်များမှတဆင့်ကူးစက်ခြင်း ။
- ဆေးရုံ ၊ ဆေးခန်းများတွင် ဆရာဝန်များ ၊ သူနာပြုများ ၊ ဓါတ်ခွဲခန်းများတွင် မတော်တဆ ရောဂါပိုးပါသော သွေးများ ၊ ဆေးထိုးအပ်များဖြင့်
ထိခိုက်မိခြင်း ။
- နားဖောက်ခြင်း ၊ ဆေးမင်ကြောင်ထိုးခြင်း ၊ နှင့် ရောဂါပိုးပါသော ပစ္စည်းများမှ တဆင့် ကူးစက်ခြင်း ။

၃) မိခင်မှ ရင်သွေးသို့ ကူးစက်ခြင်း ( Mother to child transmission -MTCT )
ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် မီးဖွားစဉ်ကာလများအတွင်း မိခင်မှ ရင်သွေးငယ်သို့ ကူးစက်တတ်ပါတယ် ။မိခင်နို့ရည်မှတဆင့်လည်းကူးစက်တတ
်ပါတယ် ။

မကူးစက်နိုင်သောနည်းလမ်းများ
အောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ ။
၁) ဆီး ၊ ၀မ်း ၊ ချွေး နှင့် တံတွေးများတွင် ဗိုင်းရပ်စ်ပိုးပါဝင်မှုမှာ နည်းပါးသောကြောင့် ၎င်းတို့မှတဆင့် ကူးစက်မှုကိုမတွေ့ရပါ ။
၂) ခြင် ၊ ကြမ်းပိုးများ ကိုက်ခြင်းမှ တဆင့် မကူးစက်နိုင်ပါ ။
၃) ရောဂါပိုးရှိသူနှင့် အတူတူအိပ်ခြင်း ၊ အတူတူစားခြင်း ၊ အတူတူရေကူးခြင်း ၊ မျက်နှာသုတ်ပ၀ါအစရှိသည်တို့ကို အတူသုံးခြင်း ၊ ထိတွေ့ကိုင်တွယ
်ခြင်း တို့ဖြင့် မကူးစက်နိုင်ပါ ။
၎) တယ်လီဖုန်းများ ၊ အိမ်သာများ ၊ တံခါးလက်ကိုင်များကို အတူတကွအသုံးပြုခြင်းဖြင့်လည်း မကူးစက်နိုင်ပါ ။

AIDS နှင့် ခုခံအားစနစ် ( Immune System)
ကျွန်တော်တို့တွေဟာ နေ့စဉ် ရောဂါပေါင်းဆုံနဲ့ ထိတွေ့နေပေမယ့် အလွယ်တကူ ရောဂါမခံစားရတတ်ပါဘူး ။ အဲဒါဘာကြောင့်လဲ ဆိုတော့ ခန္ဓာ
ကိုယ်ရဲ့ ခုခံအားစနစ်ကြောင့်ပဲဖြစ်ပါတယ် ။ ခုခံအားစနစ်မှာ အရေးအကြီးဆုံးက CD4+ T ဆဲလ်တွေပဲဖြစ်ပါတယ် ။ ဒီဆဲလ်တွေဟာ ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ ရောဂါပိုးတွေကို ချေဖျက်ပေးပါတယ် ။ ကျန်းမာနေတဲ့ သာမန်လူတစ်ယောက်မှာ CD4+ Tဆဲလ်ဟာ 1,000 နှင့်အထက်ရှိပါတယ် ။ HIV ပိုးဟာ ကိုယ်ခန္ဓာထဲဝင်ရောက်သွားပြီဆိုရင် CD4+T ဆဲလ်တွေကို အဓိက တိုက်ဖျက်ပါတယ် ။ အဲဒီလို CD4+ T
ဆဲလ်တွေ ပျက်ဆီးသွားတာနဲ့ အမျှ ကိုယ်ခံအားစနစ်မှလဲ အင်အားနည်းသွားပါတယ် ။ ကိုယ်ခံအားစနစ်အားနည်းသွားတာနဲ့ သာမန်အခြေအနေမှာ ခုခံနိုင်သော ရောဂါများကိုပင် မခုခံနိုင်တော့ပေ ။ ထိုအခါ အခြားရောဂါပိုးများပါ ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး ရောဂါပေါင်းစုံကို တစ်စုတစ်ဝေးတည်းခံစားရပါတယ် ။ ဒါကြောင့် ရောဂါလက္ခဏာစု (Syndrome ) လို့ အမည်ပေးခြင်းဖြစ်ပါတယ် ။

ဘယ်အချိန်မှာ ရောဂါလက္ခဏာတွေကို စတင်ခံစားရမလဲ
CD4+T ဆဲလ်အရေအတွက်ဟာ 200 အောက်ရောက်သွားပြီဆိုရင်တော့ ရောဂါလက္ခဏာတွေကို စတင်ခံစားရပါတယ် ။ တစ်ခါတစ်ရံမှာရောဂါလက္ခဏာပြဖို့ ၉ နှစ်မှ ၁၀ နှစ်ထိကြာတတ်ပါတယ် ။ အဲဒီလိုကာလကြာရှည်စွာ လက္ခဏာမပြဘဲနေတဲ့ကာလကို Window
period လို့ခေါ်ပါတယ် ။

ခုခံအားကျသောအခါ ၀င်ရောက်လာတတ်သော ဆင့်ပွါးရောဂါများ ( opportunistic infections )
၁) တီဘီရောဂါ ( tuberculosis )
၂) ဆစ်ဖလစ် ( syphilis )
၃) မှိုကြောင့်ဖြစ်သောရောဂါများ (eg . candidiasis )
၎) ကင်ဆာရောဂါများ ( eg. Kaposi's sarcoma )
၅) နမိုးနီယား ( Pneumonia )
၆) အသည်းရောင်ရောဂါ ( Hepatitis )
ရ) ရေယုန် ( Herpes simplex and zoster )
၈) ငှက်ဖျားရောဂါ ( Malaria )
ဒါတွေကတော့ အဖြစ်များတဲ့ ရောဂါအနည်းငယ်ပါ ။ အခြားရောဂါတွေအများကြီးရှိပါသေးတယ် ။
ရောဂါလက္ခဏာများ
HIV ရောဂါပိုးကူးစက်ခံရသူများရဲ့ ၅၀-၉၀ ရာခိုင်နှုန်းဟာ ရောဂါပိုးဝင်ရောက်ပြီး ရက်ပိုင်း ( သို့ ) ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရောဂါရဲ့ တိုက်ခိုက်ခြင်းကို စတင်ခံစားလာရပါတယ်။ အစပိုင်းမှာ တုပ်ကွေးရောဂါကဲ့သို့ လက္ခဏာများကိုခံစား ရပြီး ၂ ပါတ်ခန့်ကြာရှည်တတ်ပါတယ် ။ ထိုသို့အစောပိုင်းခံစားရမှုကို မူလအဆင့် ရောဂါ (primary or acute HIV infection) လို့ခေါ်ပါတယ်။ဒီအဆင့်မှာ ကူးစက်ခံဝေဒနာရှင်မှတဆင့် အခြားတစ်ယောက်ဆီကို ကူးစက်ဖို့အတွက် အကောင်းဆုံးအခြေအနေပဲဖြစ်ပါတယ် ။

ခံစားရတတ်တဲ့ လက္ခဏာတွေကတော့ -
၁) အဖျားတက်ခြင်း ။
၂) အဆစ်များနှင့် ကြွက်သားများ နာကြင်ခြင်း ။
၃) လင့်အကျိတ်များ(lymph nodes)ယောင်ရမ်းခြင်း ။ အထူးသဖြင့် လည်ပင်းအကျိတ်များယောင်တတ်ပါတယ် ။ နာကျင်မှုမရှိပါ ။

ဒီလက္ခဏာတွေဟာ ၂ ပါတ်လောက်ကြာရှည်တတ်ပါတယ် ။ အချို့သော ဝေဒနာရှင်တွေဟာ မိမိတို့မှာ ရောဂါဝင်ရောက်ကူးစက်ခံနေရတယ်ဆိုတာကိုတောင် မသိကြပါဘူး ။ နောက်ပိုင်းမှာ ရောဂါလက္ခဏာမပြဘဲ ကာလကြာရှည်စွာ ရှိနေတတ်ပါတယ် ။
 ၉ -၁၀ နှစ်လောက်ထိတောင်ကြာတတ်ပါတယ် ။ ဒီကာလကို ဟာကွက် ( Window Period ) လို့ခေါ်ပါတယ် ။

အဓိကလက္ခဏာများ
၁) ကြာရှည်စွာ အဖျားတက်ခြင်း ။
၂)ကိုယ်အလေးချိန်လွန်စွာကျဆင်းခြင်း။ တစ်လအတွင်း ရှိရင်းကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်း လောက်ထိကို ကျဆင်းသွားတတ်ပါတယ် ။
၃) ၀မ်းပျက်ဝမ်းလျှောခြင်း ။
၎) အခြား လက္ခဏာများ
- အရေပြားနှင့် အစာလမ်းကြောင်းတစ်လျှောက် အနာများဖြစ်ခြင်း ။
- အရေပြားတွင် အနီစက်များထွက်လာခြင်း ။
- အစားအသောက်ပျက်ခြင်း ။
- ချောင်းဆိုးခြင်း ။
- ရေယုန်များထွက်လာခြင်း ။
- လိင်အင်္ဂါများတွင် အနာများဖြစ်ခြင်း ။
- အသည်းရောင်ခြင်း ။
- ဘေလုံးကြီးခြင်း ။
- ပန်ကရိယ ( Pancreas ) ရောင်ခြင်း ။
- ဦးဏှောက်အမြှေးပါးရောင်ခြင်း ။
- ကင်ဆာရောဂါများ - ကာပိုးစီးစာကိုးမား ( Kaposi's sarcoma )
- အခြား ဆင့်ပွါးရောဂါများ ( Oppotunistic Infection ) ၏ လက္ခဏာများ ။

ကာကွယ်မှုနည်းလမ်းများ
ဒီရောဂါဟာ လိင်ဆက်ဆံခြင်းနှင့် သွေးမှတဆင့် ကူးစက်တတ်သောကြောင့် အောက်ပါနည်းလမ်းများကို သတိပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ် ။
၁) အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှ ရှောင်ရှားခြင်း ။ ( condom ) အသုံးပြုပါ ။
၂) အပျော်အပါးလိုက်စားခြင်းကို ရှောင်ရှားခြင်း ။ ( avoid having sex with CSW - commercial sex workers )
Free Image Hosting at allyoucanupload.com
၃) သွားပွတ်တံ ၊ မုတ်ဆိတ်ရိတ်ဓါးများကို အတူတကွ လက်ဆင့်ကမ်း အသုံးပြုခြင်းမှ ရှောင်ရှားခြင်း ။
၎) ဆေးမင်ကြောင်ထိုးခြင်းမှ ရှောင်ရှားခြင်း ။ နားဖောက်ရာတွင် တစ်ခါသုံးအပ်များကို အသုံးပြုခြင်း ။
၅)တစ်ခါသုံးဆေးထိုးအပ်များကိုအသုံးပြုခြင်း ။
၆)သွေးမသွင်းမီHIV ပိုးစစ်ဆေးခြင်း ။
၇) ခွဲစိတ်ခန်းသုံး ကရိယာများကို စနစ်တကျ ပိုးသတ်ခြင်း ။
၈) မူးယစ်ဆေးသုံးစွဲခြင်းမှ ရှောင်ရှားခြင်း ။

ကုသခြင်း
AIDS ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်သော ဆေးမရှိသေးပါ ။ မျက်မှောက်ကာလတွင် အသုံးပြုနေသော ဆေးများစွာရှိသော်လည်း
ထိုဆေးများမှာ ဗိုင်းရပ်စ်ပိုးပေါက်ဖွားမှုကို လျှော့ချပေးခြင်း ၊ ကိုယ်ခံအားကို မြင့်မားအောင်မြှင့်တင်ပေးခြင်း ၊ ဆင့်ပွါးရောဂါများကို တားဆီးပေးခြင်းများကိုသာ ဆောင်ရွက်ပေးနိုင်ပါတယ် ။ ဒါကြောင့် မို့လို့ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုမိုကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။

ရင်သွေးငယ်များနှင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ
ယနေ့ ကမ္ဘာပေါ်မှာ နှစ်စဉ်ကလေးငယ်ပေါင်း ၃၈၀ ၀၀၀ ဟာ ခုခံအားကျဆင်းမှုရောဂါကြောင့်သေဆုံးနေရပါတယ် ။ ကိုယ်ဝန်ဆောင်စဉ် ၊ မီးဖွားစဉ်နှင့် နို့ဆို့ကလေးငယ်များတွင် ရောဂါပိုးရှိသော မိခင်မှတဆင့် ရောဂါကူးစက်ခံရပါတယ် ။ ကာကွယ်ကုသမှုများမလုပ်လျှင် သက္ကရာဇ် ၂၀၁၀ တွင် ကလေးငယ်ပေါင်း တစ်သန်းကျော်ဟာ ဒီရောဂါကြောင့်သေဆုံးလိမ့်မယ်လို့ ခန့်မှန်းကြပါတယ် ။

မိခင်မှ ရင်သွေးသို့ရောဂါကူးစက် နိုင်ပါသလား
ကာကွယ်လို့ရပါတယ် ။ ရောဂါပိုးရှိသော မိခင်မှ ရင်သွေးသို့ ကိုယ်ဝန်ဆောင်စဉ် ၊ မွေးဖွားစဉ်နဲ့ နို့တိုက်ကျွေးခြင်းများမှတဆင့် ကူးစက်နိုင်ပါတယ် ။ ဒါကြောင့် မိခင်တွင် ရောဂါပိုးရှိပါက HIV ဗိုင်းရပ်စ်ကို ကာကွယ်သော ဆေးဝါးများသုံးစွဲခြင်း ၊ ရင်သွေးငယ်များကို မိခင်နို့မတိုက်ဘဲ နို့မှုန့် ( formula ) တိုက်ခြင်း ဖြင့် ကာကွယ်နိုင်ပါတယ် ။ထိုသို့ဆောင်ရွက်ခြင်းကို မိခင်မှ ကလေးသို့ ကူးစက်မှုကာကွယ်ခြင်း ( prevention of mother-to-child transmission - PMTCT) လို့ခေါ်ပါတယ် ။ထိုသို့မကာကွယ်ပါက ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေး ၃ ယောက်တွင် ၁ ယောက်မှာ ရောဂါခံစားရမှာဖြစ်ပါတယ်

ဘယ်လောက်ထိရောက်စွာကာကွယ်နိုင်လဲ
ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရောဂါပိုးရှိသော မိခင်တိုင်း PMTCT ကို ဆောင်ရွက်ကြသဖြင့် မိခင်မှ ကလေးသို့ ကူးစက်မှု နှုန်းမှာ ၂ ရာခိုင်နှုန်းအောက်ကို ရောက်ရှိလာပါတယ် ။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှာတော့ ဒီကာကွယ်ခြင်းကို ကျယ်ပြန့်စွာ မလုပ်ဆောင်နိုင်သေးတဲ့အတွက် ရောဂါကူးစက်မှု နှုန်းမှာ ဆက်လက်မြင့်မားနေဆဲဖြစ်ပါတယ် ။

ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါနေ့ ( World AIDS Day )
နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ ခုခံအားကျဆင်းမှုရောဂါနေ့ အဖြစ်သတ်မှတ်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ၁၉၈၈ ခုနှစ်ကစတင်ပြီး အရှိန်အဟုန်မြှင့်ပြီးဆောင်ရွက်လာပါတယ် ။ ၂၀၀၇ အတွက် Theme ကတော့ Stop AIDS, Keep The Promise-Leadership ဖြစ်ပါတယ် ။

အနီရောင် ဖဲပြားလေး ( Red Ribbon )
Photo Sharing and Video Hosting at Photobucket
AIDS ရောဂါကာကွယ်ရေးလှုပ်ရှားမှုများနှင့် ရောဂါဝေဒနာရှင်များအတွက် အမှတ်အသားအဖြစ် ဒီအနီရောင်ဖဲပြားလေးကို သတ်မှတ်ခဲ့ကြပါတယ် ။

အရှေ့ တောင်အာရှ မှ ခုခံအားကျဆင်းမှုကူးစက်ရောဂါ
WHO ရဲ့ သတ်မှတ်ချက်အရ အရှေ့တောင်အာရှဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး HIV ပိုးတွေ့ရှိရတဲ့ ဒေသဖြစ်ပါတယ် ။အဓီက အဖြစ်အများဆုံးနိုင်ငံတွေကတော့ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ မြန်မာ ၊ နီပေါ ၊ ထိုင်း နိုင်ငံ တို့ပဲဖြစ်ပါတယ်။ အရှေ့တောင်အာရှတွင် ပထမဆုံးရောဂါပိုးစတင်တွေ့ရှိခဲ့တာကတော့ ၁၉၈၄ ခုနှစ်က ထိုင်းနိုင်ငံမှာစတင်တွေ့ခဲ့တာဖြစ်ပါတယ် ။

By အချစ်နတ်ဆိုး (xmyanmarx)

8‏/4‏/2011

အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ

Percent Daily Value

ပျိုမေတို့ အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ super market တွေထဲက စားစရာအတော်များများမှာ ပါဝင်တဲ့ အာဟာရရဲ့ ပမာဏကိုဖြစ်စေ၊ percent Daily value ကို ဖြစ်စေ ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ percent Daily value ဆိုတာကတော့ လူတယောက်တနေ့တာမှာ စားသုံးသင့်တဲ့ စံပြပမာဏရဲ့ ရာခိုင်နှုန်းကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အစားအစာ တစ်ခုမှာ ဗိုက်တာမင်စီ percent Daily value (%DV) ၂၀ % ပါဝင်တယ်လို့ ရေးထားတဲ့အခါ အဲဒီ အစား အစာကို သတ်မှတ်ထားတဲ့ ပမာဏ စားသုံးတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဗိုက်တာမင်စီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို အခြားသော အစားအစာများစားသုံးခြင်းဖြင့် ဖြည့်ဆည်းယူရမှာဖြစ်ပါတယ်။ percent Daily value ကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူများအတွက် တစ်နေ့တာ လိုအပ်ချက် ကယ်လိုရီ ၂၀၀၀ အားဖြင့် တွက်ချက်ထားတာဖြစ်ပါတယ်။




တစ်နေ့တာမှာ စားသုံးသင့်တဲ့ အာဟာရနဲ့ အဲဒါတွေရဲ့ ပမာဏကို သိချင်လျှင်တော့ အောက်ပါ ဇယားမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။


အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။


Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004

Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ;

Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284.



မွန်းသက်ပန် (ဆေး ၁)

Mobile Phone နဲ့ ပတ်သက်ပြီး....



ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။


Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။

ဦးနှောက်ကင်ဆာကို တွေ့မြင်ရပုံ

ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ
အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့် လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။

ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင် အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
San Francisco တွင်လည်း အလားတူ ဥပဒေမျိုးကို နောက်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။

အမေရိကန်ရှိ ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။ ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။
စိုးရိမ်သူတွေရဲ့ ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။

ဒီသတင်းကတော့ AP သတင်းက ဖော်ပြသွားတာပါ။ ကျွန်တော့်အမြင်က တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခင်မှာ အယုံမလွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်၊ လူသုံးကုန် နှင့် ဆေးဝါး company တွေဟာ ယုံကြည်လို့ မရပါဘူး။ သူတို့က သူတို့ ပစ္စည်းရောင်းရဖို့ အတွက်ကို ပဲ စောင်းပေးပြီး သုတေသနပြုကြတာ။ ငွေကြေးထောက်ပံ့ရင်လည်း သူတို့နဲ့ ပလဲနံမ သင့်တဲ့ သုတေသီတွေကိုပဲ ထောက်ပံ့တာ။ အဲဒီတော့ ရလာတဲ့ ရလဒ်တွေကလည်း သူတို့ လိုချင်တာတွေပဲ ဖြစ်တတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်ဆေးလိပ် company ကများ သူတို့ ဆေးလိပ်သောက်ရင် အသက်တိုမယ်လို့ တရားဝင်သုတေသန ပြုထားလို့လဲ။ ဘာရောဂါမှ မဖြစ်ဘူးဆိုပြီးပဲ ငြင်းတာ။ နောက်ဆုံး ဘယ်လိုမှ ငြင်းလို့မရလို့သာ ဆေးလိပ်ဘူးတွေမှာ warming message တွေ ထည့်ပေးတာ။

အဲဒီတော့ ဖုန်းတွေကို အသုံးပြုမယ်ဆိုရင် တတ်နိုင်ပါက hand free နဲ့ သုံးစေချင်တယ်။ bluetooth ကိုပြောတာ မဟုတ်ဘူး။ ကြိုးနဲ့ handfree ကိုပြောတာ။ bluetooth လောက်တော့ စတိုင်မမိဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကင်ဆာ အဖြစ်ခံပြီးတော့ စတိုင်ထွားလောက်အောင်တော့ မမိုက်စေချင်ဘူး။ ကျွန်တော်ဆိုရင် ဖုန်းကို ခေါင်းနားကို ကပ်ကို ကပ်လို့ မရဘူး။ တစ်မိနစ် ကျော်လာရင်ခေါင်းကိုက်လို့။ handfree ကို အမြဲတမ်းဆောင်ထားရတယ်။ ကင်ဆာဖြစ်မှာ ကြောက်တာလဲ ပါတယ်။ ညအိပ်ရင်လည်း power off ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားတာ ကောင်းတယ်။ ခေါင်းအုံးဘေးမှာ မထားအိပ်သင့်ဘူး။ သူ့ဆီက ဘာရောင်ခြည်တွေထွက်တာဆိုတာ ကိုယ်မှ သေချာမသိသေးတာ။ သတိထားတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။


နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။ အဲဒီအချက်တွေကတော့ ဖုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် ဖော်ပြထားတာပါ။ စာဖတ်သူအနေနဲ့ အခြားအချက်တွေကို သိလို့ ရှိရင်လည်း comment မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုပါတယ်။


အပူဓာတ် လွန်ကဲခြင်း


အပူဓါတ် အလွန်အမင်းများတဲ့အချိန်မှာ ကျန်းမာနေသူများနှင့် မကျန်းမာသူများ အတတ်နိုင်ဆုံး ပြုမူကျင့်ကြံနေထိုင်နိုင်ရန် အကြံပြုချက် တချို့ဖြစ်ပါတယ်။ ကျန်းမာနေသူတယောက် နေထိုင်ရန် လိုအပ်ချက်က အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို ပြန်ထည့်ထားလိုက်ပြီး အပူဓါတ်ကြောင့် ပြဿနာရင်ဆိုင်နေရသူများအတွက် အကြံဥာဏ်က နယူးဆောက်ဝေးပြည်နယ် TAFE (Technical and Further Study) မှ ထုတ်ဝေတဲ့ ရှေးဦးသူနာ ပြုစုနည်းစာအုပ်ထဲက ကောက်နှုတ်ဖေါ်ပြထားပါတယ်။ ကမ္ဘာမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံက အပူချိန်ကို ဖါရင်ဟိုက်ဒီဂရီနဲ့ပဲ သုံးတယ် ဆင်တီဂရိတ်ဒီဂရီကို မသုံးဘူးဆိုတာ သိထားပြီး ကျွန်မကိုးကားတဲ့ စာအုပ်က သြစကြေးလျားက ဖြစ်နေတော့ အစပထမမှာ ဒီဂရီကို စင်တီဂရိတ်နဲ့ပဲ ဖေါ်ပြထားပါတယ်။ မြန်မာပြည်က စာဖတ်သူတွေသိအောင် ပြန်တွက်ဖို့ကလည်း တွက်ချက်နည်း မေ့နေလို့ အပူချိန် ဆင်တီဂရိတ်ကနေ ဖါရင်ဟိုက်ပြောင်းတဲ့ ပုံသေနည်းကို စာဖတ်သူများဆီက အကူအညီတောင်းပြီး စာဖတ်သူများက C-B0x နဲ့ မှတ်ချက်မှာ ထည့်ပေးခဲ့တဲ့ တွက်နည်းအတိုင်း တွက်ပြီး ဖါရင်ဟိုက်ဒီဂရီကို ပြန်ဖြည့်ထားပေးပါတယ်။ အပူချိန်ဒီဂရီ ပြောင်းနည်း ထည့်ထားပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။




အပူဓါတ်လွန်ကဲမှုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်နေသူများအတွက် အကြံပြုချက်

အပူဓတ်လွန်ကဲခြင်းကို Hyperthermia လို့ ခေါ်ကြပါတယ်။ ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် များပြားလာခြင်းကြောင့် Heat exhaustion နှင့် Heat Stroke ဟူ၍ အဓိကပြဿနာ နှစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ လူတယောက်ရဲ့ ခန္ဓာကိုယ် သာမန်အပူချိန်က ဒီဂရီ ၃၆-၃၇ (တချို့သူတွက် 37.5 ) (C) စင်တီဂရိတ်၊ ၉၆.၈ - ၉၈.၆ (တချို့သူတွေအတွက် ၉၉.၅) (F) ဖါရင်ဟိုက် ဖြစ်ပြီး Heat Exhaustion ဖြစ်ပါက အပူချိန် ဒီဂရီ ၄၀ (C) စင်တီဂရိတ်၊ ၁၀၄ (F) ဖါရင်ဟိုက် နှင့် အထက်မှာ ရှိပါတယ်။ Heat Exhaustion ကို ပြင်းထန်တဲ့ ရာသီဥတု အပူချိန်ကြောင့်လည်းကောင်း၊ ပူသည့်အချိန်မှာ ကိုယ်လက်လှုပ်ရှားမှု များလွန်းခြင်းကြောင့်လည်းကောင်း ဖြစ်စေနိုင်ပါတယ်။ Heat stroke ကတော့ အပူချိန်လွန်ကဲခြင်း (သို့) တခြားအကြောင်းတခုခုကြောင့် ခန္ဓာကိုယ်အပူချိန် ရှိရာကနေ ပြန်မကျဘဲ တဖြည်းဖြည်းတက်လာပြီး ဆက်တိုက် အပူချိန် မြင့်တက်လာရင် ဖြစ်ပါတယ်။ ကိုယ်အပူချိန်ကို ပြန်ကျအောင် မလုပ်နိုင်ပါက Heat stroke က ဦးနှောက်ပျက်စီးခြင်း၊ ဘယ်တော့မှ ပြန်သတိမရနိုင်တဲ့ အထိသတိလစ်ခြင်း (coma)၊ နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ Heat exhaustion က ကလေးများနှင့် အသက်ကြီးရွယ်အိုများ၊ ရာသီဥတုနဲ့ မသင့်တော်သည့် အ၀တ်အစားများ ၀တ်ဆင်ခြင်း၊ ပူအိုက်လွန်းသော ရာသီဥတုရှိခြင်းကြောင့် အဖြစ်များပြီး Heat stroke က ကိုယ်အလေးချိန် များလွန်းခြင်း၊ အရက်ကိုအလွန်အမင်း သောက်သုံးခြင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ၊ ကျန်းမာရေး ချွတ်ယွင်းနေသူတွေမှာ အများဆုံး ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း မြန်မာပြည်မှာ လက်ရှိအခြေအနေမှာ အပူဓာတ် လွန်ကဲနေတဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေမှာတော့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဖြစ်လာရင် လူနာကို တခြားမိသားစုဝင်တွေက ဘယ်လိုကူညီရမယ်ဆိုတာကို သိထားသင့်ပါတယ်။
Heat exhaustion

Heat exhaustion လဏ္ခာများကတော့ ကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိခြင်း၊ အားအင်ကုန်ခမ်းပြီး အလွန်အမင်း ခေါင်းကိုက်ခြင်၊ ပျို့အန်ခြင်း၊ ရေဆာပြီး အစာအိမ်လှုပ်ရှားခြင်း (stomach cramps)၊ ခေါင်းမူးခြင်း၊ မေ့လဲခြင်း၊ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

အကူအညီပေးရန်

-ရှေးဦးသူနာ ပြုစုနည်းကို သိထားသူ ဖြစ်ပါက DRABC ကို မပြတ်စောင့်ကြည့်ရန်
- လူနာက ပူတဲ့နေရာမှာ ရှိနေပါက အေးတဲ့နေရာကို ရွှေ့ပေးရန်
- လူနာကို လဲလျောင်းနေစေရန်
-ကြပ်တဲ့ အ၀တ်အစားဝတ်ထားသူ ဖြစ်ပါက ဖြေလျော့ပေးရန်
-ရေအေးနဲ့ ရေပတ်တိုက်ပေးရန်၊
-ရေအေး (သို့) အအေးအရည်တခုခုပေးရန်
-အပူမကျမချင်း ရေပတ်တိုက်ပေးပြီး အနီးကပ်စောင့်ကြည့်ကာ အခြေအနေ မတိုးတက်လာဘဲ ပိုဆိုးလာပါက အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပို့ရန်လိုအပ်ပါတယ်။

Heat Stroke

Heat Stroke လက္ခဏာများကတော့ အထက်ပါ Heat exhaustion မှာ ပါရှိတဲ့ အချက်များအပြင် လူနာဟာ စိတ်ထွေပြားလာပြီး အမူအရာ ပြောင်းလာခြင်း၊ အမြင်မှုန်ဝါးလာခြင်း၊ သွေးခုန်နှုန်း သိသိသာသာပိုမြန်လာခြင်း၊ အရေပြား ခြောက်သွေ့ပူပြင်းခြင်း (ချွေးမထွက်တော့ပါ)၊ တက်ခြင်း၊ သတိလစ်ခြင်း ခန္ဓာကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် အထက်မှာပဲ ဆက်ရှိခြေင်း စသည့်အချက်များကို တွေ့ရမယ်။

အကူအညီပေးရန်

ချက်ချင်း၊ ဆေးရုံဆေးခန်း တင်ဖို့လိုပြီး ဆေးရုံဆေးခန်းနဲ့ ဆိုင်တဲ့ Ambulance staff, သူနာပြု၊ ဆရာဝန် စတဲ့ တယောက်ယောက်နဲ့ အတွေ့သေးခင်မှာ အောက်ပါအတိုင်း လိုက်နာပါ။

-ရှေးဦးသူနာ ပြုစုနည်းကို သိပါက DRABC အတိုင်း လုပ်ပါ။
-အတတ်နိုင်ဆုံး အေးတဲ့နေရာမှာ ထားပါ။
- သတိလစ်နေပါက Recovery position လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း ဖြောင့်အောင် လည်ပင်းကို ဘေးစောင်းထား၍ တခြမ်းမှောက်လျက် အနေထားနဲ့ ထားပါ။
- သွေးကြောကြီးများ တည်ရှိရာ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံတ၀ိုက်မှာ ရေခဲ (သို့) ရေအေးကိုအ၀တ်ဖြင့်သော်လည်းကောင်း အိတ်ဖြင့်သော်လည်းကောင်း တင်ပေးပါ။
-သတိလုံးဝ ရနေသေးရင် ရေအေး (သို့) အအေးအရည်တခုခု တိုက်ပါ (သတိလစ်ခြင်း (သို့) သတိရတချက်မရတချက် ဖြစ်နေချိန်မှာ မပေးရ)။

ကျန်းမာနေသူများအတွက် ကာကွယ်ရန် အကြံပြုချက်

လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုဓါတ်တွေ ဆုံးရှုံးပါတယ်။ ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါ အမျိုးမျိုးရဖို့ သိပ်ကိုလွယ်ပါတယ်။ ၀မ်းလျှော၊ ၀မ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ အစာရေစာ လုံလောကမျှတဖို့ ဆိုတဲ့နေရာမှာ ပုံမှန်ကျန်းမာရေးကို ထိန်းသိမ်းတဲ့ အာဟာရနဲ့ သတ္တုဓါတ်များ မချို့တဲ့စေရန်နှင့် ရေဓါတ်မခန်းခြောက်စေရန် ဟင်းသီးဟင်းရွက်နှင့် ရေကို များများသောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ (အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို အနည်းငယ် ဖြည့်စွက်ထားပါတယ်)။ ဒေါက်တာ ဇိဝကရဲ့ ရေအကျိုး ၁၀ ပါးကိုလည်း ဒီနေရာမှာ သွးဖတ်ပြီး လိုက်နာကျင့်သုံးပါက အပူဓါတ်လွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သည့် ဆက်ပွားအန္တရယ်များကို တစိတ်တဒေသ ကာကွယ်နိုင်ကြောင်း အကြံပြုပါတယ်။

မြန်မာပြည်သူများအားလုံး အပူလွန်ကဲခြင်းနှင့် ရေရှားပါးခြင်းမှ အမြန်ဆုံးလွန်မြောက်နိုင်ပါစေ။



Chemicals in our food



သိပ္ပံပညာ တိုးတက်လာသည်နှင့်အတူ အသုံးချဓာတုဗေဒ ပညာသည်လည်း အဆင့်မြင့်လာပါသည်။ မသိရှိသေးသော ဓာတုဒြပ်ပေါင်းအသစ်များကို သိရှိလာသလို လူလုပ် ဓာတုပစ္စည်းများ ဒြပ်ပေါင်းများလည်း ပေါ်ထွက်လာပါသည်။ လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ဓာတုဗေဒ ပစ္စည်းများကို အသုံးချကြသည်။ ရည်ရွယ်ချက်ကောင်းမွန်သည့် လူများရှိသလို မတရား လောဘ ဇောတိုက်ကာ အများအကျိုးကို မငဲ့ကွက်သောလူများလည်း ရှိကြသည်။ ဘာလိုချင်လဲ။ အပင်အကြီးမြန်ချင်လား၊ အသီးထွားစေချင်သလား၊ အရောင်လှစေချင်သလား၊  အရသာ ချိုချင်သလား၊ လိုရင်ပြောပါ။ အကုန်လုံးဖြစ်အောင် ဓာတုဗေဒ ဆေးဝါးများ အသုံးပြုပြီး ပြုလုပ်လို့ရပါတယ်။ ကျွန်တော်တို့ စားသောက်နေတဲ့ အစားအသောက်တွေ အသားငါးတွေဟာ ဓာတုဗေဒ ဒြပ်ပေါင်းတွေနဲ့ ကင်းလွတ်တာ မကျန်သလောက် ဖြစ်လာပါတယ်။ စာဖတ်သူအနေနဲ့ ပိုမိုမြင်လာအောင် ဥပမာအချို့ကို ဖော်ပြပေးပါမယ်။

ပြည်တွင်းဖြစ်
  • ရန်ကုန်က ကန်စွန်းခင်း အများစု ဟာ အရွက်တွေ အရိုးတွေ ကြီးထွားအောင် ဆိုပြီး ပုလဲ ဓာတ်မြေသြဇာဖြန်းကြပါတယ်။ ကန်စွန်းရွက်တွေကို ဘယ်လောက် ရေစင်အောင် ဆေးတယ်ပြောပြော ဓာတ်မြေသြဇာတွေကတော့ ကျန်မှာပါပဲ။ 
  • ရန်ကုန်မှာ နာနတ်သီးတွေဆိုရင် အ၀ါရောင်ရှိမှ ရောင်းတန်းလှတယ် ဆိုပြီး အစိမ်းရောင်အသီးကို အ၀ါရောင်ဖြစ်အောင် ဆိုးဆေးတွေ ဆိုးကြတယ်။ နာနတ်ခြံတွေထဲမှာကို ဆိုးတာပါ။ သစ်သီးအများစုက ဒီလိုပါပဲ။
  • မြန်မာပြည်က နေ ပြည်ပကို တင်ပို့တဲ့ အစားအသောက်ကုန်ကြမ်းတွေဆိုရင် ပြည်ပနိုင်ငံတွေက သိပ်မလိုချင်ကြပါဘူး။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှု များပြားတာကြောင့် ဖြစ်ပါတယ်။ ဟိုတလောက ဂျပန်နိုင်ငံကို တင်ပို့တဲ့ နှမ်းတွေ reject ထိတာ အဲဒီအကြောင်းပြချက်ကြောင့် ဖြစ်ပါတယ်။
  • ပြည်တွင်းက ကြက်မွေး နွားမွေးသော ခြံများတွင် တိရစ္ဆာန်များ ကြီးထွားနှုန်းတိုးစေရန် steroid ပါဝင်သော ဟော်မုန်းဆေးများ အပါအ၀င် အခြားဆေးများ ထိုးကြသည်။ ကျွေးသော အစားအသောက်များသည်လည်း ဓာတုဗေဒ ပစ္စည်းများ မကင်းပေ။ ထိုခြံများမှထွက်သော အသားများကို စားသုံးပါက ထိုဒြပ်ပေါင်းများကို စားလိုက်သလိုပင် ဖြစ်ပါမည်။
  • ပြည်သူအများ စားသုံးနေကြသော စားသုံးဆီများသည်လည်း နည်းမျိုးစုံသုံးပြီး ရောထားကြပါသည်။ ရေခဲသေတ္တာထဲတွင် ထည့်ထားလျင် မခဲသော နှမ်းဆီ အတုများပင် ရှိသေးသည်။ စားအုန်းဆီ ဆိုလျင်တော့ မပြောချင်တော့ပါ။ 
  • ရန်ကုန်သူ ရန်ကုန်သားတွေ ကြိုက်ကြသော အကင်ဆိုင်များတွင် ရောင်းချသော အသားကင်အများစုမှာ ယမ်းစိမ်းများ အလွန်အကျွံထည့်ထားသည့် အသားတု ကင်များ ဖြစ်ကြပါသည်။  

                                              

ပြည်ပဖြစ်
  • ပြည်တွင်းတွင် ရောင်းချနေသော ထိုင်း နှင့် တရုတ်မှ ၀င်လာသည့် မုန့်ပဲသရေစာ အများစုသည် ဆား၊ တာရှည်ခံစေသည့် ဒြပ်ပေါင်းများ နှင့် ဆိုးဆေးများ ပါဝင်ကြသည်။ အဆိုပါမုန့်များကို ကလေးများက အထူးကြိုက်နှစ်သက်ကြသည်။ အနာဂတ်အေ၇းကတော့ ရင်လေးဖွယ်ပင်။
  • ပြည်ပမှ အချိုမှုန့် အစားထိုး ဆိုပြီး ၀င်လာသော ဟင်းခတ်အမှုန့်ကို အချိုမှုန့် အစား သုံးကြသည်ကို တွေ့ရသည်။ ဘာတွေ ပါဝင်လဲတော့မသိ။ ခတ်လိုက်လျှင် အသားအရသာထွက်ပြီး များသွားလည်း ငန်တတ်သည်။ FDA မှနေ၍ အဆိုပါ  မီးဖိုချောင်သုံး အမှုန့်များကို သေချာစစ်ဆေးသင့်သည်။ 
အထက်ဖော်ပြပါ အစားအသောက်တို့သည် သဘာဝအတိုင်းမဟုတ်ဘဲ လူတို့က ပြုပြင်ထားကြသော အစားအသောက်များ ဖြစ်ပါတယ်။ ထိုသို့ ဓာတုဗေဒပစ္စည်းများ ထည့်လိုက်သောကြောင့် အာဟာရဓာတ်များ တိုးပွားမလာပါ။ လျော့သွားဖို့သာရှိသည်။ ထို့အပြင် ၎င်းအစားအသောက်များသည် 
  • ပြည်သူလူထုကို ရောဂါဘယ ပေါများစေတယ်။ 
  • နာတာရှည် ရောဂါတွေ ၊ ကင်ဆာရောဂါတွေ ပိုမိုဖြစ်ပွားလာစေတယ်။  
  • မှားယွင်းသည့် အစားအသောက် လူနေမှုပုံစံကို ဖန်တီးစေတယ်။
  • လူတွေ မကျန်းမာရင် တိုင်ပြည်ကော မိသားစုတွေပါ စီးပွားရေး ထိခိုက်တယ်။
အစရှိသည်ဖြင့် ဆိုးကျိုးများကိုသာ ဖြစ်စေမှာဖြစ်တယ်။ အဲဒီတော့ ဒီလို ဓာတုဗေဒနည်းတွေသုံးပြီး ပြုပြင်နေကြတာကို ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိတယ်။ ကိုယ်သိတော့ ကိုယ်မစားဖြစ်အောင် ရှောင်လိုက်ရုံဖြင့် မပြီးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ဥပဒေနှင့် ပတ်သက်လာလျှင် တင်းကြပ်ပြီး ထိရောက်သည့် ဥပဒေများ ချမှတ်ဖို့လိုပါသည်။ ဥပဒေရှိရုံဖြင့်လည်း မပြီး။ တည်မြဲအောင် enforcement လုပ်ဖို့လိုသည်။ ဗမာတွေက ခက်တော့ခက်သား။ ရှေ့တွင်သာ မဆန့်ကျင်သော်လည်း နောက်ကွယ်တွင် ခိုးလုပ်တတ်ကြသည်။ ကိုယ့်လူမျိုး မပျောက်ချင်လျှင် ထိုအကျင့်တွေကို ပြင်ရမည်။ စစ်ဆေးရေးက ဘယ်လောက်လုပ်လုပ် ပြည်သူကိုယ်တိုင် ရောင်းချသူနှင့် စားသုံးသူများက ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ အဆိုပါ အစားအသောက်တို့၏ ဘေးထွက်ဆိုးကျိုးကို ကျွန်တော်တို့ ခံစားရမည် မဟုတ်ပါ။ ကျွန်တော်တို့၏ မျိုးဆက်များ နောင်လာနောက်သားများ ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာက ကိုယ့်လူမျိုးမတုံးစေရေး မျိုးမညံ့သွားရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းကြဖို့ ဖြစ်ပါသည်။



                           
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ Globalization ကြောင့်လို့ပဲပြောပြော ဈေးကွက်စီးပွားရေးကြောင့် လို့ပဲဆိုဆို ကျွန်တော့်တို့ တတွေဟာ ပြည်ပလုပ် ပစ္စည်းတွေ အစားအသောက် လူ့အသုံးအဆောင်တွေရဲ့ လွှမ်းမိုးမှုကို ထိတွေ့ခံစားလာရပါတယ်။ တောရော မြို့ပါမကျန် နိုင်ငံခြားကနေ ၀င်လာတဲ့ အသုံးအဆာင်တွေ ပစ္စည်းတွေ သုံးလာကြတယ်။ ပြည်တွင်းက လူသုံးကုန် အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ပြည်ပ ကုန်စည်တွေနဲ့ အပြိုင် လူ့အသုံးအဆောင်တွေ စားသောက်ကုန်တွေကို ထုတ်လုပ်လာကြတယ်။ 

ကျန်းမာရေးအာမခံ - မိတ်ဆက်


“ကျန်းမာရေးအာမခံ” ဆိုတာဘာလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ အလုပ်လုပ်သလဲ စသဖြင့် သိကောင်းစရာလေးတွေကို အခန်းဆက် ဆောင်းပါးများနဲ့ တင်ပြသွားပါမယ်။

လူတွေ မလွန်ဆန်နိုင်တဲ့ တရားထဲမှာ “နာခြင်း” က တစ်ခုအပါဝင်ဖြစ်လို့ တစ်နေ့ နာကြရမယ်ဆိုတာ အသေအချာ သိကြပေမယ့် …
  • အဲဒီတစ်နေ့က ဘယ်နေ့လဲ ဆိုတာ
  • ဘယ်နေရာက နာမယ်ဆိုတာ
  • ဘယ်လောက် အတိုင်းအတာအထိ နာမယ်ဆိုတာ
  • ဘယ်လောက်ကြာကြာ နာနေမယ်ဆိုတာ
အသေအချာ မသိကြပါ။

အဲဒီလို ဘယ်နေ့ ဘယ်ထောင့်ကနေ ဘယ်လို ပေါ်လာမယ်မှန်းမသိ၊ ဘယ်လောက်ကြာကြာ နာနေမယ်မှန်း မသိတဲ့ “နာခြင်း” ဆိုတာကြီးကို ကုသဖို့ရာ ဘယ်လောက် ကုန်ကျမယ် ဆိုတာက ပိုပြီး မှန်းဆရခက်လာပါတယ်။ အသက်နဲ့ ယှဉ်လာပြီ ဆိုတော့ တခြားလိုအပ်ချက်တွေ ဘေးချပြီး ကျန်းမာရေးအတွက် သုံးကြရပါတော့တယ်။ တတ်နိုင်ရင် တော်သေးရဲ့ မတတ်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။

ဒီလို မသိကိန်းတွေ ရှိနေပေမယ့် မှန်းဆနိုင်တဲ့ အကြောင်းအရာတွေကလည်း ရှိနေပြန်ပါတယ်။

ဥပမာ - ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၃ထောင်ရှိတဲ့ အနက် ဒီနှစ်တော့ လူ ၈ သန်းလောက် တီဘီဖြစ်မယ်၊ သန်း ၂၄၀ လောက် ငှက်ဖျား ဖြစ်မယ် စသဖြင့် ခန့်မှန်းလို့ ရပါတယ်။ တီဘီဖြစ်ဖြစ် ငှက်ဖျားဖြစ်ဖြစ် ကုသစရိတ် တစ်ယောက်ကို ဒေါ်လာ ၅၀ ကုန်မယ် ဆိုပါစို့။ ဒါဆို စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁၂၄၀၀ ကုန်ပါမယ်။ အဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ သန်း ၃၀၀၀ နဲ့ပဲ တွက်ဦး လူတိုင်း ငွေကြေးထည့်ဝင်ရင် တစ်ဦးကို ၄ ဒေါ်လာပဲ ထည့်ဝင်ရပါမယ်။

ဒါပေမယ့်လည်း စဉ်းစားစရာတွေက ရှိနေပါသေးတယ်။ ၄ ဒေါ်လာဆိုတာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ မုန့်ဖိုးလောက် ရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ မိသားတစ်စုရဲ့ တစ်ရက်စာ ၀င်ငွေ ဖြစ်ရင် ဖြစ်နေမှာပါ။ နောက်ပြီး “ကိုယ်က ရောဂါမဖြစ်ပဲနဲ့ ရောဂါဖြစ်နေတဲ့ လူတွေအတွက် ကုန်ကျစရိတ်ကို မျှခံရတာဟာ တရားသလား” ဆိုတာမျိုး စောဒဂ တက်မယ်ဆိုရင်လည်း တက်စရာပါပဲ။ အဲ … ကိုယ်ကိုယ်တိုင်က မကျန်းမာတဲ့ လူဖြစ်လာရင်တော့ … “အင်း … ကျန်းမာနေတဲ့ လူတွေက ကုသစရိတ်မျှခံပေးရင်တော့ ကိုယ့်အတွက် သက်သာမှာပဲ” လို့ တွေးမိစရာ ရှိပါတယ်။ ကဲပါလေ … ဒီလို စဉ်းစားစရာတွေကို ခဏ ဘေးချထားလိုက်ပါဦးမယ်။

ရပ်ကွက်ထဲက ချို့တဲ့တဲ့ အသိမိတ်ဆွေ တစ်ယောက် နေထိုင်မကောင်းဖြစ်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းပြီး ကူငွေ ထည့်ကြတာက လွယ်ပါတယ်။ ဒါပေမယ့် မြို့တစ်မြို့၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ဆိုရင် လူတိုင်းဆီကနေ ဝေပုံကျ ထည့်ဝင်ငွေ ကောက်ဖို့ နောက်ပြီး မကျန်းမာသူတွေကို စရိတ်ပြန်ထောက်ပေးဖို့ကတင် အလုပ်တစ်ခု ဖြစ်လာပါတယ်။

ဒီအလုပ်ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အဖွဲ့အစည်း အမျိုးမျိုး(အစိုးရ၊ ပုဂ္ဂလိက၊ သမ၀ါယမ၊ အန်ဂျီအို)က တာဝန်ယူကြပါတယ်။ တာဝန်ယူတဲ့ အဖွဲ့အစည်းရဲ့ ပုံသဏ္ဍန်ပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အမည်အမျိုးမျိုး ကွဲပြားသွားကြပေမယ့် “ကျန်းမာရေးအာမခံ” ဆိုတဲ့ ကျန်းမာရေး ကုန်ကျစရိတ်ကို လူအများရဲ့ ထည့်ဝင်ငွေထဲမှ ကျခံပေးခြင်း အခြေခံသဘောတရားကတော့ မပြောင်းမလဲရှိနေဆဲပါ။ နောက်ပိုင်းဆွေးနွေးရလွယ်အောင် ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကို အာမခံကုမ္ပဏီ လို့ပဲ ဆိုကြပါစို့ရဲ့။ စောစောက ပြောခဲ့သလို အာမခံကုမ္ပဏီ ဆိုတာဟာ အစိုးရလည်း ဖြစ်နိုင်သလို ပုဂ္ဂလိက ဒါမှမဟုတ် သမ၀ါယမ ဒါမှမဟုတ် အန်ဂျီအို ဖြစ်နိုင်တယ် ဆိုတာကို မှတ်ချက်အနေနဲ့ တို့ထားခဲ့ချင်ပါတယ်။

ဒီတော့ ကျန်းမာရေးအာမခံ ကို အကောင်အထည် ဖော်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ လူနာ နဲ့ အာမခံကုမ္ပဏီ ဆိုပြီး သုံးဦး သုံးဖလှယ် ရှိပါမယ်။ လူနာ (သို့မဟုတ်) တချိန်ချိန် လူနာ ဖြစ်လာနိုင်တဲ့ သူတွေက အာမခံကုမ္ပဏီကို လစဉ်ကြေး ပေးသွင်းထားပြီး မိမိနေထိုင်မကောင်းဖြစ်လို့ ဆေးကုသတဲ့အခါမှာတော့ အာမခံကုမ္ပဏီကနေ ဆေးကုသစရိတ်ကို ပြန်ထုတ်ပေးပါမယ်။ ဒါက အရိုးရှင်းဆုံး ကျန်းမာရေးအာမခံ စနစ်ပါ။ တကယ့်လက်တွေ့မှာတော့ ဒီ့ထက် နည်းနည်းပိုပြီး ရှုပ်ထွေးပါတယ်။

နောင်အခါ အငြင်းမပွားရလေအောင် ကတိက၀တ် စာချုပ်စာတမ်းတွေနဲ့ တစ်ဦးကိုတစ်ဦး ချည်နှောင်ထားကြလေတော့ ကျန်းမာရေးအာမခံစာချုပ်မှာ ပါဝင်တဲ့ အသုံးအနှုန်းတွေက ဥပဒေ အသုံးအနှုန်း၊ ငွေကြေးဆိုင်ရာ အသုံးအနှုန်း၊ ကျန်းမာရေး အသုံးအနှုန်းတွေနဲ့ ပြည့်နှက်နေပြီး သာမာန်အားဖြင့် လုံးစေ့ပတ်စေ့ နားလည်ဖို့ ခက်ခဲပါတယ်။ တကယ်တန်း ကျန်းမာရေးအာမခံကို အသုံးချဖို့ လိုလာပြီဆိုတော့မှ အဆင်မပြေတာတွေ ဖြစ်ဖြစ်လာတတ်လို့ အဲဒီအသုံးအနှုန်းတွေထဲက မသိမဖြစ် သိသင့်တဲ့ အသုံးအနှုန်းတွေကို နောက်ဘလောက်ပို့စ်မှာ ဆက်ပြီး တင်ပြပါမယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

WHO. 2006. Global disease burden 2004 update