31‏/3‏/2011

နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန်


 
နွေဥတုထဲ သိသိသာသာ ရောက်ပြီမို့ ရာသီဥတုက တစ်စထက်တစ်စ ပူပြင်းကာနေ၏ ။ နေ့လည်ပိုင်း အချိန်များ တွင် အပူ ချိန်များပြီး ညလယ်ပိုင်းအချိန်များတွင်မူ အေးမြနေတတ်၏ ။ရာသီ ဥတု ပြောင်း လဲနေသော ကာ လဖြစ်သောကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုပေသည် ။ မကြာခင်လည်း မဟာသင်္ကြန် ကျရောက်တော့ မည်ဖြစ်သောကြောင့်ကျန်းမာပျော်ရွှင်စွာ ရေကစားနိုင်ရန်နှင့် နေပူရှိန်ထဲတွင် ဆောင်ရန်ရှောင်ရန်များကိုလည်း သိရှိရန်လိုအပ်ပေသည် ။ မိုးဥတုတွင်သာ တုပ်ကွေးဖျားနာများ များတတ်သည်မဟုတ် ။ နွေရာသီ တွင်လည်း သတိမမူပဲ ကျန်းမာရေးကို ဂရုမစိုက်ပါက ရောဂါပေါင်းစုံဝင်ရောက်တတ်ပေသည် ။ ထို့ကြောင့် နွေရာ သီနှင့် ကျန်းရေးဆိုင်ရာ ဆက်နွယ်နေသော အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည် ။

၁ ။ နွေရာသီနှင့် အာဟာရ

နွေရာသီမှာ အာဟာရဓါတ်ကို ညီညွှတ်မျှတစွာ စားသုံးဖို့လိုအပ်ပါတယ် ။ အထူးသဖြင့်ရေ ဓါတ်အမြဲ ဖြည့် တင်းပေး ရန် လိုပါတယ်။ နွေအပူရှိန်ထဲမှာ ချွေးထွက်များတဲ့အတွက် ရေဓါတ်နဲ့ဓါတ်ဆား ( electrolyte) များဆုံး ရှုံးပြီး ရေဓါတ်ခမ်းခြောက်ခြင်း (Dehydration) ကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် နေအပူရှိန်ထဲမှ ပြန် လာပြီး ချွေးထွက်များသောသူများ (ဥပမာ ဂေါက်ရိုက်သများများ ၊ ဘောလုံးသမားများ ) ဓါတ်ဆား ၊ အချိုရည် ၊ ရေနဲ့အရည်ရွှမ်းသော သစ်သီးများကိုစားသုံးရန်လိုအပ်ပါတယ် ။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ပန်းသီး ၊ လိမ္မော်သီး ၊ သစ်တော်သီး ၊ ရှောက်ချိုသီး ၊ စသည်တို့ကို သင့်တင့်မျှတစွာ စားသုံးပေးရန်လိုအပ်ပါတယ် ။

၂ ။ နွေရာသီနှင့်အားကစား


နေအရမ်းပူတဲ့ နေ့လည်နေ့ခင်းအချိန်များမှာ အားကစားပြင်းထန်စွာလုပ်ခြင်းမှ ရှောင်ရှားသင့်ပါတယ် ။ နေ့ လည်နေ့ ခင်းအချိန်များမှာ ထီး ၊ ဦးထုပ်မပါပဲ နေပူထဲကိုမထွက်သင့်ပါဘူး ။ အပူချိန်လျော့နည်းတဲ့ နံနက်ခင်း နဲ့ ညနေစောင်း အချိန်များတွင်သာကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သင့်ပြီး နေ့လည်အချိန်များမှာတော့ အရိပ် ရ တဲ့ သစ်ရိပ် ၊ ၀ါးရိပ်နဲ့ အိမ်အတွင်းပိုင်းနဲ့အေးမြသောနေရာများတွင်သာ အေးအေးလူလူ အနားယူရန် လိုအပ် ပါ တယ် ။ မဖြစ်မနေ ကိုယ်လုပ်လှုပ်ရှားဖို့ လိုရင်လည်း ရေကို ခဏခဏသောက်ဖို့မမေ့ပါနဲ့ ။

၃ ။ နွေရာသီနှင့် နေထိုင်မှုပုံစံ


နေ့လည်နေ့ခင်း အပြင်ကိုထွက်တဲ့အခါတိုင်း ချည်ထည်ပွပွ လက်ရှည်နဲ့ အဖြူဖျော့ဖျော့များကိုသာ ၀တ်ဆင် သင့်ပါတယ် ။ အဖြူရောင်ဟာ အပူချိန်ကို တန်ပြန်နိုင်စွမ်းရှိပြီး အမည်းရောင်ကတော့အပူချိန်ကို စုပ်ယူထား တဲ့အတွက် ခန္ဓာကိုယ်အပူချိန်တက်စေပြီး ချွေးထွက်များစေပါတယ် ။ အပြင်ကိုထွက်တဲ့အခါတိုင်း ထီး၊ဦး ထုပ်ဆောင်းပါ ။ နိုင်လွန်ကဲ့သို့အကျီင်္များ ကိုယ်ကြပ်အကျီင်္များ ဘောင်းဘီများ ၀တ်ဆင်ခြင်း ကိုတတ်နိုင် သမျှ ရှောင်ကြဉ်ပါ ။ နေပူထဲမှပြန်လာပြီးရေချက်ချင်းချိုးတတ်တဲ့အကျင့်ကို ရှောင်ပါ ။ ရေတ၀သောက် ပြီး ချွေးတိတ် မှသာ ရေချိုးသင့်ပါတယ် ။ ချွေးမတိတ်သေးခင် နေပူထဲမှ ချက်ချင်းပြန်လာပြီး ချက်ချင်းရေချိုးပါက အပူရှပ်ပြီး heat stroke ရနိုင်ပါတယ် ။ အသားအရည်ထိမ်းသိမ်းဖို့အတွက်နေပူထဲထွက်တော့မယ်ဆိုရင် Ultraviolent Ray (UV) ကိုကာကွယ်ပေးနိုင်တဲ့ cream တစ်မျိုးမျိုးလိမ်းထားနိုင်ပါတယ် ။ နေပူထဲမှ ပြန် လာပြီး ရေခဲရေနှင့် မျက်နှာသစ်ခြင်း ၊ ရေခဲရေနှင့် ရေချိုးခြင်းတို့ကိုမှု လုံးဝရှောင်ရှားရပါမယ် ။

၎ ။ နွေရာသီနှင့်သင်္ကြန်



မကြာခင် သင်္ကြန်ကျရောက်တော့မှာဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ဂရုစိုက်စရာအချက်အလက်တွေ အ များကြီး ရှိနေပါတယ် ။ နေပူကြီးထဲမှာ တစ်နေကုန်ရေပက်သူတွေ ၊ ရေပက်ခံထွက်သူတွေအတွက် အပူအအေး မမျှ တပဲ ဖျားနာဖို့လွယ်ကူပါတယ် ။ နေပူထဲ ရေပက်ခံထွက်တော့မယ်ဆိုရင်တော့ တစ်နေ ကုန် ရေစိုပြီး ချမ်းအေးခြင်းကို ကာကွယ်နိုင်ဖို့အတွက် အကျီင်္ထူထူ ၀တ်ဆင်ပါ ။ Sun block cream များလိမ်းပါ ။ ဘီယာ အရက်တို့ကို တတ်နိုင်သမျှ သောက်ခြင်းမှ ရှောင်ကြဉ်ပါ ။ ဘီယာသောက်မှ အရက်သောက် မှမူးပြီးပျော် စရာကောင်း တာမဟုတ်ပါဘူး ။ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ဒီအတိုင်း ကြည်ကြည် လင်လင်လေးနဲ့လည်း ချမ်းမြေ့ကြည်နူးဖွယ် ပျော်ရွှင်ဖွယ်ကောင်းလှပါတယ် ။ သင်္ကြန်မျာဖြစ်တဲ့ ရန်ပွဲတော်တော် များများရဲ့ အစဟာ အရက်သေစာသောက်စားခြင်းကြောင့်ဖြစ်ရတာပါဆိုရင် သင်ငြင်းနိုင်ပါသလား ။ ဒါကြောင့် သင်္ကြန်အ တွင်းမှာ အရက်ကို အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ရှားစေလိုပါတယ် ။

ဒါ့အပြင်လမ်းဘေး စာတွေဖြစ်တဲ့ အချဉ်ပေါင်းထုပ်များနဲ့ သရက်သီး ၊ မရမ်းသီး စတာတွေကိုလည်း မစားသင့်ပါဘူး ။ လူထူထပ် တဲ့အတွက် ရောဂါပိုးပေါင်းစုံပျံ့နှံ့ပြီး ၀မ်းရောဂါဖြစ်ပွားနိုင်ပါတယ် ။ စားချင် တယ်ဆိုရင် မိမိအိမ်မှာ လတ်လတ် ဆတ်ဆတ် ပြုလုပ်ပြီး ယူဆောင်သွားခြင်းက ပိုပြီးသင့်တော်ပါတယ် ။ ယခုနောက်ပိုင်းသင်္ကြန်တွေမှာ သိမ်မွေ့နူးညံ့မှုတွေပျောက်ဆုံး နေပြီဆိုတာ သင်လည်းသတိထားမိမှာပါ ။အနောက် တိုင်းဆန်ဆန် ပူလောင်တဲ့ ၀တ်စားဆင်ယင်မှု (ခါးပေါ် ၊ ရင်ပေါ် ၊ တင်ပေါ် ) နဲ့ မိန်းကလေးတွေ သရုပ်ပျက် ကခုန်နေခြင်းဟာလည်း ကမ္ဘာ့အလယ်မှာ ဒါငါတို့ရိုးရာမဟာသင်္ကြန်လို့ ၀င့်ကြွားရမှာတောင် ရှက်ဖွယ်အတိဖြစ်နေပါတယ်။အချိန်မှီမပြင်ဆင်ကြရင်ဖြင့် နောင်နှစ်တွေနှစ်တွေမှာ နောင်လာနောက်သားတွေ
အဖို့ သင်္ကြန်ဆိုတာ ဒီလိုဝတ်ရစားရ ဒီလိုကခုန်ရ ဒီလိုမူးရူးရတဲ့ ပွဲပါလားလို့ ထင်မှတ်သွားရင်ဖြင့် တစ်မျိုးသား လုံး အတွက် ရင်လေး စရာဖြစ် ရပ်ကြီးပဲဖြစ်ပါတယ် ။ သပြေခက်နဲ့ငွေဖလားနဲ့ နံ့သာ ရည်နဲ့ ရေမ ပက်နိုင် ရင်တောင် ခွက်စောင်းခုတ်ခြင်း ၊ ကြမ်းတမ်း စွာ ရေကစားခြင်းနဲ့ နှမသားချင်း မကြားဝံ့မ နာသာ စနောက်ခြင်း များကို တို့မြန်မာတွေ ရှောင်ရှားဖို့ လိုလာပါပြီ ။

ယနေ့ခေတ်ကြီးဟာ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ စီးဆင်းနေတာနဲ့အမျှ မဟာသင်္ကြန်ရဲ့ ပုံရိပ်တွေဟာ လည်း အချိန်နဲ့တပြေးညီ အင်တာနက်ပေါ် ၊ ဘလော့တွေအပေါ် ၊ Social network တွေအပေါ်နဲ့ Facebook အစရှိတဲ့ လူသုံးများ Network တွေအပေါ် ရောက်ရှိမှာအမှန်ပါပဲ ။ ရှက်ဖွယ်အတိဖြစ်တဲ့ အနောက် တိုင်းဆန်ဆန် မလုံမခြုံ ၀တ်ဆင်ခြင်းများ နဲ့ လမ်းသရဲပုံစံများကိုရှောင်ရှားပြီး မြန်မာဆန်တဲ့ အမျိုးသား အမျိုးသမီးလေးများ ပုံစံ ယဉ်ကျေးသိမ်မွေ့စွာ ၀တ်ဆင်ြ့ပြီး အတာသင်္ကြန်ကို ဆင်နွှဲကြမယ်ဆိုရင်ဇြင့် “ ကမ္ဘာ့ အလယ်မှာ ဒါတို့ရိုးရာ မဟာသင်္ကြန်ဟေ့ ” လို့ ဂုဏ်ယူဝင့်ကြွား သံတွေညံနေမှာဖြစ်ကြောင်း တင်ပြ ရင်း နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန် ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ် ။

စာဖတ်သူပရိတ်သတ်များ နှစ်သစ်အခါသမယမှာ စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ ပြီး အေး ချမ်းသာယာ ရှိကြပါစေ ။

သက်တန့်ချို
10th March 2011

(ပုံများအား Google Image Search မှယူပါသည်)


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

HIV / AIDS

HIV tests (အိတ်ခ်ျအိုင်ဗွီ) စစ်ဆေးနည်းများ

Mar 29, 2011 at 3:34 PM
Q 1: အရက်မူးပြီး အနှိပ်ခန်းသွားပါတယ်။ ပြီးတော့ လက်မဆေးမိပဲ နာရီဝက်၊ ၁ နာရီလောက်မှာ ပါးစပ်ထဲ လက်နှိုက် အန်မိပါတယ်။ သွားတချောင်း လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်က နှုတ်ဘူးပါတယ်။ HIV ကူးနိုင်ခြေ ရှိမရှိ နဲ့။ HIV ကို ဘယ်လို စစ်လို့ ရပါသလဲ။ ဘယ်လောက်ကြာမှ စစ်လို့ ရမှာလဲ။ စစ်လို့ရတဲ့ နည်း ၂ နည်းရှိတယ်လို့ ကြားဘူးပါတယ်။ Anti body ဒါမှမဟုတ် Nucleaus (ပိုး) ကို စစ်တယ်လို့ ကြားဘူးပါတယ်။ ဘယ်ဟာက ပိုကောင်းပြီး တိကျပါသလဲ။ ပို အချိန်စောစော သိရပါသလဲ။

Tue 3/29/2011 7:18 PM
Q 2: Spot test သွေးစစ်နည်းက မြန်တယ်ဆိုရင် သူ့ထက်ပိုကြာမှ သိရတဲ့ Elisa နည်းက ပိုတိကျတယ်လို့ သတ်မှတ်နိုင်မလား။ အထက်ပါ နည်းတွေက 99.6% အထိ မှန်ကန်တယ်လို့ စာအုပ်မှာ မှတ်သားဖူးတယ်။ ဟုတ်ပါသလား။ အတူနေဖက် အမျိုးသမီးကို Elisa နဲ့ စစ်တော့ Postive လို့ ပြောပါတယ်။ အမျိုးသားက မရှိပါတဲ့ ဘယ်လောက်ထိ မှန်ကန်နိုင်လဲ။ ပြီးတော့ နောက်ထပ် သုံးလ ချိန်းပြီး ပြန်လာစစ်ခိုင်းပါတယ်။ သေချာအောင် ထပ်စစ်တာပဲဆိုရင် နောက်တနေ့ ပြန်စစ်လို့ ရတယ် မဟုတ်လား။ ဘာလို့ သုံးလ ချိန်းတာပါလဲ။

လူထဲကို ပိုးတမျိုးမျိုး ဝင်လာတာနဲ့ အဲဒါကို ခုခံတိုက်ဖျက်ပေးမဲ့ ဆိုင်ရာ ဆိုင်ရာ Antibody (အင်တီဘော်ဒီ) ခုခံအားတွေ ထွက်လာတယ်။ HIV antibody စမ်းတယ်ဆိုတာ အဲဒါတွေ Blood သွေးထဲ၊ Saliva တံတွေးထဲ နဲ့ Urine ဆီးထဲမှာ ရှိနေ-မနေ စစ်ဆေးတာ ဖြစ်ပါတယ်။

HIV antibody test (အင်တီဘော်ဒီ) စမ်းသပ်နည်းဟာ လူကြီးတွေမှာ HIV ရှိ-မရှိကို အသင့်တော်ဆုံးနဲ့ အသုံးအများဆုံး စစ်ဆေးနည်း ဖြစ်တယ်။ ဈေးလဲ မကြီးတဲ့ပြင် တိကျတယ်။ ဒီနည်းကို ELISA (Enzyme-Linked Immunoabsorbent) နဲ့ EIA (Enzyme Immunoassay) ခေါ်တယ်။ ရှိနေတာ ရှာတွေ့တယ်ဆိုတဲ့ သဘောက အဲဒီလူမှာ HIV ပိုး ဝင်နေပြီ။

ဒါပေမဲ့ ချွင်းချက် ၂ ခုရှိတယ်။
1. ပိုးရှိနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာ မအေဆီက (အင်တီဘော်ဒီ) တွေလဲ ပါလာတာမို့ ၁၈ လ အထိ ဆေးစစ်ရင် အပေါင်းလက္ခဏာ ပြမယ်။ တကယ်တော့ ဒီကလေးမှာ ပိုးရှိနေတာတော့ မဟုတ်ဘူး။ ဒီလို ကလေးမျိုးတွေကို PCR test ဆိုတာ လုပ်ပါတယ်။
2. HIV vaccine trials ကာကွယ်ဆေး စမ်းသပ်တာကို ခံယူနေသူတွေမှာလဲ အဲလိုပြမယ်။

HIV ပိုး ဝင်ထားသူ အများစုဟာ ကူးစက်တာခံရပြီး ၆-၁၂ ပါတ်အတွင်း စမ်းသပ်လို့ရတဲ့ (အင်တီဘော်ဒီ) တွေရှိလာမယ်။ ၆ လ နေမှ တွေ့တာ ရှားတယ်။ ဒိထက် ပိုကြာမယ်ဆိုတာ မဖြစ်နိုင်သလောက်ပါ။ ဒီလို ပိုးဝင်နေပေမဲ့ စမ်းလို့ မတွေ့သေးတဲ့ ကာလကို Window period ပြူတင်းပေါက်ကာလ၊ ကြားကာလ ခေါ်တယ်။ ဒါ့ကြောင့် ပိုးဝင်မယ်လို့ သံသယဝင်တဲ့နောက် ၃ လ အကြာမှာ စမ်းတာ သင့်တော်တယ်။ အဲဒီအချိန်မှာ မတွေ့သူဟာ ဥပမာ စိတ်မချရတဲ့ လိင်-ဆက်ဆံနည်းကနေ ပိုး မဝင်ခဲ့ဘူးလို့ ပြောနိုင်တယ်။ ၆ လ နေလို့မှ မတွေ့ရင်တော့ သေခြာပါတယ်။ ပိုးမကူးခဲ့ပါ။ နောက်တခါတော့ စိတ်ချရတဲ့ ဆက်ဆံနည်းကိုသာ သုံးပါ။

သတိကြီးဘို့ လိုတာက Window period မှာ တကယ်လို့ ပိုးရှိနေရင် သူများကို ကူးနိုင်တယ်။ Subtype B ပိုးမျိုးအတွက် HIV-1 antibody tests နည်းရဲ့ ပျမ်းမျှကြားကာလဟာ ၂၅ ရက်ရှိတယ်။ Antigen testing နည်းဆိုရင် ၁၆ ရက်နဲ့ NAT (Nucleic Acid Testing) နည်းက ၁၂ ရက်ကြာတယ်။ Window period မှာ Antiretroviral therapy (ဗိုင်းရပ်စ်) ဆေးသောက်လိုက်ရင် Antibodies ဖြစ်လာမှာကိုပါ နှေးစေလို့ ကြားကာလက ၁၂ လလောက်အထိ ကြာနိုင်တယ်။

ELISA test က တိကျလို့ မှားပြီး အပေါင်းပြတာ မရှိသလောက် ဖြစ်တယ်။ တကြိမ်စစ်လို့ အပေါင်းပြသူ အားလုံးကို Western blot (Protein immunoblot) နဲ့ Indirect immunofluorescence assay စမ်းသပ်နည်းတွေကို ဆက်လုပ်မယ်။ ဥရောပမှာ Line immunoassay ကိုပါ လုပ်မယ်။ ဆက်စစ်လို့လဲ အပေါင်းပြနေရင် ဝ့၁% ထက် မလွဲနိုင်တော့ပါ။ သူ့မှာ ပိုးရှိနေပြီ။

Antigen test (P24 test) (အင်တီဂျင်) စမ်းသပ်နည်းနဲ့ သေခြာစေနိုင်တယ်။ (အင်တီဂျင်) ဆိုတာ ကိုယ့်ပစ္စည်း မဟုတ်တဲ့ ပိုးမွှားလိုဟာ ဖြစ်တယ်။ ဒါမျိုး ဝင်လာရင် ကိုယ်ခန္ဓာကနေ (အင်တီဘော်ဒီ) ထုတ်စေမယ်။ HIV ပိုးရဲ့ အဲလိုဟာကို Protein P24 လို့ ခေါ်တယ်။ HIV ဝင်တာနဲ့ ၂-၈ ပါတ်အတွင်း P24 တွေ များများလာမယ်။ သွေးကို စစ်ရင် တွေ့မယ်။ ရောဂါ ရလာချိန်မှာတော့ သူတို့ ပျောက်ပျောက်သွားမယ်။ ဒါ့ကြောင့် P24 antigen test ကို အမြဲမလုပ်ဘဲ၊ စတုတ္ထ-မျိုးဆက် စမ်းသပ်နည်း အနေနဲ့သာ သုံးတယ်။ Fourth generation tests ဆိုတာ P24 antigen test နဲ့ Antibody test တွဲလုပ်တာကို ခေါ်တယ်။ ပိုတိကျတယ်။

PCR (Polymerase Chain Reaction) test ဆိုတာ HIV ပိုးရဲ့ မျိုးဇီဇကို စစ်တာဖြစ်တယ်။ ပိုးဝင်ပြီးနောက် ၂-၃ ပါတ် အကြာ စမ်းလို့ ရလာတယ်။ Viral load test နဲ့ HIV NAAT (Nucleic acid amplification testing) လို့လဲ ခေါ်တယ်။ ပိုးရှိ မိခင်ကနေ မွေးတဲ့ ကလေးကို PCR test လုပ်ရတယ်။ အမေဆီက Antibodies တွေရနေတယ်။ Antibody test က မတိကျလို့၊ ဈေးလဲကြီးတာမို့ လူတိုင်းကိုတော့ မစစ်ပါ။ ချမ်းသာ-တိုးတက်တဲ့ နိုင်ငံတွေမှာ သွေးလှူရာမှာလဲ PCR test ပါ လုပ်တယ်။

• Rapid HIV tests ဆိုတာ နည်းပညာအရ ELISA tests နဲ့တူပေမဲ့ စစ်ရတာ မိနစ် ၂ဝ သာကြာတယ်။ သွေး ဖြစ်ဖြစ် သွားရည် ဖြစ်ဖြစ် စစ်နိုင်တယ်။ Rapid Antibody Test ကို Rapid or point-of-care test ခေါ်တယ်။ Qualitative immunoassays အရေအတွက်ကို စစ်တာ ဖြစ်တယ်။
• Home testing နည်းက ကိုယ့်ဖါသာကိုယ် အိမ်မှာတင် သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ်နဲ့ စမ်းလို့ အဖြေကို မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ ပိုသေခြာအောင်တော့ ဓါတ်ခွဲခမ်းမှာ ထပ်စစ်သင့်တယ်။
• Home sampling kit ဝယ်၊ ကိုယ့်သွေးနဲ့ စမ်းပြီး၊ ဓါတ်ခွဲခမ်း ပို့နိုင်တယ်။ ရက် သိပ်မကြာခင် အဖြေကို ဖုန်းဆက် မေးနိုင်တယ်။ သူများ မသိအောင် လုပ်နည်းတခုပေါ့။ နိုင်ငံအတော်များများမှာ HIV ဆေးစစ်တာကို လှို့ဝှက်ဘို့နဲ့ ကာယကံရှင်က စမ်းခြင်မှ စမ်းဘို့ သတ်မှတ် ထားတယ်။
• Home Access Express HIV-1 Test ကို FDA က အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ OraQuick ဆိုတာ မိနစ် ၂ဝ သာ ကြာတဲ့ Antibody test ဖြစ်တယ်။ Blood သွေး၊ Plasma (ပလာစမာ) သွေးရည်ကြည် နဲ့ Oral fluid ပါးစပ်က အရည် တခုခုကို စမ်းနိုင်တယ်။ HIV 1 နဲ့ HIV 2 ပိုးတွေကို စမ်းတာဖြစ်တယ်။
• Uni-Gold နည်းက ၁ဝ-၁၂ မိနစ်သာကြာတဲ့ Rapid HIV antibody test ဖြစ်တယ်။ သွေးစက်ကို စမ်းတာ။ FDA က အသိအမှတ် ပြုထားတဲ့ HIV 1 ကို စစ်ဆေးနည်း ဖြစ်တယ်။
• Clearview Complete HIV 1/2 နဲ့ Clearview HIV 1/2 Stat-Pak နည်းတွေက သွေး၊ သွေးထဲက (ပလာစမာ)၊ (စီရမ်) ကို စမ်းရတဲ့ အမြန်နည်း၊ ၁၅ မိနစ်သာ ကြာတယ်။
• iDiagnostics Rapid HIV Test နည်းကို အသိအမှတ် မပြုရသေးဘူး။

HIV Antibodies တခါ မတွေ့ယုံနဲ့ ကူးစက်မှု ကင်းတယ်လို့ ချင်ချင်း ပြောမရသေးပါ။ ၂-၆ ပါတ်ကြာမှာ တွေ့လာ နိုင်တယ်။ ဆေးစစ်လို့ အပေါင်းဖြစ်နေသူဟာ တချိန်မှာတော့ Antiretroviral treatment ဆေးကုဘို့ လိုလာမယ်။ ဆေးဆိုတာက ဗိုင်းရပ်စ်ကို နှေးသွားအောင်နဲ့ ခုခံအားကို ထိန်းဘို့ဖြစ်တယ်။ ပိုးရှိနေပေမဲ့ Safer sex စိတ်ချရတဲ့ လိင်ဆက်ဆံရေး လုပ်နိုင်ပါတယ်။ ကိုယ်အရင်က လိင်ဆက်ဆံခဲ့ဘူးသူတွေကိုလဲ အသိပေးသင့်တယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လဲ ရောဂါ အကြောင်း သိအောင်လုပ်ပါ။ ကာကွယ်နည်း၊ ကုသနည်းတွေ ကြိုတင်ပြင်ဆင်ပါ။

CD4 T-cell count စစ်ဆေးနည်းဟာ HIV ရောဂါရှာတာ မဟုတ်ဘူး။ HIV-positive ပိုးရှိနေသူတွေရဲ့ Immune system ခုခံအား-စနစ်ကို စောင်ကြည့်တာသာ ဖြစ်တယ်။ ရောဂါအခြေအနေ တိုးတက်မှု-ဆုတ်ယုတ်မှုကို တိုင်းထွာတာ ဖြစ်တယ်။ CD4 T-cell counts နည်းတယ်ဆိုတာ ဒီရောဂါတခုထဲမှာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်၊ ဗက်တီးရီးယား၊ ပါရာဆိုက် ဝင်တာ၊ အနာရင်းတာ၊ တီဘီ ရှိတာ၊ မီးလောင်တာ၊ ခိုက်မိတာ၊ (ပရိုတင်း) ကို အကြောဆေးထိုးတာ၊ အာဟာရချို့တဲ့တာ၊ အားကစား လုပ်တာ လွန်ကဲတာ၊ ကိုယ်ဝန်ဆောင်တာ၊ စိတ်ပိုင်း ဖိစီးမှုများတာ နဲ့ အထီးကျန် နေရတာတွေကြောင့်လဲ များနိုင်တယ်။

CD4 counts ပုံမှန်ဆိုရင် 500 ကနေ 1500 CD4+ T cells/microliter ရှိတယ်။ ယေဘုယျ ပြောရရင် အမျိုးသမီးတွေက ပိုနည်းတယ်။ HIV ပိုးရှိနေသူမှာ CD4 T-cell count က 200 cells/μL ထက် နည်းတာ၊ ဒါမှမဟုတ် Opportunistic infections အခွင့်ကောင်းယူ ကူးစက်တာ တခုခုရှိမှသာ ၁၉၉၂ ကတည်းက AIDS လို့ တရားဝင် သတ်မှတ်ပါတယ်။

Dr. တင့်ဆွေ
၃၁-၃-၂ဝ၁၁

ဘဝဆိုတာ ဒီလိုပါဘဲ

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

ကျွန်တော့် နာမည် အောင်စိုးပါ။ …..မြို့နဲ့ …..မြို့ ပြေးဆွဲတဲ့ ….. ဒိုင်နာယာဉ် အသင်း မှာ ဂိတ်စာရေး အလုပ် လုပ်ကိုင်လျှက် ရှိပြီး မိသားစုကို ကျွန်တော် တစ်ဦးတည်း လုပ်ကိုင် ကျွေးမွေး နေထိုင်ခဲ့ပါတယ်။ ကျွန်တော့်မှာ သား ၂ ယောက် ရှိပါတယ်၊ အကြီးက ၉-တန်း - ၁၄ နှစ်၊ အငယ်က ၅ နှစ်၊ ဒီနှစ်မှ ကျောင်းစ ထားတာ၊ သူငယ်တန်းပါ။ သမီး ၁ ယောက်၊ သူက အလတ်၊ ၁၂ နှစ်၊ ရ - တန်း ရောက်နေပြီ။

ကျွန်တော် ကျန်းမာရေး ကောင်းစဉ်က လုပ်ငန်းကို တာဝန်ကျေပွန်အောင် ထမ်းဆောင် ခဲ့ပါတယ်။ ၂၀၀၉ ခု၊ ၄ လပိုင်း လောက်ကစပြီး မထင်မှတ်ဘဲ ဖျားလိုက်၊ ဆေးကုတော့လဲ ပျောက်လိုက်နဲ့ ဖြစ်လာပါတယ်။ သူငယ်ချင်းတွေနဲ့ ကားသမားတွေက ဒီကောင် A လို့ ပြောဆိုကြပါတယ်။ ကျွန်တော် ဂရုမစိုက်မိပါ။ ကိုယ့်ကိုယ်ကိုလဲ မထင်မိပါ။

အဲဒီနောက် ဖခင် ကျန်းမာရေး မကောင်းလို့ ပြုစုတုန်းမှာဘဲ ကျွန်တော် ရုတ်တရက် မူးလဲပြီး အပြင်းဖျားတဲ့ အတွက် ဆေးခန်းကို သွားကုရင်း သွေးစစ်ကြည့်တော့ HIV ပိုး ရှိနေတာ သိခဲ့ ရပါတယ်။ အဲဒီတော့ -လ ပိုင်း ရှိပြီ။

အဲဒီနောက် ချက်ချင်းဆိုသလိုဘဲ ကျွန်တော် တအားပိန်ကျသွားပြီး အသားရောင်ကလဲ မွဲခြောက် သွားတယ်။ ကျွန်တော့်ဆီမှာ လူအ၀င်အထွက် နည်းသွားတယ်။ လက်ဖက်ရည်ဆိုင် ထိုင်နေကျ သူငယ်ချင်းတွေလဲ မလာကြတော့ဘူး။

ကျွန်တော်နေတာကလည်း ကားကြီးဝင်းထဲမှာဘဲ။ လူတွေက အိမ်လဲမလာ၊ ဂိတ်ထဲ သွားပြန်တော့ ကားသမားတွေက ရှောင်။ ကျွန်တော်လာရင် သူတို့သွား။ ကျွန်တော် ရေသောက်ပြီးရင် အဲဒီအိုးမှာ သူတို့ မသောက်ကြတော့။ ကျွန်တော်ကျွေးတဲ့ ကွမ်းဆိုရင် သူတို့ မစားရဲကြ။ တချို့ယူသွားတယ်။ ဒါပေမဲ့ ကျွန်တော့် ကွယ်ရာမှာ လွင့်ပစ်ကြတယ်။

 ရွှေခြင်္သေ့သွားပြီး အသင်းဝင်ပါလား၊ အဲဒီမှာ A တွေ ကုပေးတယ် ဆိုပြီး တချို့က ကျွန်တော့် မိန်းမကို ပြောလိုက်တယ်။ သူက သွားဘို့ ပြောတော့ ကျွန်တော်က ရောဂါရှိတာ တခြားသူတွေ သိကုန်မှာ၊ အဲဒီကို ဒီပုံစံနဲ့ အ၀င်အထွက် လုပ်ရင် ကိုယ့်ဘာသာ လိုက်ကြော်ငြာသလို ဖြစ်မှာပေါ့၊ မသွားဘူးဆိုပြီး အိမ်တွင်း ပုန်းနေလိုက်တယ်။

အဲဒါကို ကျွန်တော့် ဂိတ်မှုးသိတော့ ဒီရောဂါဟာ ရှက်နေရမယ့်ဟာ မဟုတ်ဘူး၊ ကုရင် ရတယ်၊ မင်းတို့ ကိုယ့်ရှိမှ ကိုယ်စားရတာ၊ သူများတွေ ထည့်တွက်မနေနဲ့၊ သွား ကုကြလို့ လာပြောမှ ရောက် သွားတော့တာ။ ဂိတ်မှုးက ကျွန်တော့်တင် မဟုတ်ပါဘူး၊ ဘယ်လိုဆိုရင် ကူးတယ်၊ ဘယ်လိုဆိုရင် မကူးဘူး ဆိုတာတွေကို ကားသမားတွေကို ရှင်းပြတယ်။

သူက စာဖတ်တယ်၊ ပညာတတ်တယ်၊ ပညာပေးစာစောင်တွေ ဖတ်ပြီး သေချာရှင်းပြတယ်။ အထူးသဖြင့် ကျွန်တော့်ကို ကြောက်ကြတဲ့သူတွေကို ပေါ့ဗျာ။ ပြီးတော့ ဂိတ်မှုးက ကျွန်တော် အလုပ် မဆင်းနိုင်တော့ပေမယ့် ကျွန်တော့်နေရာကို လူစားထိုးမခန့်ဘဲ ကျွန်တော့် အတွက် ခွဲတမ်းကို နဂိုတုန်းက အတိုင်းဘဲ ပေးတယ်။ သူက ကျွန်တော့်မိန်းမကို ဈေးဘိုး လိုသလောက်သာ လာထုတ် ဆိုပြီး စာရင်းနဲ့ သေချာထိန်းပေးထားတယ်။

ရွှေခြင်္သေ့ရောက်တော့ သူတို့အကူအညီနဲ့ ဆေးရုံမှာ မိသားစုလိုက် သွေးစစ်ဖြစ်တယ်။ ကျွန်တော့်မိန်းမရယ်၊ အငယ်ဆုံးသားလေးရယ် ထပ်တွေ့တယ်ဗျာ။ အဲဒီသတင်းလည်း ကြားရော တမြို့ထဲနေ ကျွန်တော့် ညီမရောက်လာပြီး အကြီးနှစ်ယောက်ကို ကူးမှာစိုးရတယ် ဆိုပြီး လာခေါ် သွားပါရော။ သူရော၊ ရွာမှာနေတဲ့ ညီမရောက အိမ်ကို လာတော့ ရောက်လာတတ်တယ်။ ဒါပေ မယ့် သူတို့ ရေဘူးနဲ့သူ၊ အစားအသောက် အသုံးအဆောင် ဘာဆို ဘာမှ မတို့ မထိတော့ဘူး။

ဒီရောဂါဟာ အလွယ်တကူ ကူးစက်လိမ့်မယ် ထင်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒီရောဂါပိုးဟာ အလွယ်တကူ မကူးစက်နိုင်ဘူးဆိုတာ ကိုယ်လဲ ကိုယ်ကိုယ်တိုင် ဖြစ်လို့ အဖွဲ့ထဲ ရောက်မှ ပေးတဲ့ စာရွက်တွေ ဖတ်ရင်း၊ ဆရာတွေ ပြောတာတွေ နားထောင်ရင်း၊ အချင်းချင်းတွေ ဆွေးနွေးပြောဆိုကြရင်းကနေ နားလည် လာတော့တာကိုး။

ရွှေခြင်္သေ့ရောက်လို့ ဆေးကုရ၊ ဆေးရုံကလဲ ဆေးအချို့ရ၊ ယူနီဆက်က ဖွင့်တဲ့ CHBCDRC (Dannish Red Cross)၊ သူတို့ဆီကလဲ အကူအညီတွေ အထောက်အပံ့တွေလဲရ ဆိုတော့ စိတ်ဓာတ်တွေလဲ တက်လာ၊ အိမ်ပြင်လဲ ပြန်ထွက်ရဲလာပေါ့လေ။

ကံကောင်းချင်တော့ ကျွန်တော့်အတွက် ဆေးအလှူရှင် ပေါ်ပြီတဲ့၊ ရွှေခြင်္သေ့က လာအကြောင်း ကြားတယ်။ မိသားစုဝင်များတဲ့သူတွေနဲ့ မဖြစ်မနေ ဆေးကျွေးရတော့မယ့် သူတွေကို ဦးစား ပေးတာတဲ့။ ကျွန်တော်ကတော့ နှစ်ချက်လုံး ဆိုင်နေတယ်။ မန္တလေး သွားရမယ်၊ ဒီမှာက CD4 စစ်တာတို့၊ အထူးကုဆရာဝန်တို့ ဘာမှ မရှိဘူးလေ။ လမ်းစားရိတ် စားစရိတ်တော့ ကိုယ့်ဘာသာ ကျခံရမယ်၊ ကျန်တာ အလှူရှင်က အကုန် တာဝန်ယူတယ်တဲ့။ အဲဒီစားရိတ် သုံးလေးထောင် လောက်ကိုဘဲ မတတ်နိုင်လို့ ထားခဲ့ပါတော့ ဆိုတဲ့သူ ၃ ယောက် ရှိတယ်။ သူတို့ကိုတော့ ရွှေခြင်္သေ့ကဘဲ စားရိတ်ပေးခေါ်ခဲ့တယ်။

 အဖွဲ့က စေတနာ့ဝန်ထမ်းတွေက ဦးဆောင်ပြီး ကျွန်တော်တို့ ပျော်ပျော်ပါးပါးကြီး သွားခဲ့ကြ တယ်ပေါ့ဗျာ။ ဟိုမှာ ဘုန်းကြီးကျောင်း တကျောင်းက တည်းဘို့ နေရာပေးပါတယ်။ အဲဒီ ဘုန်းကြီးကျေးဇူး အင်မတန်ကြီးပါတယ်။

မဟုတ်ရင် ကျုပ်တို့လို ရုပ်ပျက်ဆင်းပျက်လူမမာတွေ တပြုံကြီးကို လက်ခံမယ့်နေရာ မရှိပါဘူး။ တကယ်ဘဲဗျာ၊ လမ်းမှာရော ဆေးခန်းမှာရော ထမင်းဆိုင်မှာရော ကျွန်တော်တို့ကို ဝိုင်းကြည့် ကြတဲ့လူတွေ မနဲဘူး။ ဆေး စစားတဲ့  ၇ ယောက်ထဲက ၃ ဦး ဆုံးသွားတယ် ။ ကံကောင်းထောက် မစွာ ကျွန်တော်ဘာမှ မဖြစ်ခဲ့ဘူး။

ပိုကံကောင်းတာက ကျွန်တော့်အမေဘက်က ဆွေမျိုးတော်တဲ့ ဆရာဝန်တစ်ဦးက ကျွန်တော့် အဖြစ်အပျက်ကို ကြားပြီး လှမ်းခေါ်တယ်။သူက …….. ရုံးက HIV/AIDS ရောဂါတိုက်ဖျက်ရေး စီမံချက် အရာရှိ။ သူက လားရှိုးမြို့ AZG မှာ ကျွန်တော့်မိသားစု ၃ ယောက်လုံးအတွက် ARV ဆေး ရနိုင်တဲ့ အကြောင်း၊ ကားသမား ဖြစ်တဲ့အတွက် လမ်းစရိတ်ပါ ရနိုင်တဲ့အကြောင်း ရှင်းပြတယ်။ အလွန် ကံကောင်းထောက်မလို့ ကျွန်တော်တို့ ၃ ယောက်လုံး ဆေးရခဲ့တယ်။ ဝေးပေ ပင်ပန်းပေ မယ့် ပင်ပန်းကျိုးနပ်ပါတယ်။ ကျွန်တော့်အတွက် အလှူရှင်ဆီက လှူတဲ့ဟာကိုတော့ အခြေအနေ ဆိုးတဲ့ ဘဝတူတစ်ယောက် အတွက်ပေါ့ဗျာ။

နောက် ကျွန်တော့် သားချင်းတစ်ယောက်၊ သူ့ယောကျာ်းက ၂၀၀၁ ခုနှစ် ထဲက ဒီရောဂါနဲ့ ဆုံးသွားတာ၊ သူလဲ ၂၀၀၈ -၂၀၀၉ မှာ ပိန်ပြီး လက္ခဏာတွေ ပြလို့ ရွာမှာ အိမ်တွင်းပုန်း ပြန်လုပ်နေတာ။ သူ့အဖေက သူ့သမီးလေး လူတွေသူတွေ မြင်ပြီး အပြောခံရမှာစိုးလို့ နေ့ဆို အိပ်၊ ညကျရင် ထ၊ အိမ်ထဲ လမ်းလျှောက်၊ တိုင်းရင်းဆေးတွေ ကျွေး၊ အဲလို ထားတာ၊ ပြောရရင် သေ တော့မယ်။ အဲဒါ ကျွန်တော်တို့ အကြောင်းတွေ ပြောပြပြီး သူ့ကို လှမ်းခေါ်၊ ရွှေခြင်္သေ့ လိုက်ပို့၊ AZG ခေါ်သွား၊ အဲဒီမှာ သူ့ကို ဆေးစတိုက်တော့ သူ့ CD4 က ၇ ဘဲ ရှိတော့တယ်။

ခု သူလဲ ကောင်းနေပြီ၊ အလုပ်တောင် ပြန်လုပ်နေပြီ။ တခြား ဘ၀တူ ၆ ဦးကိုလည်း ဆေးရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ နောက်ထပ်လဲ သွားချင်တဲ့သူတွေကို လိုက်ပို့နေအုံးမှာပါ၊ ကျွန်တော့် အမျိုးသမီးက ပို့တာပါ၊ ကျွန်တော်က ဂိတ်ပြန်ဆင်း နေရပြီလေ။

၂၀၁၀၊ ၂ လပိုင်းလောက် ရောက်တော့ ကျွန်တော် ကျန်းမာရေးအတော် ကောင်းလာပြီ၊ အသားအရေလည်း ပြန်ပြည့်လာတယ်။ အလုပ်လဲ ပြန်ဆင်းနိုင်လာတယ်။ မိသားစု စားဝတ်နေရေး လဲ အဆင်ပြေလာတယ်။ အရင်က ရှောင်ခဲ့ ရှားခဲ့သူတွေလဲ ပုံမှန်ပြောဆိုဆက်ဆံစ ပြုလာတယ်။ ကျန်းမာရေးမကောင်းတုန်းက စက်ဆုပ် ရွံရှာတဲ့ ပုံသဏ္ဍာန် လက္ခဏာများနဲ့ ခွဲခြားဆက်ဆံခဲ့ ကြတာတွေလဲ အခု မရှိတော့ပါဘူး။

ကားဝင်းနဲ့ ဂိတ်ထဲမှာရှိတဲ့ မိတ်ဆွေတွေ ကားသမားတွေက အောင်စိုးကြီး ဒီလို မမျှော်လင့်ဘဲ ကျန်းမာရေး ပြန်ကောင်းလာတာ အံ့သြစရာဘဲ၊ ငါတို့က သေမယ်လို့ ထင်ထားတာဘာညာနဲ့ မေးခွန်းမျိုးစုံ မေးရင်း ဖြေရင်း ဆက်ဆံရေးတွေ ပြန်ကောင်းလာတာပေါ့ဗျာ။

HIV နဲ့ ပတ်သက်ပြီး သောက်ရတဲ့ဆေးတွေ ဗဟုသုတတွေ ကျွန်တော်က သူတို့ကို လက်ဆင့် ကမ်း ပြောပြနိုင်ခဲ့တယ်။

အဖြစ်ဆိုးကြီးက ပြန်ကောင်းအောင် ရုန်းထွက်နိုင်ခဲ့ပုံကိုလဲ ရှင်းပြရတယ်။ HIV နဲ့ နေထိုင်နည်း တွေကိုလည်း ပြောပြရတယ်။ ကျွန်တော့် ပတ်ဝန်းကျင်က သိချင်တဲ့သူကလဲ အတော်များသား။

ဒါပေမဲ့ဗျာ ARV သောက်လို့ သက်သာကောင်းမွန်နေမှန်း သိတာတောင် ဓာတ်လိုလို ပျောက်စေ လိုလိုနဲ့ တွေ့တဲ့အခါ သောက်လဲစ ဆေးဖြတ်လို့ ဒုက္ခပင်လယ်ဝေ နေသူတွေလဲ ရှိတာဘဲဗျ …..

အောင်စိုး
ဒီဇင်ဘာ ၂၂၊ ၂၀၁၀

Thet Htar Lwin – Almost Dead

သက်ထားလွင်
မတ် ၂၅၊ ၂၀၁၁
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
ကျမနာမည် သက်ထားလွင်ပါ၊ အသက်လား ၃၉ နှစ် ရှိပြီ။ကျမ ၁၀ နှစ်သမီးအရွယ်မှာ အဖေဆုံးသွားတယ်။ အမေက ဈေးရောင်းကျွေးတယ်။ ကျမတို့မှာ မောင်နှမသုံး ယောက်ရှိတယ်။ အကိုက မြစ်ကြီးနားမှာ၊ သူတို့မိသားစုက ကိုယ့်ထမင်းဆိုင်လေးနဲ့ကိုယ်တောင် ဖြစ်နေကြပြီ  လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြစ်ကြီးနားရောက်သွားတယ်။ ၁၀နှစ်မှ တစ်ခါ တွေ့ရသလိုမျိုးပေါ့၊ ဒါတောင် ကျမတို့က သွားလည်လို့။
ညီမက ထမင်းချက်၊ အ၀တ်လျှော်၊ သူ့ယောက်ျားက ဆိုက်ကားနင်းတယ်။ သူတို့က ကလေး ၅ ယောက်၊ အကြီးမက ၂၁ နှစ်၊ သူ့ အောက်က ၁၈ နှစ်၊ အဲဒီ ၁၈ နှစ်မက အိမ်ထောင်ကျသွားပြီ။ သူတို့အောက်က ကောင်လေးက ဆိုင်ကယ်ဝပ်ရှော့မှာ၊ အဲဒီအောက်က ၆ တန်း တယောက်၊ သူငယ်တန်း တယောက်။
ကျမက အင်း ကျမလဲ ၁၇ နှစ်မှာ ယောက်ျားရတယ်၊ ကျမတို့ မင်္ဂလာဆောင်ပြီး တလလောက်နေတော့ ရှစ်လေးလုံးဖြစ်တာဘဲ။ ယောက်ျားက တပ်ပြေး၊ အစက မသိဘူး။ သားလေး ၁ နှစ်နဲ့ ၇ လသားမှာ တပ်ပြေးမှုနဲ့ အဖမ်းခံရတယ်၊ ထောင် ၁ နှစ်ကျတယ်။ အရေးအခင်းပီး တလလောက်နေတော့ အမေက နောက် ယောက်ျား ယူရော၊ ပီးတော့ ညီမလဲ ယောက်ျားရ၊ ကျမတို့ သားအမိသုံးယောက် ရှေ့ဆင့်နောက်ဆင့် အိမ်ထောင်ကျတယ် ပြောရမှာပေါ့။
အမေက သူ့ယောက်ျားရှိရာ ရွှေတောလိုက်သွားတယ်။ နောက်ပိုင်း ကျမတို့လဲ ရွှေတောလိုက်သွားကြတယ်။ ကျမတို့က အင်ဝိုင်းလှည့်ပေါ့၊ ရွှေဖမ်းတာလေ၊ နေတာက ကံတောင်ရွာမှာ၊ ရွှေရောင်းရင်တော့ ကျည်တောက်ပေါက် သွားရောင်းရတယ်၊
အဲဒီမှာ ကျမယောကျာ်းရဲ့သတင်းတွေ ကြားရပါတယ်။ ရွှေရောင်းရင်း သောက်စား၊ ပျော်ပါး၊ အဲဒီမှာ “ဖိုး ဖဲ ဖာ”  အကုန်ရတာကိုး။ အဲဒီတုန်းက ကမ္ဘာကြီးတစ်ခုပေါ့။ နောက်ပိုင်း ဖက်စပ်တွေဝင်လာတော့ အလုပ်မဖြစ်တော့ဘူး၊ အဲဒီတော့ ပထွေးက သူ့ရွာပြန်တယ်၊ အမေက ကျမကလေးပါ ခေါ်သွားတယ်။ ကလေး ၅ လသားထဲက ရွှေတောရောက်တာ၊ ရောက်ကတည်းက အမေထိန်းတာ၊ ယောက်ျားကလဲ အမြဲမူးရူးနေတော့ သူ့မြေး စိတ်မချဘူးဆိုပြီး ခေါ်သွားတယ်။
ကျမတို့က …..ပြန်နေတယ်။ အဘွားအိမ်မှာ၊ ရေလှည်းဆွဲ၊ ပန်းရံလုပ်၊ ဒိုင်မှာ စပါးရွက်။ နောက်တော့ ယောက်ျားဘက်လိုက်နေတယ်။ သူက ခရစ်ယာန်၊ သူတို့အရပ်က သားသတ်လုပ်ငန်းလုပ်တယ်။ သူက အမဲဝင်းတွင်းသားကိုင်တယ်၊ နွားရဲ့ ၀မ်းတွင်းဖတ်တွေ ဆေးပြီးပြုတ်ရတာ။ တကောင် ၂၀၀ ရတယ်။ ပြီးတော့ ၀က်ထုတယ်၊ တရက် နှစ်ကောင် သုံးကောင် သတ်ရတယ်။ ကျမလဲ သူ့အလုပ်တွေ ၀ိုင်းလုပ်တယ်။ နောက်ပိုင်း အဲဒါတွေ မလုပ်ချင်လို့ ကျမငါးရောင်းတယ်၊ ငါးဒိုင်က ငါးပေါက်စတွေ ယူပြီးရောင်းတာ။ သူကတော့ အရက်သောက်လိုက်၊ ဟိုအိမ်ဒီအိမ်က ခိုင်းတာ လုပ်လိုက်။ ကျမတို့လဲ ကွဲလိုက် ပေါင်းလိုက်။ သူက ဆိုးတယ်၊ ဆန်၊ ဆီသာ မရှာတာ၊ ရှိတဲ့ ဆန်၊ ဆီနဲ့ လဲသောက်တယ်။
တကယ်တော့ ကျမတို့မှာ ကလေးက ၃ ယောက်၊ သားဦးလေးက ရ လနဲ့ ဆုံးတယ်၊ ဒုတိယသမီးလေးက ၅ လမှာ ဆုံးတယ်၊ သူငယ်နာ ကြံ့ဗဟုံး ရောဂါနဲ့။ အခုဟာက အငယ်ဆုံး၊ သူက ၁၄ နှစ်ရှိပြီ၊ ကျွန်မကျောင်း ခေါ်ထားသေးတယ်။ သုံးတန်းကျတော့ ရွာပြန်သွားတယ်။ ရွာမှာ  ဆိတ်အငှား ကျောင်းတယ်။ ကျောင်းတက် တုန်းက အရပ်ထဲက ပလပ်စတစ်ကောက်တဲ့ကလေးတွေနဲ့ လိုက်လိုက်ကောက်ဘူးတော့ တခါတလေ ……ကို လာပြီး အဲဒီကလေးတွေနဲ့ အကောက်လိုက်ကောက်ရင်း လမ်းဘေးနေချင်လဲ  နေတတ်တယ်။
နောက် ကျမလဲ ငါးမရောင်းဖြစ်ပြန်ဘူး၊ သူ့ဦးလေးရဲ့ မိန်းမရဲ့ အရက်ဖိုမှာ အရက်ကူချက်တယ်၊ တပေါင်း နှစ်ကျပ်ခွဲရတယ်၊ တရက် ၁၀ပေါင်း၊ ၁၅ ပေါင်းလောက်ရတယ်၊ ပဲ့ရေနဲ့ ဦးရေစပ်ချိန်မှာ မြည်းရင်း အရက်သောက်တတ်လာတယ်။ အရက်မချက်ဖြစ်တော့လဲ တရက် တဖန်ခွက် ၀ယ်သောက်တယ်၊ တဖန်ခွက် ဆိုတာ နှစ်ဖန်ခွက် တချိုးလေ။ အလုပ်လား  ကန်ဇွန်းရွက် ခူးရောင်းတယ်၊ နောက်ပိုင်း ကျမလဲ သူ့ဒဏ်ဆက် မခံနိုင်တော့ဘူး၊ ကိုယ်ကဘဲလုပ်ကျွေးနေရတာ၊ အပြတ်ဘဲ ကွဲလိုက်တော့တယ်။
သူနဲ့ကွဲတော့ ညီမအိမ် သွားနေတယ်၊ သူတို့က ကွက်သစ်မှာ၊ ကိုယ့်ဝင်းလေးနဲ့ကိုယ် ဖြစ်နေပြီ။ သူတို့အရပ်က လူတွေက ပလပ်စတစ်ကောက်ကြတာများတယ်၊ ကျမလဲ တခြားအလုပ် ရှာမနတော့ဘူး၊ အကောက် လိုက်တယ်။ ရွာတွေ လိုက်ကောက်တာ၊ ကော်ဗူး၊ ဓာတ်ဘူးခွံ၊ ရော်ဘာဖိနပ်ပြတ်၊ ရေသန့်ဗူးခွံ၊ သွပ်ပုန်းစုတ်၊ သွပ်ပြားစုတ်၊ ပီနံအိတ်၊ ဂျပ်ဖာ ပြန်ရောင်းလို့ရတာ အကုန်ကောက်တာဘဲ။ စက်ဘီးငှားခ လေးရာရယ်၊ စားစရိတ်ရယ် နှုတ်လိုက်ရင် တရက် ၃၀၀၀ လောက် ကျန်တယ်။
မြို့ပေါ်တော့ မကောက်ဖြစ်ဖူး၊ ရှက်လို့။
ပိုက်ဆံက မစုဖြစ်ဘူး၊ တူမတွေကို မုံ့ဝယ်ကျွေးတယ်၊ ကွမ်းစားတယ်၊ ဗီဒီယိုကြည့်တယ်၊ အရက်ဖိုးနဲ့ နှစ်လုံး သုံးလုံးဖိုးကလဲ ကုန်သေးတယ်။ ထမင်းဖိုးက ညီမကို တရက် ၅၀၀ ပေးရတယ်။
ကိုယ့်ဟာလေးနဲ့ကိုယ် အဆင်လေးပြေနေတုန်းမှာ ၂၀၀၇ ရောက်တော့ ပြဿနာ စတော့တာဘဲ။ ရေယုန်ပေါက်တယ်၊ မှက်ခရုပေါက်တယ်၊ ဖျားတယ်၊ ကျက်ကျက်တောက်အောင် ဖျားတာ။ ရုပ်ပျိုတိုင်းရင်း ဆေးကုဌာနမှာ သွားကုတယ်၊ ၁၀ ရက်စာ ဆေးပေးတယ်၊ တခါပြ ၂၀၀၀၊ ၂ ခါပြပြီး  မသွားတော့ဘူး။
ညီမက သူ့သူငယ်ချင်းနဲ့ သွားတိုင်ပင်တယ်၊ မစိုးတဲ့။ သူက ငါတို့ဆရာတွေနဲ့ တိုင်ပင်ကြည့်ပါလားဆိုတော့ ရွှေခြင်္သေ့ ရောက်သွားရော။ အဲဒီက ကိုကောင်းမြတ်နဲ့ ကိုဖိုးနီတို့က ဆေးရုံကို လိုက်ပို့ သွေးစစ်ပေးတယ်။
အဖြေသိရတော့ ၀မ်းနဲပြီး ငိုလိုက်ရတာ။ ဝါဆေးသောက်ပြီး သေပစ်လိုက်ရမလား စဉ်းစားတယ်၊ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာငရဲမှာ ကျခံရမယ်လို့လဲ ကြားဘူးတယ်၊ ပိုးရှိတယ်လို့ သိသွားကြရင်ဘယ်သူမှ ခေါ်တော့မှာ မဟုတ်တော့ဘူး၊ လူပေါင်းဆန့်တော့မှာ မဟုတ်ဘူး၊ အထင်အမြင်ကလဲ သေးကြတော့မှာ ဆိုပြီး ဆေးရုံထဲမှာ ငိုနေတာ။
အိမ်ရောက်တော့ ညီမက “ညည်း စားပြီးသား ထမင်းလဲ ငါစားနိုင်တယ်၊ ကုလို့ရတယ်”ဆိုပြီး အားပေးတယ်၊ အမေကလဲ ရောက်နေတယ်၊ မကြာပါဘူး။
ညီမက “အမေ သမီးမထားနိုင်ဘူး၊ ရွာခေါ် သွား”လို့ပြောရော၊ “ရွာခေါ်လို့ ဘယ်ဖြစ်မှာတုံး၊ ဒီလိုမျိုးကြီး ဖြစ်နေမှတော့၊ ကားစောင့်တဲ့ဒဏ်လဲ ခံနိုင်မှာ မဟုတ်ဘူး” ဆိုပြီး အမေကလဲ မခေါ်ဘူး။အဲဒီအချိန်မှာ ရပ်ကွက်လူကြီးက သူနဲ့သိတဲ့ CHBC အဖွဲ့က တယောက်ကို ကျမအကြောင်း ပြောပြ တော့ လာကြည့်တယ်။ ညီမနဲ့ညှိပြီး ၀င်းထဲမှာ တဲသတ်သတ်ထိုးပေးတယ်။ အဲဒီတဲကို ပြီးခဲ့တဲ့ လကဘဲ သူတို့ဘဲ ထပ်ပြင်ပေးတယ်၊ ၂၃ ရက် နေ့က။ ( ၂၃ ၊ ၇ ၊၂၀၁၀ ) နောက်တော့ ရွှေခြင်္သေ့က ဆရာမရဲ့ဆေးခန်းမှာ ဆေးသွား သွားကုရတယ်၊ အဖျားပျောက်၊ အနာပျောက် သွားတယ်၊ ကိုယ့်တဲ ကိုယ့်အိုး ကိုယ့်ခွက် ကိုယ့်ဇွန်း ကိုယ့်ပုဂံနဲ့ ဖြစ်သွားတယ်။ ဓားနဲ့ ပတ်သက်တာ ဘာမှ မလုပ်ရဘူး၊ ရေခပ်ရတယ်၊ ထမင်းချက်ရတယ်၊ ဟင်းမချက်ရဘူး၊ ကလေးကူးမှာစိုးလို့ဆိုပြီး ညီမက သူ့ကလေး ကို အထိမ်းမခံတော့ဘူး၊ ဒီကလေးက ခါတိုင်း ကိုယ် ကုတ်ပေး ပုတ်ပေးမှ အိပ်တာ၊ “နင့်အမေနဲ့ ငါနဲ့ မခေါ်တော့ဘူး၊ မလာနဲ့တော့” လို့ ပြောပြောလွတ်တော့  “ဒေါ်လေးကို မချစ်တော့ဘူး၊ ဒေါ်လေးက အရင်လို မဟုတ်တော့ဘူး” ဆိုပြီး ငိုပြန်သွားရှာတယ်။
အနှီးထုတ်ဘ၀ထဲက ကိုယ်ထိန်းလာခဲ့တာ ဝမ်းနည်းတာပေါ့။ တချို့အိမ်တွေက သောက်ရေအိုးက သောက်ရင် မကြိုက်ကြဘူး။ အဲဒါကြောင့် အိမ်တွေအလည်သွားရင် ဒီ့ပြင် ရေအိုးတွေကဘဲ ရှာသောက်လိုက်တယ်။ အိမ်လည်သွားတော့ တချို့က မလာနဲ့၊ တို့ပါ ကူးလိမ့်မယ်လို့ ပြောကြ တယ်။ TV သွားကြည့်ရင် မကြိုက်တဲ့ပုံစံပြတယ်။ မုန့်သွားဝယ်ရင်လဲ ဆိုင်ကမရှိဘူးလို့ ပြောတယ်။ ကျွန်မ ပိုက်ဆံ မကိုင်ရဲလို့လေ။  အရင်က ဟင်းလေးဘာလေးတောင်းရင် ပေးနေကြအိမ်တွေကလဲ HIV မှန်းသိတော့ မပေးကြဘူး။ ကျွန်မတို့အိမ်ဘေးမှာ တောင်းစားတဲ့သူတွေ ရှိတယ်လေ၊ အရင်က ဘုရားပွဲတို့၊ အလှူတို့က တောင်းပြန်လာရင် ကျွေးတတ်ကြတယ်။ အခု မကျွေးကြတော့ဘူး။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းပေါ့။
အရပ်ထဲက ဒေါ်ကြွယ်ဆိုတဲ့ မိန်းမကြီးအိမ်တအိမ်ပဲ သွားလို့ရတယ်။ သူက ငွေတိုးပေးတယ်။ သူ့အိမ် လာတဲ့သူတွေကို ခုလိုအတူတူစား၊ အတူတူစကားပြောရုံနဲ့ မကူးဘူး၊ ဘာမှမဖြစ်ဘူးလို့ လာသမျှလူကို ပြောလွှတ်တယ်။ သူကဗဟုသုတရှိတယ်။
HIV ရှိလို့ အရပ်ထဲပေါင်းမယ့်သင်းမယ့်သူတွေ လျော့သွားပေမယ့် CHBC တို့၊ ရွှေခြင်္သေ့တို့  ဟို….ဒိန်းမတ်ကြက်ခြေနီတို့က လူတွေရောက်လာကြတယ်။ အဲဒီ ၃ ဖွဲ့က အာဟာရ အထောက်အပံ့တွေလဲ ရတော့ အလုပ်မလုပ်နိုင်ပေမယ့် စားရေးသောက်တာ မပူရပြန်ဘူး။ ရသမျှ ညီမလက်ထဲ အကုန်ထည့်ပေးလိုက်တယ်။ ကိုယ်လိုမှ တောင်းသုံးတယ်။ အဖွဲ့တွေက လာရင် ဆိုင်ကယ်တွေနဲ့၊ ဖုန်းတွေက လဲ ပါကြတော့ အရပ်ထဲက အထင်ကြီးပြီး ပြန်ခေါ်လာကြတယ်။ အစည်းအဝေးပွဲတွေ တွေ့ဆုံပွဲတွေလဲ ခဏခဏတက်ရတော့ ဗဟုသုတတွေလဲ ရလာတယ်။ အရပ်ထဲ ပြန်ပြောပြနိုင်တော့ အထင်မသေးတော့တဲ့ အပြင် အထင်တောင် ပြန်ကြီးခံ နေရတယ်။ အထင်ကြီးခံရလို့ အကြီးအကျယ်ဒုက္ခရောက်တဲ့ အကြောင်း နောက်မှာ ပြောပြအုံးမယ်။
ဆေးခန်းသွားသွားကုနေရတော့ ဖျားတာနာတာတွေ ပျောက်သွားတယ်။ ဝေးဝေးလံလံတော့ အကောက်မထွက်နိုင်တော့ဘူး။ ရပ်ကွက်ထိပ်မှာ ကောက်ညှင်းပေါင်းလေး ရောင်းစားချင်တယ်ဆိုတော့ ရွှေခြင်္သေ့က အရင်းအနှီးထုတ်ပေးတယ်။ မကြာဘူး၊ အရင်းပြုတ်သွားတယ်။ IG ဆိုလား ဘာဆိုလား ငွေချေးလို့ ရတယ်ဆိုတော့ ညီမကလဲ သူ့အဝတ်လျှော်ထမင်းချက်အလုပ်က သိပ်အဆင်မပြေဘူးဆိုတော့ အိမ်ဆိုင်လေး ဖွင့်ပါလား ငါ ပိုက်ဆံချေးပေးမယ်ဆိုပြီး ရွှေခြင်္သေ့ကနေ ချေးပေးလိုက်တယ်။ အဲဒါလဲ မကြာပါဘူး၊ အရင်းပြုတ် ပြန်ရော။ အာမခံပေးတဲ့ ဦးတိုးလွင်က စိုက်ဆပ်ပေးထားတာလို့ ကြားတယ်။
ဆရာမကလဲ သူ့ဆေးခန်းလာပြရင် မုန့်ဖိုးပေးတတ်တယ်။ ဒီလိုနဲ့ ကောင်းလိုက်ဆိုးလိုက် ဖျားလိုက်နာလိုက် ဆေးကုလိုက် တောင်းစားလိုက် ကောက်စားလိုက် ပေးစာစားလိုက် ကျွေးစာစားလိုက်နဲ့ နေခဲ့တာ အင်း  သေမလိုလိုဖြစ်လိုက် ပြန်ရှင်လိုက်လို့ ပြောရမှာပေါ့။
တရက်တော့ ရွှေခြင်္သေ့က လာခေါ်တယ်။ ARVဆေးအလှူရှင်ပေါ်ပြီ၊ သက်ထားလွင် နင့်ကို ထည့်ထားတယ်။ မန္တလေးမှာ အထူးကုနဲ့သွားပြရမယ်။ ပျော်လိုက်တာ မပြောပါနဲ့တော့၊ ကိုယ့်ကားခတော့ ကိုယ်ခံရမယ်၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားရမယ်ဆိုတော့ ကျမမှာ ကားခနဲ့ စားဖို့ကမရှိပြန်ဘူး။ ထုံးစံအတိုင်း ဦးတိုးလွင်ကဘဲ အကုန်ခံပေးပါတယ်။ ကျမရယ် နောက်နှစ်ယောက်ရယ်ပေါ့။
ARVဆေးအကြောင်းက ရွှေခြင်္သေ့က တွေ့ဆုံပွဲတွေမှာ ခဏခဏကြားနေရတာ၊ စားတဲ့သူတွေလဲမြင် ဘူးတယ်။ တယ်စွမ်းတဲ့ဆေးပါပဲ၊ စားပြီး  နှစ်လလောက်နေတော့ လမ်းလျှောက်ရတာ မြေကြီးနဲ့ထိတယ်ကို မထင်ဘူး။
ရွှေခြင်္သေ့ကနေ PLHA တွေကို စိတ်အပန်းဖြေ ပုဂံဘုရားဖူး ပို့ပေးတယ်။ Volunteers တွေရောပါတယ်။ ပျော်စရာကောင်းလိုက်တာ၊ တလမ်းလုံး ဆိုကြ၊ ကကြ၊ ပြောင်ကြနောက်ကြနဲ့၊ ကျမကို အကူအညီပေးနေကြ PLHA အမကြီးတယောက်က ဓာတ်ပုံတွေ အများကြီးရိုက်ပေးတယ်။ အဲဒီလို ခရီးတွေပါသွားရတော့ ကျမကို အထင်ကြီးပြီး ခရီးတခုလိုက်ပို့ပေးဖို့ အကူအညီတောင်းတာခံရတယ်။ အဲဒါ အထင်ကြီးလို့ ကျမဒုက္ခရောက်ခဲ့ ရတဲ့ အကြောင်းလေ။
ကျမ မတ်တော်မောင်ရဲ့တူ၊ သူက ကျွန်မတို့အရပ်ထဲက တခုလပ်မလေးကို ယူထားတာ၊ သူ့မိဘတွေ က မကွေးက၊ သူ့အမေလာတော့ အပြန်မကွေးလိုက်သွားတယ်၊ ၄ ရက်လောက်ကြာမယ်ဆိုပြီး ၁၀ ရက်ထိ ပြန်မလာတော့ သူ့မိန်းမက ဖုန်းဆက်တယ်။ နင်လိုက်ချင်လိုက်ခဲ့၊ ငါတော့ ပြန်မလာသေးဘူးဆိုတော့ ကျမကို လိုက်ပို့ဖို့အကူအညီတောင်းတယ်။
ဒါနဲ့ဘဲ အဟောင်းကောက်တဲ့ဆိုင်က ငွေ ၁၀၀၀၀ိ/ထုတ်ပြီး လိုက်သွားကြတယ်။ ကားကွင်းသွားရင်း ဆေးဝင်တောင်းတယ်။ ဆေးတောင်းတော့ ဆေးကိုင်တဲ့သူနဲ့ မတွေ့ဘူး။ ဆေးထုတ်ဖို့ရက်လဲ လိုသေးတယ်၊ အဖွဲ့မှာ တွေ့သူတွေက အကြောင်းရင်းကိုမေးပြီး ကိုယ့်ကိစ္စလဲ မဟုတ်ဘဲ ခရီးမသွားဖို့ ပြောတယ်။ ကျမကို တားမရတော့ ဆေးလက်ကျန်မေးတယ်၊ လက်ထဲမှာ ၇ ရက်စာကျန်သေးတယ်ဆိုတော့ ရှိတဲ့ဆေးတွေကလဲ ဘယ်သူ့အတွက်မှန်းမသိတော့ တပတ်စာယူသွား၊ ဆေးမကုန်ခင်ပြန်လာခဲ့ဆိုပြီး ပေးလိုက်တယ်။
ကျမခရီးသွားတာက သင်္ကြန်မတိုင်ခင်၊ သင်္ကြန်မှာ ကားလိုင်းတွေ ၁၀ ရက်ပိတ်တယ်။ သင်္ကြန်ပြီးပြီးချင်းပြန်ရင်တော့ မှီတယ်။ ဒါပေမယ့် ဘုန်းကြီးပျံရှိတယ်၊ မပြန်ပါနဲ့အုန်းဆိုလို့ မပြန်ဖြစ်ဘူး။ နောက်ပြီးတော့ သူတို့က ပြန်စရိတ်လဲ မပေးနိုင်ကြဘူး။ ဆေးကလဲ မဝယ်တတ်ဘူး၊ တကယ်တော့ ဝယ်စရာပိုက်ဆံလဲ မရှိဘူး၊ အဲဒီက ဝေဒနာရှင်တွေဆီ ရှာဖွေစုံစမ်းတော့ သူတို့မှာလဲ ဆက်ထရင်လောက်ဘဲရှိတာ၊ ဆေးမကုန်ခင်ရက်လောက်က ကျမပေးထားတဲ့ဖုန်းနံပါတ်ကို ရွှေခြင်္သေ့ကလှမ်းဆက်တယ်။ ဒါပေမယ့် ဆက်သွယ်လို့မရဘူးတဲ့။ ဆိုပါတော့ ကျမဆေး ၁ လလောက် ပြတ်သွားတယ်။ အဲဒီမှာ ကျမအကြီးအကျယ်ဖျားတယ်၊ အာသီးနာတယ်၊ နဂိုအောင့်တဲ့ ရင်ကပြန်အောင့်တယ်၊ အဲဒီတော့မှ သူတို့ဆီမှာဘဲ သေမှာကြောက်လို့လားမသိဘူး၊ ဟိုအိမ်က၁၀၀၀ိ/ ဒီအိမ်က ၁၀၀၀ိ/နဲ့ ငွေ ၅၀၀၀ိ/ ချေးပြီး ကားပေါ်တင် ပေးလိုက်ကြတယ်။
ပြန်ရောက်တော့ ကျမတော်တော်စုတ်ပြတ်နေပြီ။ ဒေါ်ကြွယ်ကဆို ကျမကိုတော်တော်စိတ်ဆိုးတယ်။ မသွားဖို့တားတဲ့ထဲ သူလဲပါတာကိုး၊ အဲဒီတုန်းက အရပ်ထဲက ညည်း ဆေးပြတ်လိမ့်မယ်၊ ကိုယ့်ကျန်းမာရေး လေး ကောင်းနေတာ ငြိမ်ငြိမ်နေဆိုပြီး တားခဲ့ကြတယ်။ ဘယ့်သူမှ လိုက်သွားတာကို မကြိုက်ကြဘူး။ ရွှေခြင်္သေ့က လူတွေလာတော့ ဆက်ကုမပေးတော့ဖို့တောင် ဝိုင်းပြောကြတယ်။ ရွှေခြင်္သေ့က လူကြီးတွေလဲ စိတ်ပျက်သွားကြမှာ အမှန်ပါဘဲ၊ ဒါပေမယ့် မန္တလေးက အထူးကုဆရာကြီးနဲ့တိုင်ပင်ပြီး ဆေးဆက်ကုပေးကြ ပါတယ်။ မန္တလေးဆေးရုံကြီးမှာ ဆေးရဖို့လဲ ဝင်တိုးထားတယ်။ 2011မှာ ရမယ်ပြောတာဘဲ၊ အဲဒီကျမှ စက္ကင်းလိုင်း ဆိုလား ဘာဆိုလား ရချင်ရနိုင်တယ်ပြောတာဘဲ။

သက်ထား

30‏/3‏/2011

ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)

ကျွန်မနာမည် ရင်ရင်ပါ။ အသက် ၂၇ နှစ်။

ကျမကိုယ်ဝန်ရှိတုန်းက ရပ်ကွက်ဆရာမရဲ့ သွေးစစ်ပေးမှုနဲ့ ၂၀၀၅ ခုနှစ် ၈ လပိုင်းမှာ HIV positive မှန်းသိခဲ့ပါတယ်။ ကျွန်မသေမိန့်ကျတဲ့သူတစ်ယောက်လို ခံစားရပါတယ်။ အလွန်ဘဲ ဝမ်းနည်း စိတ်ထိ ခိုက်ရ ပါတယ်။ အပြစ်မရှိတဲ့ ကျွန်မရဲ့ ရင်သွေးလေး တစ်ခုခု ဖြစ်သွားမှာကို မလိုလားပါဘူး။ မိဘတွေ သိမှာလည်း စိုးရိမ်ခဲ့ရပါတယ်။ ကျွန်မခံစားရတာတွေ ဘယ်သူ့ကို ရင်ဖွင့်ရမှာလဲ။ ကျွန်မနဲ့ HIV/ AIDS ဆိုတဲ့ရောဂါကြီးကို ဘယ်သူတွေ စာနာနားလည်မှာလဲ။

ကျွန်မမှာ HIV ပိုးရှိမှန်း ကျွန်မထက် အရင်သိနေတာကတော့ ပတ်ဝန်းကျင်ပါဘဲ။ ကျွန်မရဲ့ သွေးစစ် တဲ့ အဖြေကို ဆရာမက သူ့ချွေးမကို ဆေးရုံမှာ သွားယူခိုင်းခဲ့တယ်။ အဲဒီချွေးမက ကျွန်မယောင်းမနဲ့ စီးပွား ပြိုင်ဘက်၊ သူက အိမ်မှာ ကျွန်မအကြောင်း ပြောခဲ့တယ်။ ဗူးပေါက်တစ်ရာသာ ပိတ်လို့ရမယ်၊ ပါးစပ်ပေါက် တစ်ပေါက်ကို ပိတ်လို့ မရဘူးဆိုတာ တစ်ကယ်မှန်ပါတယ်။ ကျွန်မမှာ HIV ပိုး ရှိတယ်ဆို တာ တီဗွီကနေ ကြော်ငြာနေစရာ မလိုပါဘူး။  ကျွန်မမိဘ၊ အစ်မနှစ်ယောက်နဲ့ ဆွေမျိုးတွေအားလုံး သိသွားခဲ့တယ်။

ကျွန်မ အမေက မေးတယ်။ နင်ဘာဆက်လုပ်မလဲတဲ့။ ကျွန်မဘာလုပ်ရမှာလဲ၊ ရှက်လဲရှက်တယ်။ HIV/AIDS ဆိုတဲ့ ရောဂါကြီးကို ကျွန်မကြောက်တယ်။ ကျွန်မ ဘာအမှားတွေ လုပ်ခဲ့လို့လဲ။ ဒီရောဂါ ကြီး ဘာကြောင့် ဖြစ်ရတာလဲ။

ကျွန်မ အသက် ၁၈ နှစ်မှာ အိမ်ထောင်ကျခဲ့တယ်။ တစ်ကယ်တော့ အိမ်ထောင်ကျတာ မဟုတ်ပါဘူး။ ငရဲပြည်ကိုသွားတဲ့ လမ်းမကြီးပေါ် ရောက်ခဲ့တာပါ။ ကျွန်မဟာ ဘ၀အမှောင် လမ်းမကြီးမှာ လျှောက် လှမ်း နေရပါတယ်။ ဆူးငြောင့်ခလုတ်တွေ မမြင်ရတဲ့အတွက် ဒဏ်ရာတွေနဲ့ပေါ့။ ကျွန်မ အားငယ်ရင် ဘယ်သူတွေ အားပေးမလဲ။ ကျွန်မ ဝမ်းနည်းရင် ဘယ်သူတွေ ဖေးမ မလဲ။ ကျွန်မ လဲကျရင် ဘယ်သူ တွေ လာထူမှာလဲ။ လောကကြီးက ကျွန်မရဲ့ဘဝကို HIV ဆိုတဲ့ တံဆိပ် ခတ်နှိပ်ချိန်မှာ ကယ်တင် မယ့်သူ မရှိခဲ့ပါဘူး။

ဆေးရုံကို ယောင်းမလိုက်ပို့လို့ ရောက်ခဲ့ပါတယ်။ STD က ဆရာဝန်နဲ့ တွေ့ခဲ့တယ်။  ကျွန်မရဲ့ အမျိုးသား ကိုလည်း ဆရာက သွေးစစ်ခိုင်းပါတယ်။ သူလည်း positive ပဲပေါ့။ ကျွန်မတို့ လင်မယား နှစ်ယောက်ကို နှစ်သိမ့်ဆွေးနွေး ပညာပေးပါတယ်။ တစ်လကို သုံးသောင်းခွဲတန် ဆေးရှိတယ်၊ ပိုးကို ထိန်းထားနိုင်တယ်၊ ဒါပေမဲ့ လိုအပ်မှ သောက်ရမယ်လို့ ပြောပါတယ်။ ကျွန်မတို့ အခုချိန် သောက်ရ တော့မှာလားလို့ မေးလိုက်တော့ ဒီအချိန် ဆေးသောက်ဖို့ မလိုသေးဘူးတဲ့။

ကျွန်မရဲ့ ကိုယ်ဝန်ကိုတော့ PMCT နဲ့ မွေးပေးမယ်တဲ့။ PMCT ဆိုတာ ဘာကိုပြောမှန်း ကျွန်မ မသိပါဘူး။

ကျွန်မ ပတ်ဝန်းကျင်အကြောင်း ပြောရအုံးမယ် ကျွန်မမှာ HIV ပိုး ရှိနေလို့ သူတို့ကလေးတွေနား ကပ်တာ မကြိုက်ဘူးတဲ့။ ရောဂါ ကူးမှာစိုးလို့တဲ့။ ကျွန်မ ဘယ်သိမလဲ၊ ကျွန်မ အမေက ပြောတော့မှဘဲ သိရတော့တယ်။ နင်အိမ်တွေလျှောက်မလည်နဲ့တဲ့။ သူတို့တွေက နင်လာတာ မကြိုက်ဘူးတဲ့။ ကျွန်မ အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ ဒီရောဂါကြီးကို ကျွန်မကိုယ်တိုင်လည်း မပိုင်ဆိုင်ချင်ခဲ့ပါဘူး။ နောက် ပိုင်း ကျွန်မ အိမ်မှာဘဲ နေဖြစ်တယ်။

ကျွန်မတို့အိမ်ရဲ့ဘေးက အရာရှိမိသားစု တစ်စုရှိတယ်။ သူတို့မိသားစုက ကျွန်မတို့ လင်မယားနှစ် ယောက်ကို မခွဲခြားဘူး။ သူတို့အိမ်ကို အတင်းခေါ်တယ်။ ကျွန်မလည်း ပုံမှန်ပဲ နေဖြစ်တယ်။ သူတို့ ခေါ်မှပဲ သွားတယ်။ ကျွန်မမှာ HIV ပိုးရှိမှန်းသိရင် သူတို့လည်း အရင်လူတွေလို ခွဲခြားသွားမှာပဲလို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေက ကျွန်မအိမ်မှာ တစ်ယောက်တည်း အခန်းအောင်းနေရင်လည်း အတင်းလာခေါ်ကြတယ်။

သူတို့မှာ တစ်နှစ်ခွဲအရွယ် သားလေးတစ်ယောက်ရှိတယ်။ အဲဒီကလေးက ကျွန်မ ထမင်းခွံ့ကျွေးရင် အရမ်းစားတယ်။ ဒါကြောင့် ကျွန်မ သူတို့အိမ်ဘက်မှာ အနေများခဲ့တယ်။ ရေချိုးရင်တောင် သူတို့အိမ် မှာဘဲ ချိုးဖြစ်တယ်။ နေ့ခင်းဘက် အိပ်ရင်လည်း ကျွန်မကို ဗိုက်ကြီးသည်ဆိုတော့  ပိုပြီးပူမယ်ဆိုပြီး သူ့သားလေးနဲ့ အဲယားကွန်း အခန်းထဲမှာ အတူအိပ်ခိုင်းပါတယ်။ ကျွန်မအရမ်းအားနာတာဘဲ။ ကျွန်မ ရောဂါကို ဒီကလေးကို ကူးမှာစိုးတယ်။ ကျွန်မရောဂါအကြောင်း သူတို့ကို ပြောပြလိုက်ချင်တယ်။ ဒါပေမယ့် မပြောရဲဘူး။ ကျွန်မရှက်တယ်။ ဘယ်ကစပြောရမလဲ။ နောက်ပြီး ကျွန်မတို့ကို ခွဲခြားသွားမှာ ကြောက်တယ်။ ဒါကြောင့် သူတို့ကို ကျွန်မ မပြောဖြစ်ခဲ့ဘူး။

ကျွန်မဗိုက်နာလို့ ဆေးရုံတက်ခဲ့တယ်။ ရိုးရိုးအခန်းထဲမှာနေတုန်း သူနာပြု ဆရာမက ဒီလိုနေချင်တဲ့ နေရာ နေလို့မရဘူးတဲ့။ ကိုယ့်ကိုကိုယ် မသိဘူးလားတဲ့၊ ကျွန်မကို ဓာတ်ကင်တဲ့ ဘေးက အခန်းကျဉ်း လေးမှာ နေခိုင်းပါတယ်။ ကျွန်မအသက်ရှုလို့တောင် မဝပါဘူး။ ကျွန်မ ဝမ်းနည်းပြီး ငိုခဲ့တယ်။ ငါ ဘာ ရောဂါဖြစ်ဖြစ် ဆေးရုံကို မသွားတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ကလေးမွေးခါနီးမှာ ကျွန်မကို STD ဆရာဆီက ဆေးတောင်းပြီး တိုက်ကြတယ်။ သမီးလေးကို လွယ်ကူစွာ မွေးခဲ့တယ်။ ကလေးကိုလည်း နောက်တစ်နေ့မှာ ဆေးလာတိုက်ကြတယ်။ ကလေးကို မိခင်နို့ မတိုက်ခိုင်းပါဘူး။ နို့မှုန့်ပဲ တိုက်ရ တယ်။ ၁၈ လ နေရင် သွေးစစ်ရမယ်လို့ ပြောပါတယ်။

ကျွန်မသမီးလေး ၁နှစ် ၄လ မှာ နေမကောင်း ဖြစ်တယ်။ ဘာရောဂါမှန်း မသိဘူး၊ ကိုယ်တွေအရမ်းပူပြီး ၁၀၃ ဒီဂရီ ကျော်တယ်။ ဆရာဝန်က ဒီမှာမရဘူးတဲ့။ မန္တလေးကို အမြန်သွားခိုင်းတယ်။ ဒါကို ကျွန်မ ပတ်ဝန်းကျင်က ကလေးလည်း ပိုးပါတာနေမှာတဲ့၊ သက်ဆိုးရှည်မှာ မဟုတ်ဘူးတဲ့။ ကျွန်မလေ HIV ရောဂါကြီးနဲ့ ဒီပတ်ဝန်းကျင်မှာ အသက် ဆက်မရှင်ချင်တော့ဘူး၊ သမီးလေးကို မန္တလေး နန်းတော် ဆေးခန်းမှာ ဆေးကုသခဲ့တယ်။ ရောဂါစစ်ကြည့်တော့ TB တဲ့။ ကျွန်မလည်း အရမ်းလန့်သွားတယ်။

ကလေးမှာ တစ်ကယ်ဘဲ HIV ပိုးရှိနေပြီလား။

နန်းတော်မှ ဆရာမတွေနဲ့ တိုင်ပင်ပြီး ကျွန်မတို့ လင်မယားနှစ်ယောက်လုံး  HIV Positive ဖြစ်တဲ့အတွက် ကလေးကို သွေးစစ်ခိုင်းကြည့်တယ်။ သမီးလေး အရမ်းကံကောင်းတယ်၊HIV ပိုးမရှိဘူး တဲ့၊ TB ဆေးတစ်ပတ်လောက် သောက်ပြီးချိန်မှာ အဖျားလုံးဝမရှိတော့ဘဲ ပုံမှန် ကျန်းမာ လာတယ်။

၂၀၀၈ ခုနှစ် ၆ လ ပိုင်းမှာ အမျိုးသားရဲ့ ကျန်းမာရေး သိသာစွာ ကျဆင်းခဲ့တယ်။ အရင်အချိန်တုန်းက တစ်ယောက်တည်းနေတတ်ပေမယ့် ကျန်းမာရေးချို့တဲ့လာချိန် သူဟာ အားငယ်လာတယ်။ အမြဲတမ်း ပဲ အပေါင်းသင်းတွေကို မျှော်နေတယ်။ သမီးကို သူ့အနား အကပ်မခံတော့ဘူး။ ဒါကြောင့် သမီးကို အမျိုးအိမ်မှာ ထားလိုက်တယ်။ သူ့မိသားစု အသိုင်းအဝိုင်းက ငွေကြေးပြည့်စုံစွာ ပေးပေမယ့် သူ့ကို တစ်နေ့တစ်ခေါက် လာမကြည့်ပါဘူး။ သူ့ရဲ့ နောက်ဆုံးအချိန်တွေက တော်တော်အထီးကျန်ပါတယ်။ သနားစရာလဲ ကောင်းပါ တယ်။

TB တို့၊ ငှက်ဖျားတို့ မရှိဘဲနဲ့ ည ၂ နာရီလောက် ရောက်ပြီဆိုရင် ဘယ်လိုမှ နေမရအောင် ပူလာတယ်။ ညနေကတည်းက ရေခဲပုံးတွေနဲ့ ရေခဲတွေဝယ်ထည့်ထားရတယ်။ အဲဒီအချိန်ကျရင် ကျွန်မ ထပြီး ရေခဲ တွေ တင်ပေးရတယ်။ မနက် ၄ နာရီလောက်ကျရင် အပူကျပြီး ချမ်းတုန်လာပြန်ရော၊ အိမ်မှာ ရှိသမျှ စောင်တွေ ခြုံပေးရတယ်၊ ဒါတောင် အချမ်းမပြေဘူးလို့ပြောတယ်၊ အဲဒီလိုမျိုး ၂ လ ဆက်တိုက် လောက် ဖြစ်ပြီးတဲ့နောက် သူအိပ်ယာထဲ လဲတော့တာပဲ၊

သူလဲနေချိန်မှာ သူ့အနားကို အမေ၊ ညီအစ်ကိုမောင်နှမ ဘယ်သူမှ မလာကြ တော့ဘူး၊ သူ့အမေက ကျွန်မတို့ခေါင်းရင်းက ဖြတ်ပြီး ဘေးအိမ်ကို အလည်သွားတတ်တယ်။ ခြေသံမကြားအောင် သွားပေ မယ့် သူ့သားကသိတယ်၊ “အမေ”လို့ အကျယ်ကြီးအော်ခေါ်တော့ ဒီကောင်က နားပါးသားလို့ ပြန်ပြော တယ်။ ငွေနဲ့လိုတာ အကုန်ပေးတယ်။ အကြင်နာကလွဲရင်ပေါ့။ သူအဲဒီအချိန်မှာ အရမ်း လိုအပ်နေတာ က အားပေးစကားနဲ့ ကြင်နာမှုပါ၊ သူဘာမှ ရမသွားရှာဘူး။

သူ့သူငယ်ချင်းတွေထဲမှာ သူ့အရင် ဒီရောဂါနဲ့ သေသွားကြတဲ့သူတွေ ရှိကြပါတယ်။ သူ့တို့အမေတွေ၊ ညီအစ်ကိုမောင်နှမတွေက ရင်အုပ်မကွာ ပြုစုစောင့် ရှောက်ကြတာတွေ့ရပါတယ်။ ဝမ်းတွေကလည်း အမြဲလျောနေတာပဲ၊ အဝတ်တွေကို ကျွန်မဘာသာပဲ လျှော်ရတယ်။ ငှားလျှော်ဖို့လည်း လူမရဘူး၊ အိမ် နဲ့နီးတဲ့ ချောင်းထဲမှာ သွားသွားလျှော်ရတယ်။ ကြာတော့ အများကို အားနာလာလို့ ကလေးတွေ ဝမ်း သွားရင် သုံးတဲ့ ဘောင်းဘီမျိုးတွေ အများကြီး ဝယ်ခိုင်းရတယ်။ ဝမ်းသွားတိုင်း လဲပေးပြီး အိမ်ထဲမှာဘဲ  ကျင်းတူးပြီး မြှုပ်လိုက်တယ်။ သူအိပ်ယာထဲ လဲသွားချိန်မှာ ကျွန်မ တစ်ယောက်တည်း ပြုစုမဲ့သူ ရှိ တယ်။ ထိုင်ချင်တယ်ဆိုလို့ ထိုင်ဖို့ လုပ်ပေးရင်လည်း ကိုင်မထားရင် တစ်ဘက်ဘက် လျောကျသွား တယ်။ အနားကလည်း မခွာရဘူး၊ ရင်ရင် ရင်ရင် နဲ့ ခေါ်နေတော့တယ်။ တစ်ချိန်လုံး ခေါ်နေတော့တာ၊ သူသေသွားပြီး ရက်အတော်ကြာသည်အထိ သူ့ခေါ်သံတွေ ကြားနေရတော့တာ။ နေ့ရော ညရော မနားရဘူး၊ ရက်တွေကြာလာတော့ ဘယ်လိုမှ မခံနိုင်တဲ့အဆုံး သူ့အစ်ကိုကြီးကိုပြောရတယ်၊ အဲဒီ တော့မှ ညစောင့်ဖို့ မိန်းမကြီးတစ်ယောက် ငှားပေးတယ်၊ သူက အိပ်ရုံလေးတင်၊ ဘာမှ ထိဖို့ ကိုင်ဖို့ လုပ်ပေးဖို့ မဟုတ်ဘူး။

အိပ်ရာထဲက မထနိုင်ချိန်မှာ ကျွန်မတို့ရပ်ကွက်မှာရှိတဲ့ ဆေးရုံမှာလုပ်တဲ့ အစိမ်းဝတ်ဆရာမကြီးကို ဆေးခေါ်ထိုးခဲ့တယ်။ ဆရာမက ကျွန်မအမျိုးသားကို HIV ပိုးရှိမှန်း သိတယ်။ အားပေးစကားလည်း ပြောပါတယ်။ ကျွန်မနဲ့ သမီးလေးကို ဆရာမကိုယ်တိုင် ဆေးရုံမှာ သွေးထပ်စစ်ပေးခဲ့တယ်။ နောက် တစ်နေ့မှာ အဖြေသွားယူတော့ ဆရာမက မေးလိုက်တယ်။ အခြေအနေ ဘယ်လိုရှိသလဲတဲ့။ ကလေး ကတော့ ကံကောင်း တယ်ဆိုတဲ့ အသံကျွန်မ ကြားလိုက်တယ်။ ကျွန်မက ရှိပြီးသားဆိုတော့ ရင်မခုန် တော့ပါဘူး။ STD ဆရာဝန်က ကျွန်မကို နှစ်သိမ့်ဆွေးနွေး အားပေးစကားပြောပါတယ်။ septrin၊ အား ဆေးနဲ့ ဓါတ်ဆားထုတ်တွေ ပေးလိုက်တယ်။ septrin ကို တစ်နေ့ နှစ်ကြိမ် သောက်ခိုင်းပါတယ်။ ဆေး ကုန်ရင်လည်း တစ်လ တစ်ကြိမ် လာယူခိုင်းပါတယ်။

၂၀၀၈ ခုနှစ် ၁၁ လပိုင်းမှာ အမျိုးသား ဆုံးခဲ့တယ်။ မကြာခင် ငါလည်း သေတော့မှာလို့ တွေးနေခဲ့ တယ်။ ဆေးထိုးပေးတဲ့ဆရာမရဲ့ အကူအညီနဲ့ CHBC ကိုရောက်ခဲ့ပါတယ်။ အဲဒီက သူတို့ဆီမှာ HIV ပိုးရှိတဲ့ သူတွေ အတွက်  အာဟာရ ထောက်ပံ့မှုတွေ ရှိတယ်၊ Care တွေ ရှိတယ်၊ ဘ၀အတူ အချင်း ချင်း တွေ့ဆုံပွဲတွေရှိတယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။ အခု လုပ်ငန်းနားနေတဲ့ အချိန်ဖြစ်လို့ နောက်တစ်ခါတွေ့ဆုံပွဲရှိရင် ဘဝတူ တွေနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောတယ်။ အမျိုးသားဆုံးပြီးချိန်မှာ မိဘနဲ့ဆွေမျိုးတွေက ကျွန်မကို လပိုင်း လောက် အသက်ရှင်မယ့်လူမမာတစ်ယောက်လို ထားတယ်။ ဘာအလုပ်မှ ပေးမလုပ်ဘူး၊ အားနည်းပြီး အိပ်ယာထဲ လဲမှာစိုးလို့တဲ့။ ရေချိုးရင်တောင် ဖျားမှာစိုးပြီး သုံးရက်တစ်ခါ ချိုးရပါတယ်။ အချိန်ရှိသရွေ့ အိပ်ခိုင်းကြတယ်။

တကယ်ဆိုရင် ကျွန်မအသက် ငယ်ငယ်လေးရှိသေးတယ်။ HIV ဆိုတဲ့ ရောဂါကြီးကြောင့် ရှင်လျက်နဲ့ သေနေရတယ်။ CHBC ရဲ့ဘဝတူ တွေ့ဆုံပွဲလေးကို ကျွန်မတတ်ရောက်ခဲ့တယ်။ ဘဝတူတွေအများ ကြီးနဲ့ ခင်ခဲ့တယ်။ ဘဝတူ သူငယ်ချင်းတွေက HIV positive တွေကို ကူညီတဲ့ ရွှေခြင်္သေ့အဖွဲ့နဲ့ ကြက်ခြေနီ အဖွဲ့ ရှိတယ်ပြောတယ်။ ကျွန်မကို အဖွဲ့တွေဆီကို လိုက်ပို့ပေးခဲ့တယ်။ ဒါကြောင့် ကျွန်မ လည်း ရွှေခြင်္သေ့အဖွဲ့ကို စတင်ရောက်ဖြစ်ခဲ့ပါတယ်။

စေတနာ့ဝန်ထမ်းများရဲ့ နွေးထွေးတဲ့ ခင်မင်မှုကို ရရှိခဲ့ပါတယ်။ သူတို့က ကျွန်မကို HIV နဲ့ ပတ်သတ် တဲ့ စာအုပ်တွေ အများကြီး ပေးဖတ်ခဲ့ပါတယ်။ ရွှေခြင်္သေ့အဖွဲ့မှ ဆေးခန်း  (၄) ခန်းမှာ အခမဲ့ ကုသခွင့် စာအုပ် ပေးလိုက်ပါတယ်။ ရွှေခြင်္သေ့ကို နေ့တိုင်းလိုလို သွားဖြစ်ခဲ့ပါတယ်။ ရောက်ရင်  ကျွန်မလည်း HIV နဲ့ ပတ်သတ်တဲ့စာအုပ်တွေ ဖတ်တယ်။ မသိနားမလည်တာရှိရင် မေးဖြစ်ပါတယ်။ ရွှေခြင်္သေ့မှ ဘဝတူတွေ့ဆုံပွဲ တွေကို တက်ရောက်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ HIV နဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းလင်းသင်ကြားမှုတွေ ရှိတဲ့အတွက်  ကျွန်မရဲ့အတွေးအမြင်များ ပြောင်းလဲလာခဲ့ပါတယ်။

HIV ဆိုတာ ပိုးတစ်မျိုးဖြစ်တယ်၊ ခန္ဓာကိုယ်ထဲမှာ ရှိနေပေမယ့် လူကောင်းတစ်ယောက်လို ပုံမှန် အလုပ် လုပ်နိုင်တယ်ဆိုတာ သိရှိခဲ့ချိန်မှာ မှောင်မိုက်နေတဲ့ကျွန်မရဲ့ဘဝ လမိုက်ညမှာ မျှော်လင့်ခြင်း ဆိုတဲ့ အလင်း တန်းလေးကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချခဲ့ တယ်။ ကျန်ရှိနေတဲ့ အချိန်တွေကို အကျိုးရှိရှိ ကုန်ဆုံးချင်ပါတယ်။ ဒါကြောင့် HIV နဲ့ ပတ်သက်ပြီး မိဘနဲ့ဆွေမျိုးတွေ နားလည်အောင် ကျွန်မ သေသေချာချာ ရှင်းပြခဲ့ပါတယ်။ ARV ဆိုတဲ့ ပိုးထိန်းဆေး အကြောင်း တော်တော် များများ မိဘဆွေမျိုးများ နားလည်လာကြပါတယ်။ ကျွန်မလည်း ရွှေခြင်္သေ့ အဖွဲ့မှာ ဘဝတူ စေတနာ့ဝန်ထမ်း လုပ်ဖြစ်ခဲ့ပါတယ်။ HIV positive မှန်းသိစတုန်းက ကျွန်မ တစ်ယောက်တည်းလို့ ခံစားရပါတယ်။ အဖွဲ့ထဲရောက်တော့မှ ကျွန်မလို ဘဝတူတွေ အများကြီး ရှိ တယ်၊ HIV ဆိုတဲ့ ရောဂါဆိုးကြီးကို ခုခံကာကွယ်ရမယ်၊ ကျွန်မတို့ရဲ့ ဘဝတွေကို အကောင်းမမြင် မပေါင်းချင်ကြတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတို့ ဘဝတွေကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းတွေရဲ့ စည်းလုံး နွေးထွေး ကြင်နာမှုတွေကို ပြချင်တယ်။

ကျွန်မရဲ့အိမ်ကို အဖွဲ့က သူငယ်ချင်းတွေ ဝင်ထွက်သွားလာကြပါတယ်။ ကျွန်မ နေမကောင်းဖြစ်ရင် လည်း သူတို့က ဆေးခန်းကို ဂရုတစိုက် လိုက်ပို့ကြတယ်။ အရင်အချိန်တုန်းကဆိုရင် ဆေးခန်းတွေ ကျွန်မ မပြရဲပါဘူး။ ကျွန်မ HIV positive မှန်း သိသွားရင် ဘယ်လိုဆက်ဆံမှာလဲဆိုပြီး အားငယ်ခဲ့ တယ်။ အိမ်မှာဘဲ ခေါင်းမူး ခေါင်းကိုက်ဖြစ်ရင် ကြိတ်ခံခဲ့ရပါတယ်။ အဖွဲ့က လမ်းညွှန်တဲ့ဆေးခန်းကို ရောက်တော့မှ ဆရာ/ဆရာမ များရဲ့ မခွဲခြားဘဲ ဂရုစိုက်မှုများကြောင့် ကျွန်မမှာပိုးရှိပေမယ့် ဆေးခန်း ကို သွားရဲခဲ့ပါတယ်။ အားမငယ်တော့ပါဘူး။ ဆေးခန်းကို တစ်လတစ်ခါ septrim ၊ အားဆေး ၊ ဓါတ်ဆား ပုံမှန် ထုတ်ဖြစ်ခဲ့ပါတယ်။

အဖွဲ့အစည်းက လူကြီးများ၊ သူငယ်ချင်းများနှင့် ဘဝတူများရဲ့ ကျွန်မနဲ့ မိသားစုအပေါ် ဂရုစိုက်မှုများ ကြောင့် ပတ်ဝန်းကျင်မှလူများ စိတ်ဝင်စားလာပါတယ်။ အိမ်ဘေးက စပ်စုတတ်တဲ့ ဘွားတော်က မေးတယ်၊ သူတို့က ဘယ်သူတွေလဲ၊ ဘာလို့ခဏခဏ လာတာလဲတဲ့၊ ကျွန်မဆီကိုလာတာ၊ HIV နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊  ကျွန်မတို့လို HIV ရောဂါသည်တွေကို မခွဲခြားဘဲ ပြုစုစောင့်ရှောက် ပေးတယ်၊ အာဟာရ ထောက်ပံ့မှုတွေ ပေးတယ်၊ ဆေးခန်း (၄) ခန်းမှာ အခမဲ့ ကုသခွင့်တွေ ပေးတယ်၊ ကျွန်မတို့ရဲ့ အားငယ်တဲ့ စိတ်ဓာတ်ကို မြှင့်တင် ပေးတယ်လို့ ကောင်းကောင်းမွန်မွန် ပြောပြလိုက်ပါ တယ်။

အရင်စိတ်မျိုးသာဆိုရင် ဒီဘွားတော်ကို ဘုတောပြစ်လိုက်မှာ။ အခုတော့ အဖွဲ့ရဲ့ ကျေးဇူးကြောင့် ကျွန်မရဲ့ပေါင်းသင်းဆက်ဆံရေးအမူအကျင့်တွေ တိုးတက်လာပါတယ်။ ပတ်ဝန်းကျင်က ကျွန်မကို  အမြင်တွေ ပြောင်းလာတယ်။ ခွဲခြားမှု သိပ်မရှိတော့ဘူး။ သူတို့တွေရဲ့အိမ်ကို ဝင်ထွက်ခိုင်းတယ်။ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ အားပေး စကားပြောကြတယ်။ ကျွန်မလည်း ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင် တဲ့ လူမှုရေးကိစ္စတွေ ဆောင်ရွက် ဖြစ်ခဲ့တယ်။

အိမ်နောက်ဘက်က အဒေါ်ကြီး ညဘက် ကင်းခြေများ ကိုက်တာကို ဆေးခန်းလိုက်ပို့ပြီး ကူညီခဲ့တယ်။

တစ်နေ့မှာ ကျောင်းတုန်းက သူငယ်ချင်းကို ကားကြီးဝင်းလိုက်ပို့ပေးရင်း လမ်းဘေးမှာ ကောင်မလေး တစ်ယောက် ဆိုင်ကယ်နဲ့ ထိုင်နေတာတွေ့တယ်၊ မူးလို့တဲ့၊ မြို့လယ်ခေါင်ဆိုတော့ လူတွေအများကြီး ကြည့်နေကြတယ်။ ကျွန်မလည်း ဘာကူညီရမလဲ မေးလိုက်တယ်။ သူ့နောက်မှာ ပါလာတဲ့ အဒေါ်ကြီး က ကောင်မလေးကို ဆေးခန်းပို့ပေးပါလို့ ကျွန်မကိုပြောတယ်။ ကျွန်မလည်း သူငယ်ချင်းကို စောင့်ခိုင်း ပြီင်္း ကောင်မလေးကိုတွဲပြီး အောင်သုခဆေးခန်းကို ပို့ပေးခဲ့တယ်။

သူငယ်ချင်းဆီ ပြန်လာတော့ သူငယ်ချင်းက မေးတယ်၊ နင်နဲ့သိလို့လားတဲ့၊ ကျွန်မလည်း မသိပါဘူး။ လမ်းဘေးမှာ ဒုက္ခရောက်နေတာမြင်လို့ ကူညီခဲ့တာလို့ ပြောတော့ သူငယ်ချင်းက ပြောတယ်၊ နင်က လည်း ကြောင်လိုက်တာ၊ လူတွေအများကြီး ဝိုင်းကြည့်နေတာ မရှက်ဘူးလားတဲ့။

ကျွန်မကို ဒီလိုပြောတဲ့ သူငယ်ချင်းကို စိတ်မဆိုးပါဘူး၊ အရင်အချိန်တုန်းကဆိုရင် ကျွန်မလည်း သူလို ဘဲ ထင်မိမှာပါ။

ကျွန်မလို HIV ပိုးရှိတဲ့သူတွေကို အားမငယ်ဘို့၊ စိတ်ဓာတ်မကျအောင် ကျွန်မဘဝနဲ့ယှဉ်ပြီး ပြောပြခဲ့ ပါတယ်။ ကျွန်မမှာ HIV ရှိတာကို လိုအပ်ရင်ဖွင့်ပြောပြီး အားပေးခဲ့တယ်။ ကျွန်မတို့ ဘဝတွေကို အား ပေးတဲ့ ဒီအဖွဲ့အစည်းတွေကြောင့် ကျွန်မရဲ့ဘဝ ဒီလိုပြောင်းလဲတိုးတက်လာခဲ့ပါတယ်။

ကျွန်မ ကိုယ်ဝန်ရှိတုန်းက ကူညီခဲ့တဲ့ အရာရှိလင်မယားနဲ့ မြို့ထဲမှာ တွေ့ဖြစ်တယ်။ ကျွန်မအမျိုးသား ဆုံးတော့ သူတို့က မရှိကြဘူး။ တခြားပြောင်းသွားပြီ။ ငါတို့ရှိရင် နင့်ယောက်ျား အားငယ်မှာ မဟုတ်ဘူး တဲ့။ ဒီလောက်မြန်မြန် ဆုံးမှာ မဟုတ်ဘူးလို့ ပြောတယ်၊ ဟုတ်ပါတယ်။ ကျွန်မရဲ့ အမျိုးသားနားမှာ ကျွန်မကလွဲပြီး အားပေးမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ ARV ဆိုတဲ့ ဆေးအကြောင်း နားမလည်ဘဲ ဝယ်သောက်တယ်။ ဆေးကို အချိန်မှန်မှန် သောက်ရမှန်းလည်း မသိခဲ့ပါဘူး၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာကိုလည်း မသိခဲ့ပါဘူး။ ဒါကြောင့် ARV ဆေးကိုသောက်ရင်းနဲ့ ဖြတ်ခဲ့ပါတယ်။ နောက် ဆုံး ARV ဆေးအပေါ် ယုံကြည်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျပြီး ဆုံးပါးသွားတာပါ။

ဒီအကြောင်းတွေကို ကျွန်မကို ကူညီတဲ့ အရာရှိလင်မယားကို ပြောလိုက်တယ်။ ကျွန်မမှာလည်း HIV ပိုးရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြခဲ့ပါတယ်။ သူတို့က ကျွန်မကိုယ်ဝန်ရှိကတည်းက positive မှန်း သိတယ်၊ ပတ်ဝန်းကျင်က လူတွေက လာပြောကြတယ်။ နင်တို့ကလေးကို ထမင်းမကျွေးခိုင်းနဲ့၊ ရင်ရင့် ဆီက ရောဂါပိုးကူးလိမ့်မယ်တဲ့၊ အိမ်ကိုလည်း မလာခိုင်းနဲ့လို့ ပြောကြတယ်။ ဒါပေမယ့် တို့လင် မယားက ဒီလိုနေရုံနဲ့ HIV ရောဂါမကူးပါဘူးလို့ ပြောလိုက်တယ်။ အရင်အချိန်တုန်းက ကျွန်မမှာ HIV ပိုးရှိမှန်းသိရင် ခွဲခြားသွားမှာလို့ ထင်ထားပေမယ့် စေတနာထားပြီး နားလည်ပေးတဲ့ ဒီလင်မယားကို ကျွန်မ ကျေးဇူးတင်မိပါတယ်။

အဖွဲ့အစည်းတွေနဲ့သာ အချိန်မီတွေ့ခဲ့ရရင် ကျွန်မတို့ ဘဝတွေ မှားယွင်းတဲ့ကိစ္စတွေ ကြုံရမှာ မဟုတ် ပါဘူး။ အခုဆိုရင် ကျွန်မ septrim ကို အချိန်မှန် သောက်ဖြစ်ပါတယ်။ ARV သောက်ချိန်မှာ အကျင့် ဖြစ်အောင်လို့ပါ။ ခန္ဓာကိုယ်ထဲမှာ ပိုးရှိပေမယ့် ကျန်းမာစွာ နေထိုင်နည်းတွေ၊ တစ်ကိုယ်ရည် သန့်ရှင်း စွာ နေထိုင်ပါက အရေပြားနဲ့ ပတ်သက်တဲ့ အခွင့်အရေးယူရောဂါတွေ အလွယ်တကူ မဝင်ရောက်နိုင် တဲ့အတွက် ကိုယ့်ကိုကိုယ်ပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။ အဖွဲ့တွေရဲ့ နွေးထွေးကြင်နာတဲ့ လက်တွဲမှုများ ကြောင့် ကျွန်မဘဝဟာ လူသစ် စိတ်သစ် ဘဝသစ်ကို ရောက်ရှိခဲ့ရပါတယ်။
HIV/AIDS ဆိုတဲ့ ရောဂါကြီးဟာ တော်တော်ထူးဆန်းပါတယ်။ တစ်ယောက်ထဲတွေးပြီး အားငယ် တယ်၊ ကြောက်တယ်၊ တကယ်ပြောတာ၊ ကျွန်မကိုယ်တိုင် ခံစားရတာ။ ပတ်ဝန်းကျင်အမြင်မှာ ကျွန်မ ကို စိတ်မာ တယ်လို့ ထင်ရပါတယ်။ တကယ်တော့ မိသားစုကွယ်ရာမှာ ကြိတ်ငိုခဲ့ရပါတယ်။ မိသားစု ရှိနေပေမယ့် ကွဲပြား နေတယ်လို့ ခံစားရပါတယ်။ ကျွန်မဘဝဟာ အဖွဲ့အစည်းနဲ့တွေ့တော့မှ စစ်မှန်တဲ့ မိသားစုလိုမျိုး ခံစားရ ပါတယ်။ ကျွန်မရဲ့ဘဝကို စာနာကူညီတဲ့ အဖွဲ့အစည်းများကြောင့် အားတွေ ရှိလာတယ်။ စိတ်ဓာတ်တွေ တက်ကြွခဲ့တယ်။ ကျွန်မတို့အတွက် ဒီလိုအဖွဲ့တွေ အများကြီး မရှိမဖြစ် လိုအပ်ပါတယ်။

ခွဲခြားခြင်းကြောင့် နာကျင်ရတဲ့ ကျွန်မတို့ ဘဝတွေအတွက် နွေးထွေးတဲ့ အဖွဲ့အစည်းကြောင့် လုံခြုံခဲ့ ပါတယ်။ အရင်အချိန်တွေတုန်းကလို HIV ဆိုတဲ့ ဘဝတိုက်ပွဲကြီးကို ဒူးထောက်လက်မြှောက်ပြီး လည် စင်းပေးမယ့် လူတစ်ယောက် မဟုတ်တော့ပါဘူး။

ကျွန်မဘဝကို စာနာနားလည်ပေးတဲ့ အဖွဲ့အစည်းတွေ၊ ဘဝတူသူငယ်ချင်းတွေ၊ ကျွန်မအပေါ် ချစ်ခင် ကြင်နာတဲ့ မိဘမောင်နှမများနဲ့ အတူလက်တွဲပြီး HIV ဆိုတဲ့ ဘဝတိုက်ပွဲကြီးကို အောင်မြင်စွာ တိုက် ထုတ်မယ့် သူရဲကောင်းတစ်ဦးရဲ့ ခံယူချက်နဲ့ ရှင်သန်နေပါတယ်။

ယုံကြည်ချက်များစွာဖြင့် - - - - - -

ရင်ရင်မွှေး

၁၀ ၊ သြဂုတ်  ၂၀၁၀

HIV ပိုးကူးစက် ခံရသူများထဲတွင် အမျိုးသမီးငယ် အရေအတွက်များလာ

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွားသူဦးရေ နှစ်သိန်း လေးသောင်းကျော်ရှိသည့် အနက် ရောဂါဖြစ်ပွားသူများ၏ ၆ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

ထိုသို့ HIV နှင့် AIDS ရောဂါ ကူးစက်ခံရသူ အမျိုးသမီးများအနက် ရောဂါဖြစ်ပွားသူအများစုမှာ ဆယ်ကျော်သက် အရွယ်လူငယ်များဖြစ် ကြပြီး လိင်ကုန်ကူးခံရသူများ၊ ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများနှင့် မူးယစ် ဆေးသုံးစွဲသူအမျိုးသမီးများထံတွင် အဆိုပါရောဂါကို အများဆုံး တွေ့ရှိရသည်ဟု ထပ်မံသိရသည်။

ကမ္ဘာ့ကုလသမဂ္ဂကလေးသူ ငယ်များရန်ပုံငွေအဖွဲ့ (UNICE) ၏ ယခုနှစ်ဖေဖော်ဝါရီအတွင်း ထုတ် ပြန်ချက်များအရ ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း HIV နှင့် AIDSရောဂါ ဖြစ်ပွားသူဦးရေ ၃၃ သန်းကျော် ရှိသည့်အနက် ရောဂါ ဖြစ်ပွားသူများ၏ သုံးပုံတစ်ပုံခန့်မှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ်ကြားရှိ ဆယ်ကျော်သက် အရွယ်လူငယ်များ ဖြစ်ကြကြောင်း၊ နှစ်စဉ်၌ အသက် ၁ဝ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ်အမျိုးသမီးကလေးများသည် သက်တူရွယ်တူ ယောက်ျားလေးများနှင့် ရောဂါပိုးရှိသူ အမျိုးသား ကြီးများထံမှ ကူးစက်ခံရ မှုနှုန်းမှာ ပိုမိုမြင့်မားလျက်ရှိကြောင်း၊ ထို့အပြင် နေ့စဉ်ကမ္ဘာနှင့် အဝှမ်း လူဦးရေ ၇၄ဝဝ ခန့်မှာ အဆိုပါရောဂါပိုးအား ကူးစက်ခံရပြီး ရောဂါကူးစက် ခံရသူများအနက် ၄ဝ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ်ဆယ်ကျော်သက်များ ဖြစ်နေ ကြသည့်အတွက် ရောဂါကူးစက်ပြန့် ပွားမှုအား မထိန်းချုပ်နိုင်ပါက အနာ ဂတ်တွင် အန္တရာယ်ကြီးမားလာနိုင် ကြောင်း သိရသည်။

UNICEFမှ တာဝန်ရှိသူ တစ်ဦးက ”ဆယ်ကျော်သက်အရွယ် လူငယ်လေးတွေဟာ HIV နဲ့ ပတ်သက်လို့ ကျန်းမာရေး အသိပညာနဲ့ ဗဟု သုတတွေ နည်းပါးနေသေးတဲ့ အတွက် အခုလို ရောဂါကူးစက် ခံရမှုနှုန်း မြင့်မားလာ ရတာပဲ။ ရောဂါကူးစက်ခံရသူတွေကို ရောဂါနဲ့ပတ်သက်ပြီး သိရှိခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူတဲ့အခါမှာ အမျိုးသား ၃ဝ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၉ ရာခိုင်နှုန်း လောက်ကပဲ HIVနဲ့ပတ်သက်လို့ ဗဟုသုတအနည်းငယ် ရှိတာကို တွေ့ ရတယ်”ဟု ပြောသည်။

ပေါ်ပြူလာ

Myths about blood donation



သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆအမှားတွေ အတွေးအမှားတွေ အများကြီး ကြုံဖူးကြားဖူးခဲ့ပါတယ်။ ကျွန်တော့်မှာလည်း အတွေးမှား အမြင်မှားတွေ ဟိုတချိန်တုန်းက ရှိခဲ့ဖူးပါတယ်။ အဲဒီလို အယူအဆအမှား အမြင်အမှားတွေကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါပဲ။ မွန်မြတ်ဖြူစင်လှတဲ့ လှူဒါန်းမှုတစ်ခုကို လူတွေက လုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။
၁။ သွေးလှူပြီးရင် ၀ လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ၀ လာတာမျိုး မရှိပါဘူး။ အသားအရည် စိုပြေပြီး အလှတိုးတာပဲ ရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန် စားသောက်တာထက် ပိုပြီး စားဖို့သောက်ဖို့လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက် ပိုပြီး ၀ လာစရာ မရှိပါဘူး။
၂။ သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့ အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံး လက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံး စနစ်တကျ ရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါပိုး ကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
၃။ သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့် မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေး ကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမယ့် သွေးလှူပြီးရင်တော့ ကုတင်ပေါ်မှာ မိနစ် အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။
၎။ သွေးဖောက်တဲ့အခါ အပ်ကြီးကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာ မဟုတ်ပါဘူး။ နားဖောက်တာလောက် သွားနှုတ်တာလောက် မနာပါဘူး။ ပုရွတ်ဆိတ် ကိုက်ရင်တောင် ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့ လူနာရဲ့ သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ဘူး ဆိုတာပါပဲ။
၅။ သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီ ပတ်ဝန်းကျင်ပဲ ကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာတွေ၊ မေးခွန်းတွေ ဖြေရတာတွေ၊ ကျန်းမာရေး စစ်ဆေးမှု ခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ် ပတ်ဝန်းကျင်ပဲ ရှိပါတယ်။
၆။ သွေးလှူတဲ့အခါ သွေးအများကြီး ဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ် မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲ ယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့ သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြန်လည် ဖြည့်ဆည်းပေးပါတယ်။
၇။ ကျွန်တော် သွေးလှူဖို့ မလိုဘူး။ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင် လိုနေပါတယ်။ သွေးလှူလို့ရနိုင်တဲ့ လူဦးရေ စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီး လိုနေပါတယ်။
၈။ သွေးဆိုတာ အကြာကြီး အထားခံတယ်။ တစ်ခါ လှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့ သွေးရည်ကြည်ဟာ ၁ နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမာန် အခြေအနေမှာ ၄၂ ရက်တိတိ သိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ၅ ရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရပဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာ များပါတယ်။ ဒါကြောင့် သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီး မမြင်ရပါဘူး။
၉။ ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြုစင် ဇီဝတဒါန လှူဒါန်းမှုတစ်ခုပါ။
အခုပြောသွားတဲ့ အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေက စပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံး ပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
From: http://health.ngoinmyanmar.org/

အပိုလို ဆေးရုံ သို့မဟုတ် အလိုလို ပိုနေသူများ နှင့် အသက်ပို မရှိတဲ့ ဆင်းရဲသားလူနာများ


ပြည်တွင်းကနေ အလွယ်တကူဖတ်ရှုနိုင်တဲ့ အွန်လိုင်း လျှပ်တစ်ပြက်ဂျာနယ်မှာ ကျန်းမာရေးသတင်းတခု ဖတ်ရပါတယ်။ ကနေ့ဘဲ ထွက်လာတဲ့ ပြည်ပက ကျန်းမာရေးသတင်းတခုနဲ့ ဆက်စပ်ပေးပါရစေ။

ပြည်တွင်းကျန်းမာရေးသတင်း
“ရန်ကုန်၊ မန္တလေး မြို့ပြများတွင် နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိက ဆေးရုံကြီးများ ဆေးကုသခန်းများ အပြိုင်း အရိုင်း ထူထောင် လာခဲ့ကြသလို ပြည်ပ ဆေးရုံများမှလည်း ရန်ကုန်၊ မန္တလေး၊တောင်ကြီး အပါအဝင် မြို့ကြီး ပြကြီးများတွင် ပရိုမိုးရှင်း ပြုလုပ်ကာ မြန်မာပြည်တွင်းရှိ လူနာများကို ဝန်ဆောင်မှုများနှင့် မဲဆွယ် လာကြကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် ဘန်ကောက်နဲ့ စင်ကာပူက ဆေးရုံတွေ အနေနဲ့ မြန်မာပြည်ထဲမှာ ရုံးခွဲတွေ ဖွင့်ကြတယ်။ သည်က လူတွေကို ဘန်ကောက်၊ စင်ကာပူ စသည်ဖြင့် ပို့ပေးကြတယ်။ အထူးသဖြင့် ပိုက်ဆံတတ်နိုင်တဲ့သူတွေ အတွက်တော့ နိုင်ငံခြားမှာ ဆေးသွားကုရတာ ဆေးသွားစစ် ရတာကိုက ဂုဏ်တစ်ခုပဲလေ။ ကုသပုံ ကုသနည်းလည်း ကွာတာ ရှိသလို ဝန်ဆောင်မှု ကလည်း ကွာတော့ ပိုက်ဆံရှိတဲ့ သူတွေက ကုကြတာပေါ့။ တချို့လည်း ပိုက်ဆံရှိတယ်ဆိုတော့ ရောဂါပေါင်းစုံက အလိုလိုရှိလာကြတယ်။ ရောဂါဆိုတာကတော့ ရှာပြီဆိုရင် ရှိတာပဲကိုး၊ အဲသည်တော့ ပိုက်ဆံရှာတဲ့ သူတွေအတွက် နိုင်ငံခြားဆေးရုံတွေက မြန်မာပြည်ထဲရောက်လာပြီး မားကက်ချဲ့ကြတဲ့ သဘောပဲ စကားပြန် ထားပေးတယ်။ မြန်မာဆရာဝန် ထားပေးတယ်။ မြန်မာနာ့ပ်စ် ထားပေးတယ် ဆိုတော့ လူနာက ပြောလို့ဆိုလို့ ကောင်းတော့ ကြိုက်တာပေါ့လေ။ ဆေးကုပြီးပြီ ဆိုရင်လည်း ရှော့ပ်ပင် ထွက်ကြတာတို့၊ အလည် အပတ် သွားကြတာတို့က ရှိသေးတာကိုး၊ အသည်း အသန်လူနာ၊ သေကောင်ပေါင်းလဲလူဆိုရင်တော့လည်း ဒါတွေဘယ်လုပ်နိုင်မလဲ၊ တကယ်တော့ ကိုယ့်တိုင်းပြည်က ဆရာဝန်ကြီးတွေ မတော်လို့မှ မဟုတ်တာ'ဟု လူနာဟောင်း တစ်ဦးမှ လျှပ်တစ်ပြက်သို့ ရှင်းလင်း ပြောကြားခဲ့သည်။”

ပြည်ပကျန်းမာရေးသတင်း
သတင်းက ဒေလီရှိ နာမည်ကြီး-ဈေကြီး-အဆင့်မြင့် အပိုလို ဆေးရုံကြီး ဖြစ်ပါတယ်။ (အပိုလို)ဟာ (ဖိုက်စတား) အဆင့် ဆေးရုံကြီးပါ။ အခန်းခကိုက (ဖိုက်စတား)ဟော်တယ်ခန်းခလို ပေးရလို့ပါ။ ကောင်းတာကတော့ ကောင်းလွန်းပါတယ်။ ကမ္ဘာအရပ်ရပ်က လူနာတွေ လာရောက် ဆေးကုသမှု ခံယူနေတဲ့ နာမည်အကြီးဆုံး ဆေးရုံတစ်ရုံလည်း ဖြစ်ပါတယ်။
ကနေ့ ဒေလီ High Court တရားရုံးကနေ ၁၂ နှစ်ကြာ ကြားနာ စစ်ဆေးအပြီး၊ အပိုလိုဆေးရုံမှာ ဆင်းရဲတဲ့ လူနာများ အတွက် အတွင်းလူနာ ကုတင် ၃၃%၊ အပြင်လူနာ ၄၀% သတ်မှတ်ပေးဘို့၊ နောက်ပြီး အဲလိုလုပ်ဘို့ ပျက်ကွက်ခဲ့တဲ့ ကာလအတွက် ဒဏ်ငွေ ရူးပီး ၂ သိန်း (UDS 4,100) ချမှတ်လိုက်ပါသေးတယ်။ ဒေလီအစိုးရ ကိုလည်း အဲဒီအတိုင်း ဆေးရုံက လိုက်နာခြင်းရှိ-မရှိ MS ဆေးရုံအုပ် နေရာတခုနဲ့ စစ်ဆေးစေရန် ဆိုတဲ့ အမိန့်ပါ ထုတ်လိုက်ပါတယ်။

အိန္ဒိယလို၊ မြန်မာနိုင်ငံလို ဆင်းရဲသူတွေ များလွန်းတဲ့ တိုင်းပြည်တွေမှာ ဆင်းရဲသားတွေအတွက် ထည့်မတွက်လို့ မရပါ။ အဲလို အဲလို ဖြစ်လာဘို့ဆိုတာက တရားဥပဒေစိုးမိုးမှု၊ “ကျန်းမာရေးဟူသည် လူတိုင်းအတွက် အခြေခံ ခံစားခွင့် ဖြစ်သည်” ဆိုတဲ့ သဘောတရားကို ကိုင်စွဲ တိုက်ယူမဲ့ လူမှုအဖွဲ့အစည်း၊ အခင်းအကျင်းဆိုတာတွေ ကျယ်ကျယ် ပြန့်ပြန့် ရှိနေမှသာ ဖြစ်လာနိုင်ပါမယ်။

တင့်ဆွေ

ခုခံကျရောဂါ ကာကွယ်ဆေး

ဒီကနေ့ သတင်းတွေထဲမှာ ထိပ်ဆုံးကပါလာတာကတော့ ခုခံကျရောဂါကာကွယ်ဆေး သုတေသန အောင်မြင်မှု သတင်းပါ။ ထိုင်း-အမေရိကန် ၆ နှစ်ကြာ ပူးတွဲ သုတေသနပြုချက်အရ ကာကွယ်ဆေးထိုးထားသူတွေဟာ ကာကွယ်ဆေး ထိုးမထားသူတွေထက် ခုခံကျရောဂါဖြစ်ပွားမှု ၃၁ ရာနှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒီသတင်းကောင်းကို ခွဲခြမ်းစိပ်ဖြာ ကြည့်ရအောင်။
စမ်းသပ်မှု
ဒီသုတေသနပြုချက်ဟာ ကာကွယ်ဆေး စမ်းသပ်မှုအဆင့် (၃) ဖြစ်ပြီး အရည်အသွေးပိုင်းမှာ စနစ်တကျ ဆောင်ရွက်ထားတာ တွေ့ရပါတယ်။
(စကားချပ်။
စမ်းသပ်မှု အဆင့် (၁) - ကာကွယ်ဆေးက လူကို ဥပါဒ် မပေးနိုင်ဘူး ဆိုတာ သေချာအောင် စမ်းသပ်တာပါ။
စမ်းသပ်မှု အဆင့် (၂) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ ခပ်နည်းနည်းနဲ့ စမ်းသပ်တာ ဖြစ်ပြီး
စမ်းသပ်မှု အဆင့် (၃) - ကာကွယ်ဆေးက တကယ့် အာနိသင် ရှိမရှိ လူဦးရေ များများနဲ့ စမ်းသပ်တာဖြစ်ပါတယ်။)
ခုခံကျရောဂါပိုး မရှိတဲ့ ( HIV ပိုး မရှိတဲ့ ) အသက် ၁၈ နှစ်ကနေ ၃၀ အတွင်း ထိုင်းလူမျိုး ကျား-မ စုစုပေါင်း ၁၆၀၀၀ ကျော်ကို စမ်းသပ်ထားပါတယ်။ အစမ်းသပ်ခံတဲ့ လူတွေထဲမှာ တစ်ဝက်က ကာကွယ်ဆေးရပြီး ကျန်တစ်ဝက်က ကာကွယ်ဆေး မရပါ။ သို့သော် အားလုံးကိုတော့ အပြင်ပန်းကြည့်ရင် အတူတူပဲလို့ ထင်ရတဲ့ ဆေးတွေ ပုံမှန် ထိုးပေးပါတယ်။ ကာကွယ်ဆေး အတု နဲ့ အစစ်လို့ လွယ်လွယ် ပြောကြပါစို့ရဲ့။ ဆေးထိုးပေးရတဲ့ လူကိုယ်တိုင်တောင် ဘယ်ဆေးက အစစ် ဘယ်ဆေးက အတု ဆိုတာ မသိပါဘူး။ ဒီလိုမျိုး ဆေးထိုးခံရသူကော ဆေးထိုးပေးသူပါ အတု အစစ် မခွဲခြားနိုင်အောင် ပြုလုပ်ထားနိုင်တာဟာ ကာကွယ်ဆေး သုတေသနမှာ အင်မတန် ကောင်းမွန်တဲ့ အချက်ပါ။ (စကားချပ်။ ။ ဘိုလိုတော့ double blind trial လို့ ခေါ်ပါတယ်။)
ဘာဖြစ်လို့ ကောင်းတာလဲ ဆိုတော့ ကာကွယ်ဆေး အစစ် ရထားလို့ ဆိုပြီး အပြင်မှာ သွားကဲချင်တိုင်း ကဲနေတာမျိုး၊ ကာကွယ်ဆေး အတု ရထားလို့ဆိုပြီး စမ်းသပ်ကာလအတွင်း ဥပုသ်စောင့်နေတာမျိုး လုပ်နေကြရင် စမ်းသပ်မှု အဖြေထုတ်ရာမှာ ထိခိုက်နိုင်လို့ပါပဲ။ ဒါကြောင့် စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ နေရိုးနေစဉ်အတိုင်း ဆက်လက်ပြီး နေနေကြဖို့ အရေးကြီးပါတယ်။ အခုလို ကာကွယ်ဆေး အတု ရထားလား၊ အစစ်ရထားလား ဘယ်သူ့ ဘယ်သူမှ မသိကြလေတော့ စမ်းသပ်မှုမှာ ပါဝင်သူတွေဟာ အရင်လို နေမြဲအတိုင်း ဆက်နေကြဖို့ ဖြစ်လာပါတယ်။
နောက်တစ်ချက်က သုတေသန အဖွဲ့မှာ မပါဝင်တဲ့ သမာသမတ်ရှိမယ်လို့ ထင်ရတဲ့ အဖွဲ့တစ်ဖွဲ့က သုတေသန လုပ်သူတွေ စနစ်ကျမှုရှိမရှိ စောင့်ကြည့်တာပါ။ ဒါဟာလည်း အရည်အသွေးကောင်းတဲ့ သုတေသနတွေရဲ့ လက္ခဏာ တစ်ခုပါ။
စမ်းသပ်မှု အဆင့် (၃) ကိုရောက်ဖို့အတွက် အဆင့် (၁) တွေ (၂) တွေကို ကျော်ဖြတ်ရပါတယ်။ ဒီသုတေသန ပြုချက်မှာ အဆင့် (၁) နဲ့ (၂) ကို ကျော်ဖြတ်ပြီးခဲ့ကြောင်း မှတ်တမ်းတင်ထားတာ တွေ့ရလို့ ကောင်းမွန်တဲ့ သုတေသနပြုချက်လို့ ပြောလို့ ရနိုင်ပါတယ်။
စမ်းသပ်မှု အဖြေ
ကာကွယ်ဆေး ထိုးထားသူတွေထဲမှာ ၅၁ ဦး ခုခံကျ ရောဂါ ရလာပြီး ကာကွယ်ဆေး ထိုးမထားသူတွေထဲမှာ ၇၄ ဦး ရောဂါရပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ လူဦးရေ အတိအကျနဲ့ ပါဝင်တဲ့ အချိန်တွေ ထည့်တွက်လိုက်တော့ ၃၁ ရာခိုင်နှုန်း ကာကွယ်မှု ရှိတယ်လို့ သိရတယ်။
နောက်ဆက်တွဲ ရလဒ်များ
စမ်းသပ်ခဲ့ဖူးသမျှ ခုခံကျရောဂါ ကာကွယ်ဆေးတွေထဲမှာ ဒီကာကွယ်ဆေးက အလားအလာ အကောင်းဆုံးပါ။ ဒါပေမယ့်လည်း ကာကွယ်နိုင်မှုက ၃၁ ရာနှုန်းပဲ ရှိတော့ ကာကွယ်ဆေး ထိုးထားဦး ရောဂါ ကူးစက်နိုင်ချေက အတော်များနေဆဲပါ။ တစ်ဖက်က ကြည့်ပြန်ရင် ဒီကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံ အစွမ်းသတ္တိတွေကို ထပ်မံလေ့လာပြီး မွမ်းမံလိုက်ရင် ဒီ့ထက် ပိုကောင်းတဲ့ ကာကွယ်ဆေး ရကောင်းရလာနိုင်ပါတယ်။
သတိထားစရာလေးများ
ဒီစမ်းသပ်မှုမှာ သတိထားစရာ တစ်ချက်က ထိုင်းမှာ အဖြစ်များတဲ့ ခုခံကျရောဂါပိုး မျိုးကွဲ၊ မျိုးစိတ်တွေကို အဓိကထား စမ်းသပ်ထားတာမို့ အခြား မျိုးကွဲ၊ မျိုးစိတ်တွေအတွက် သုံးလို့ မရနိုင်သေးပါ။ (စကားချပ်။ ။ အာဖရိကနိုင်ငံတွေမှာ အဖြစ်များတဲ့ ခုခံကျရောဂါ မျိုးကွဲ၊ မျိုးစိတ်တွေဟာ ထိုင်းနဲ့ မတူပါ။)
ကာကွယ်ဆေး ပေါ်ပြီဟေ့ ဆိုပြီး လူတွေ လွတ်ချင်တိုင်းလွတ်ပြီး ကဲနေလို့တော့ မဖြစ်ပါ။ ကာကွယ်ဆေးက ရာနှုန်းပြည့် ကာကွယ်တာ မဟုတ်။ နောက်ပြီး ဒီနေ့ ပေါ်တဲ့ ကာကွယ်ဆေးက နောက်နေ့ လူအားလုံး သုံးဖို့ မဖြစ်နိုင်ပါ။ နောက်ထပ် စမ်းသပ်စရာများ ခွင့်ပြုချက်များ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ကိစ္စများ ရှိပါသေးတယ်။
ကာကွယ်ဆေး ပေါ်ပြီဆိုတော့ ခုခံကျရောဂါ ဒီကမ္ဘာပေါ်ကနေ အမြစ်ပြတ် သွားနိုင်မလား
နမူနာ တစ်ခုနဲ့ ယှဉ်ပြီး ပြောပါမယ်။ ပိုလီယို ရောဂါ ကာကွယ်ဆေးဟာ ၉၅ ရာနှုန်း ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ၁၉၆၀ ခုနှစ်ကျော်က ကာကွယ်ဆေးကို ရှာဖွေ တွေ့ရှိခဲ့ပေမယ့် ဒီကနေ့ ဒီအချိန် အထိ ကမ္ဘာပေါ်မှာ ပိုလီယိုရောဂါ အမြစ် မပြတ်နိုင်သေးပါ။ ဒါကြောင့်မို့ ၃၁ ရာနှုန်းသာ ကာကွယ်နိုင်စွမ်းရှိတဲ့ ဒီ ခုခံကျရောဂါ ကာကွယ်ဆေးနဲ့တော့ ခုခံကျရောဂါ ကမ္ဘာပေါ်မှာ အမြစ်ပြတ် မသွားနိုင်ပါ။
ဒါဆို ဘာလုပ်ကြမလဲ
လက်ရှိ သိပြီးသား နည်းလမ်းတွေဖြစ်တဲ့ ကျန်းမာရေး ပညာပေးခြင်း၊ ကွန်ဒုံးသုံးခြင်း၊ ရောဂါကူးစက်နိုင်ခြေများတဲ့ အပြုအမူ ( ဥပမာ - မူးယစ်ဆေး ထိုးခြင်း၊ လိင်ဆက်ဆံဖက် များခြင်း ) တွေကို ရှောင်ခြင်း၊ အမျိုးသား လိင်အင်္ဂါ အရေပြားဖြတ်ခြင်း စတာတွေကို ဆက်လက် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလို ဆောင်ရွက်ရင်းနဲ့မှ လူအများ သုံးလို့ရတဲ့ ခုခံကျရောဂါ ကာကွယ်ဆေး ရလာပြီဆိုရင် ကာကွယ်ဆေးထိုးတာကိုပါ နည်းလမ်းတစ်ခုအနေနဲ့ ဖြည့်စွက် အသုံးပြုလာနိုင်ပါလိမ့်မယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး

 

HIV .. AIDS ကြောက်သင့် မကြောက်သင့်



HIV/ AIDS နဲ့ ပတ်သက်လို့ ခက်ခဲလှတဲ့ ကိစ္စတွေထဲက တစ်ခုက တစ်ဖက်က နောက်ထပ် ရောဂါပိုး ပြန့်ပွားမှုတွေ များမလာအောင် ထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေး ဆိုင်ရာ အသိပညာတွေကို ပေးရသလို တစ်ဖက်ကလည်း ရောဂါပိုးနဲ့ နေထိုင်ရသူတွေ ခွဲခြား ဆက်ဆံ မခံရအောင် နာမည်ဆိုး သတ်မှတ် မခံရအောင် ကြိုးစားနေရခြင်းပါ။
ကုလို့ မပျောက်တဲ့ ရောဂါ၊ သေမှာပဲ လို့ ပြောခဲ့၊ ပညာပေးခဲ့မိလို့ ရောဂါပိုး ရှိသူတွေကို အန္တရာယ် ပြုခံခဲ့ရတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။
တခြား နာတာရှည် ရောဂါလိုပဲ။ ရောဂါပိုးနဲ့ ရှင်သန် အသက်ရှည် နေလို့ ရပါတယ်လို့ ပြောပြန်တော့ အစွန်းရောက်သူတွေက “ ကာကွယ်ဖို့ မလိုတော့ဘူးလား ” လို့ ယူဆကြပြန်တယ်။
ရောဂါပိုးနဲ့ နေထိုင်ရသူတွေထဲမှာ အပြုအမူပိုင်းဆိုင်ရာမှာ အပြစ်ပြောစရာ လုံးဝ မရှိတဲ့ ကလေးငယ်တွေ၊ အိမ်ရှင်မတွေ၊ အမျိုးသား၊ အမျိုးသမီးတွေလဲ ပါနေတာမို့ အပြုအမူတွေကို အပြစ်ပြောဖို့လဲ ခက်ပါတယ်။
တကယ်ကတော့ ရောဂါပိုး ကူးစက်မှာကို ကြောက်ရွံ့ရင် ရောဂါပိုး ရှိသူတွေကို ရှောင်ရမှာ မဟုတ်ပါဘူး။
ရောဂါပိုး ကူးစက်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ရမှာ။

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ပုံ ကူးစက်နည်း အဓိက နည်းလမ်း သုံးခုကို အခါခါ ကြားဖူးပြီးသား ဖြစ်မှာ ဖြစ်ပေမယ့် သတိရအောင် ထပ်ပြောပါရစေ။
- အကာအကွယ်မဲ့ လိင်ဆက်ဆံတာ (စအို၊ ပါးစပ်၊ လိင်အင်္ဂါ စတဲ့ နည်း အားလုံး)
- သွေးကနေ တစ်ဆင့် ( သွေးပေနေတဲ့ ချွန်ထက်တဲ့ ပစ္စည်းတွေကို မျှသုံး ပေါင်းသုံး ရောသုံး ရာကနေလဲ ကူးနိုင်တယ် .. ဥပမာ - ဆေးထိုးအပ် မျှသုံးတာ)
- ကိုယ်ဝန်ဆောင် မိခင် ၊ နို့တိုက်မိခင်ကနေ ကလေးကို ကူးစက်တာ

ဆေးရှိနေပြီပဲ။
ရောဂါပိုးက အရေးကြီးသလား ?

တကယ် ဆေးသောက်နေရတဲ့ သူတွေကို မေးကြည့်ပါ။
လွယ်သလားလို့။
ဆေးရဖို့ ခက်သလို၊ ဆေးရပြီးတဲ့ အခါမှာလဲ ဘေးထွက် ဆိုးကျိုးတွေကို အလူးအလဲ ခံရတာ ဘယ်လောက်ခက်တယ် ဆိုတာ ပြောရင် ပိုးရှိပြီးသား သူတွေကို စိတ်ဓာတ်ချ သလို ဖြစ်မလား။
မကြာသေးခင်က UNAIDS က ထွက်လာခဲ့တဲ့ ကြေငြာချက်ကလေးမှာ အခုအချိန်မှာ အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်သူ လူလေးသန်းကျော်က အိတ်ခ်ျအိုင်ဗွီပိုး ပွားမှုနှုန်းကို ရပ်တန့် စေနိုင်တဲ့ အေအာတီ ဆေးကို ရရှိပြီ ဖြစ်ပါသတဲ့။ ဒါက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြွယ်ဝမှု အလယ်အလတ် ရှိတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကို ကြည့်ပြီး ပြောထားတာပါ။ အဲဒါက ပြီးခဲ့တဲ့ နှစ်ကထက် စာရင် ၃၆% တက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ဆယ်ဆတောင် တက်လာတာ ဖြစ်ပါသတဲ့။
ဒါပေမယ့် ဒါက အေအာတီ ဆေးကို လိုအပ်နေသူတွေရဲ့ ၄၂% ပတ်ဝန်းကျင်ပဲ ရသေးတာ။
အဲဒီတော့ ဆေးမရသေးတဲ့သူ ၅၈% ပတ်ဝန်းကျင် ကျန်နေသေးတယ်။
ပြီးတော့ ယခု လက်ရှိ အခြေအနေ အရ အေအာတီဆေး နှစ်ယောက် ရတိုင်းမှာ အသစ် ထပ်ပြီး ပိုးကူးခံလိုက်ရတဲ့ သူက ငါးယောက်နှုန်းလောက် ဖြစ်နေတယ်လို့လဲ UNAIDS က ပြောပါတယ်။
ဒီနှုန်းအတိုင်း သွားနေရင် ဆေးက လုံလောက်မှု ရှိပါ့မလား။
ပုံမှန် ဆေးနဲ့ မနိုင်တဲ့ ပိုးအမျိုးအစားတွေ ရှိနေသေးတာကို မပြောဘဲ ထားမယ် ဆိုရင်တောင် အားတက်စရာ အများကြီး မရှိလှသေးဘူး။
ဒီလို ဆေးတွေ ရဖို့၊ ပေါ်လစီတွေ ပြောင်းဖို့ကို ကြိုးစားတဲ့ သူတွေက အသေအကြေ ကြိုးစားနေကြရချိန်မှာ လူတိုင်းလူတိုင်းကလဲ ကိုယ့်တာဝန် ကိုယ် ယူနိုင်သလောက် ယူသင့်တယ်လို့ ယူဆမိတယ်။
ကျွန်မ ပြောလေ့ရှိတာကတော့ ပိုးရှိသူ တစ်ဦးက နောက်တစ်ယောက်ကို ကူးစေခဲ့ရင် ကိုယ့်အတွက် ဆေးရနိုင်ခွင့် တစ်ယောက်စာ ပိုနည်းသွားအောင် လုပ်တာနဲ့ မတူဘူးလားလို့။
အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနဲ့ မရှိသူတွေ အိမ်ထောင်ပြုထားကြတာတွေ ရှိပါတယ်။
တော်ရုံ မေတ္တာတွေနဲ့ ဟုတ်ကြမယ် မထင်ပါဘူး။
ကျွန်မ သိတဲ့ စုံတွဲကလေးကတော့ ကာယကံရှင် ပိုး ရှိသူ အမျိုးသားလေးက သူ့အမျိုးသမီးလေးအတွက် အမြဲတမ်း စိုးရိမ်သောက ရောက်နေရတယ်။
သွေးစစ်တိုင်း သူ့မှာ ကူးပြီလားလို့ ရင်တထိတ်ထိတ်နဲ့။
ဒါကို အားပေးတိုက်တွန်းမှာ မဟုတ်သလို၊ ကန့်ကွက် အပြစ်တင်မှာလဲ မဟုတ်ပါဘူး။
Comment မှာ ဖြေထားသလိုပဲ နှစ်ယောက် စလုံး ကိုယ့်အန္တရာယ်တွေကို သေသေချာချာ သိနားလည်ဖို့ လိုပါတယ်။
ပြီးတော့ အဲဒါတွေကို ဘယ်လို ကာကွယ် ရမယ် ဆိုတာကိုလဲ သေသေချာချာ သိနားလည်ထားဖို့ လိုပါတယ်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေ ဒီမှာ ရှိပြီးသားမို့ အများကြီး မပြောချင်တော့ပါဘူး။
ပိုနားလည်ချင်ရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ စာတွေကို များများ ဖတ်စေချင်ပါတယ်။
အသစ်တွေ့လာတဲ့ နည်းလမ်းတွေ၊ ကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးသုံးတာတွေကို သုတေသန ပြုလုပ်သူတွေက အကျိုးသက်ရောက်မှု အတိုင်းအတာ တစ်ခုအထိ ရှိတယ်လို့ပဲ ပြောနိုင်တာပါ။
ကာကွယ်နိုင်တဲ့ ရာခိုင်နှုန်းတွေက နည်းပါးနေပါသေးတယ်။

ယူဂန်ဒါ သမ္မတ ပြောဖူးတဲ့ စကားလေးကိုပဲ ပြန်ပြောရမယ် ထင်တယ်။
“ တကယ်လို့ သင့်လက်ကို ခြတောင်ပို့ထဲ သွားထည့်လို့ မြွေကိုက်ခံရတယ်ဆိုရင် ဘယ်သူ့ အပြစ်လဲ” တဲ့။
ပြောချင်တာက ခြတောင်ပို့ တိုင်းထဲမှာ မြွေရှိချင်မှ ရှိမှာပါ။
ဒါပေမယ့် မြွေရှိနိုင်တယ် ဆိုတာကိုတော့ သဘောပေါက် နားလည်ထားသင့်ပါတယ်။
ပြီးမှ မြွေကိုက်ခံရချင်လဲ ခံရပါစေ ဆိုရင်တော့လဲ မတတ်နိုင်ဘူးပေါ့လေ။

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ အားလုံး လူတိုင်း လူတိုင်း သိခွင့် နားလည်ထားခွင့် ရှိပါတယ်။
ဒါမှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ။

Ref: http://www.unaids.org/en/KnowledgeCentre/Resources/FeatureStories/archive/2009/20090930_access_treatment_4millions.asp
http://www.unaids.org/en/CountryResponses/UniversalAccess/default.asp
http://www.unaids.org/en/KnowledgeCentre/HIVData/GlobalReport/2008/2008_Global_report.asp
Reader's Digest Sept.2004, As Simple As ABC by John Dyson
From:http://health.ngoinmyanmar.org