8‏/4‏/2011

အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ

Percent Daily Value

ပျိုမေတို့ အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ super market တွေထဲက စားစရာအတော်များများမှာ ပါဝင်တဲ့ အာဟာရရဲ့ ပမာဏကိုဖြစ်စေ၊ percent Daily value ကို ဖြစ်စေ ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ percent Daily value ဆိုတာကတော့ လူတယောက်တနေ့တာမှာ စားသုံးသင့်တဲ့ စံပြပမာဏရဲ့ ရာခိုင်နှုန်းကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အစားအစာ တစ်ခုမှာ ဗိုက်တာမင်စီ percent Daily value (%DV) ၂၀ % ပါဝင်တယ်လို့ ရေးထားတဲ့အခါ အဲဒီ အစား အစာကို သတ်မှတ်ထားတဲ့ ပမာဏ စားသုံးတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဗိုက်တာမင်စီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို အခြားသော အစားအစာများစားသုံးခြင်းဖြင့် ဖြည့်ဆည်းယူရမှာဖြစ်ပါတယ်။ percent Daily value ကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူများအတွက် တစ်နေ့တာ လိုအပ်ချက် ကယ်လိုရီ ၂၀၀၀ အားဖြင့် တွက်ချက်ထားတာဖြစ်ပါတယ်။




တစ်နေ့တာမှာ စားသုံးသင့်တဲ့ အာဟာရနဲ့ အဲဒါတွေရဲ့ ပမာဏကို သိချင်လျှင်တော့ အောက်ပါ ဇယားမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။


အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။


Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004

Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ;

Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284.



မွန်းသက်ပန် (ဆေး ၁)

Mobile Phone နဲ့ ပတ်သက်ပြီး....



ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။


Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။

ဦးနှောက်ကင်ဆာကို တွေ့မြင်ရပုံ

ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ
အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့် လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။

ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင် အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
San Francisco တွင်လည်း အလားတူ ဥပဒေမျိုးကို နောက်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။

အမေရိကန်ရှိ ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။ ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။
စိုးရိမ်သူတွေရဲ့ ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။

ဒီသတင်းကတော့ AP သတင်းက ဖော်ပြသွားတာပါ။ ကျွန်တော့်အမြင်က တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခင်မှာ အယုံမလွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်၊ လူသုံးကုန် နှင့် ဆေးဝါး company တွေဟာ ယုံကြည်လို့ မရပါဘူး။ သူတို့က သူတို့ ပစ္စည်းရောင်းရဖို့ အတွက်ကို ပဲ စောင်းပေးပြီး သုတေသနပြုကြတာ။ ငွေကြေးထောက်ပံ့ရင်လည်း သူတို့နဲ့ ပလဲနံမ သင့်တဲ့ သုတေသီတွေကိုပဲ ထောက်ပံ့တာ။ အဲဒီတော့ ရလာတဲ့ ရလဒ်တွေကလည်း သူတို့ လိုချင်တာတွေပဲ ဖြစ်တတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်ဆေးလိပ် company ကများ သူတို့ ဆေးလိပ်သောက်ရင် အသက်တိုမယ်လို့ တရားဝင်သုတေသန ပြုထားလို့လဲ။ ဘာရောဂါမှ မဖြစ်ဘူးဆိုပြီးပဲ ငြင်းတာ။ နောက်ဆုံး ဘယ်လိုမှ ငြင်းလို့မရလို့သာ ဆေးလိပ်ဘူးတွေမှာ warming message တွေ ထည့်ပေးတာ။

အဲဒီတော့ ဖုန်းတွေကို အသုံးပြုမယ်ဆိုရင် တတ်နိုင်ပါက hand free နဲ့ သုံးစေချင်တယ်။ bluetooth ကိုပြောတာ မဟုတ်ဘူး။ ကြိုးနဲ့ handfree ကိုပြောတာ။ bluetooth လောက်တော့ စတိုင်မမိဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကင်ဆာ အဖြစ်ခံပြီးတော့ စတိုင်ထွားလောက်အောင်တော့ မမိုက်စေချင်ဘူး။ ကျွန်တော်ဆိုရင် ဖုန်းကို ခေါင်းနားကို ကပ်ကို ကပ်လို့ မရဘူး။ တစ်မိနစ် ကျော်လာရင်ခေါင်းကိုက်လို့။ handfree ကို အမြဲတမ်းဆောင်ထားရတယ်။ ကင်ဆာဖြစ်မှာ ကြောက်တာလဲ ပါတယ်။ ညအိပ်ရင်လည်း power off ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားတာ ကောင်းတယ်။ ခေါင်းအုံးဘေးမှာ မထားအိပ်သင့်ဘူး။ သူ့ဆီက ဘာရောင်ခြည်တွေထွက်တာဆိုတာ ကိုယ်မှ သေချာမသိသေးတာ။ သတိထားတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။


နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။ အဲဒီအချက်တွေကတော့ ဖုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် ဖော်ပြထားတာပါ။ စာဖတ်သူအနေနဲ့ အခြားအချက်တွေကို သိလို့ ရှိရင်လည်း comment မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုပါတယ်။


အပူဓာတ် လွန်ကဲခြင်း


အပူဓါတ် အလွန်အမင်းများတဲ့အချိန်မှာ ကျန်းမာနေသူများနှင့် မကျန်းမာသူများ အတတ်နိုင်ဆုံး ပြုမူကျင့်ကြံနေထိုင်နိုင်ရန် အကြံပြုချက် တချို့ဖြစ်ပါတယ်။ ကျန်းမာနေသူတယောက် နေထိုင်ရန် လိုအပ်ချက်က အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို ပြန်ထည့်ထားလိုက်ပြီး အပူဓါတ်ကြောင့် ပြဿနာရင်ဆိုင်နေရသူများအတွက် အကြံဥာဏ်က နယူးဆောက်ဝေးပြည်နယ် TAFE (Technical and Further Study) မှ ထုတ်ဝေတဲ့ ရှေးဦးသူနာ ပြုစုနည်းစာအုပ်ထဲက ကောက်နှုတ်ဖေါ်ပြထားပါတယ်။ ကမ္ဘာမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံက အပူချိန်ကို ဖါရင်ဟိုက်ဒီဂရီနဲ့ပဲ သုံးတယ် ဆင်တီဂရိတ်ဒီဂရီကို မသုံးဘူးဆိုတာ သိထားပြီး ကျွန်မကိုးကားတဲ့ စာအုပ်က သြစကြေးလျားက ဖြစ်နေတော့ အစပထမမှာ ဒီဂရီကို စင်တီဂရိတ်နဲ့ပဲ ဖေါ်ပြထားပါတယ်။ မြန်မာပြည်က စာဖတ်သူတွေသိအောင် ပြန်တွက်ဖို့ကလည်း တွက်ချက်နည်း မေ့နေလို့ အပူချိန် ဆင်တီဂရိတ်ကနေ ဖါရင်ဟိုက်ပြောင်းတဲ့ ပုံသေနည်းကို စာဖတ်သူများဆီက အကူအညီတောင်းပြီး စာဖတ်သူများက C-B0x နဲ့ မှတ်ချက်မှာ ထည့်ပေးခဲ့တဲ့ တွက်နည်းအတိုင်း တွက်ပြီး ဖါရင်ဟိုက်ဒီဂရီကို ပြန်ဖြည့်ထားပေးပါတယ်။ အပူချိန်ဒီဂရီ ပြောင်းနည်း ထည့်ထားပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။




အပူဓါတ်လွန်ကဲမှုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်နေသူများအတွက် အကြံပြုချက်

အပူဓတ်လွန်ကဲခြင်းကို Hyperthermia လို့ ခေါ်ကြပါတယ်။ ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် များပြားလာခြင်းကြောင့် Heat exhaustion နှင့် Heat Stroke ဟူ၍ အဓိကပြဿနာ နှစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ လူတယောက်ရဲ့ ခန္ဓာကိုယ် သာမန်အပူချိန်က ဒီဂရီ ၃၆-၃၇ (တချို့သူတွက် 37.5 ) (C) စင်တီဂရိတ်၊ ၉၆.၈ - ၉၈.၆ (တချို့သူတွေအတွက် ၉၉.၅) (F) ဖါရင်ဟိုက် ဖြစ်ပြီး Heat Exhaustion ဖြစ်ပါက အပူချိန် ဒီဂရီ ၄၀ (C) စင်တီဂရိတ်၊ ၁၀၄ (F) ဖါရင်ဟိုက် နှင့် အထက်မှာ ရှိပါတယ်။ Heat Exhaustion ကို ပြင်းထန်တဲ့ ရာသီဥတု အပူချိန်ကြောင့်လည်းကောင်း၊ ပူသည့်အချိန်မှာ ကိုယ်လက်လှုပ်ရှားမှု များလွန်းခြင်းကြောင့်လည်းကောင်း ဖြစ်စေနိုင်ပါတယ်။ Heat stroke ကတော့ အပူချိန်လွန်ကဲခြင်း (သို့) တခြားအကြောင်းတခုခုကြောင့် ခန္ဓာကိုယ်အပူချိန် ရှိရာကနေ ပြန်မကျဘဲ တဖြည်းဖြည်းတက်လာပြီး ဆက်တိုက် အပူချိန် မြင့်တက်လာရင် ဖြစ်ပါတယ်။ ကိုယ်အပူချိန်ကို ပြန်ကျအောင် မလုပ်နိုင်ပါက Heat stroke က ဦးနှောက်ပျက်စီးခြင်း၊ ဘယ်တော့မှ ပြန်သတိမရနိုင်တဲ့ အထိသတိလစ်ခြင်း (coma)၊ နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ Heat exhaustion က ကလေးများနှင့် အသက်ကြီးရွယ်အိုများ၊ ရာသီဥတုနဲ့ မသင့်တော်သည့် အ၀တ်အစားများ ၀တ်ဆင်ခြင်း၊ ပူအိုက်လွန်းသော ရာသီဥတုရှိခြင်းကြောင့် အဖြစ်များပြီး Heat stroke က ကိုယ်အလေးချိန် များလွန်းခြင်း၊ အရက်ကိုအလွန်အမင်း သောက်သုံးခြင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ၊ ကျန်းမာရေး ချွတ်ယွင်းနေသူတွေမှာ အများဆုံး ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း မြန်မာပြည်မှာ လက်ရှိအခြေအနေမှာ အပူဓာတ် လွန်ကဲနေတဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေမှာတော့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဖြစ်လာရင် လူနာကို တခြားမိသားစုဝင်တွေက ဘယ်လိုကူညီရမယ်ဆိုတာကို သိထားသင့်ပါတယ်။
Heat exhaustion

Heat exhaustion လဏ္ခာများကတော့ ကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိခြင်း၊ အားအင်ကုန်ခမ်းပြီး အလွန်အမင်း ခေါင်းကိုက်ခြင်၊ ပျို့အန်ခြင်း၊ ရေဆာပြီး အစာအိမ်လှုပ်ရှားခြင်း (stomach cramps)၊ ခေါင်းမူးခြင်း၊ မေ့လဲခြင်း၊ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

အကူအညီပေးရန်

-ရှေးဦးသူနာ ပြုစုနည်းကို သိထားသူ ဖြစ်ပါက DRABC ကို မပြတ်စောင့်ကြည့်ရန်
- လူနာက ပူတဲ့နေရာမှာ ရှိနေပါက အေးတဲ့နေရာကို ရွှေ့ပေးရန်
- လူနာကို လဲလျောင်းနေစေရန်
-ကြပ်တဲ့ အ၀တ်အစားဝတ်ထားသူ ဖြစ်ပါက ဖြေလျော့ပေးရန်
-ရေအေးနဲ့ ရေပတ်တိုက်ပေးရန်၊
-ရေအေး (သို့) အအေးအရည်တခုခုပေးရန်
-အပူမကျမချင်း ရေပတ်တိုက်ပေးပြီး အနီးကပ်စောင့်ကြည့်ကာ အခြေအနေ မတိုးတက်လာဘဲ ပိုဆိုးလာပါက အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပို့ရန်လိုအပ်ပါတယ်။

Heat Stroke

Heat Stroke လက္ခဏာများကတော့ အထက်ပါ Heat exhaustion မှာ ပါရှိတဲ့ အချက်များအပြင် လူနာဟာ စိတ်ထွေပြားလာပြီး အမူအရာ ပြောင်းလာခြင်း၊ အမြင်မှုန်ဝါးလာခြင်း၊ သွေးခုန်နှုန်း သိသိသာသာပိုမြန်လာခြင်း၊ အရေပြား ခြောက်သွေ့ပူပြင်းခြင်း (ချွေးမထွက်တော့ပါ)၊ တက်ခြင်း၊ သတိလစ်ခြင်း ခန္ဓာကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် အထက်မှာပဲ ဆက်ရှိခြေင်း စသည့်အချက်များကို တွေ့ရမယ်။

အကူအညီပေးရန်

ချက်ချင်း၊ ဆေးရုံဆေးခန်း တင်ဖို့လိုပြီး ဆေးရုံဆေးခန်းနဲ့ ဆိုင်တဲ့ Ambulance staff, သူနာပြု၊ ဆရာဝန် စတဲ့ တယောက်ယောက်နဲ့ အတွေ့သေးခင်မှာ အောက်ပါအတိုင်း လိုက်နာပါ။

-ရှေးဦးသူနာ ပြုစုနည်းကို သိပါက DRABC အတိုင်း လုပ်ပါ။
-အတတ်နိုင်ဆုံး အေးတဲ့နေရာမှာ ထားပါ။
- သတိလစ်နေပါက Recovery position လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း ဖြောင့်အောင် လည်ပင်းကို ဘေးစောင်းထား၍ တခြမ်းမှောက်လျက် အနေထားနဲ့ ထားပါ။
- သွေးကြောကြီးများ တည်ရှိရာ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံတ၀ိုက်မှာ ရေခဲ (သို့) ရေအေးကိုအ၀တ်ဖြင့်သော်လည်းကောင်း အိတ်ဖြင့်သော်လည်းကောင်း တင်ပေးပါ။
-သတိလုံးဝ ရနေသေးရင် ရေအေး (သို့) အအေးအရည်တခုခု တိုက်ပါ (သတိလစ်ခြင်း (သို့) သတိရတချက်မရတချက် ဖြစ်နေချိန်မှာ မပေးရ)။

ကျန်းမာနေသူများအတွက် ကာကွယ်ရန် အကြံပြုချက်

လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုဓါတ်တွေ ဆုံးရှုံးပါတယ်။ ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါ အမျိုးမျိုးရဖို့ သိပ်ကိုလွယ်ပါတယ်။ ၀မ်းလျှော၊ ၀မ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ အစာရေစာ လုံလောကမျှတဖို့ ဆိုတဲ့နေရာမှာ ပုံမှန်ကျန်းမာရေးကို ထိန်းသိမ်းတဲ့ အာဟာရနဲ့ သတ္တုဓါတ်များ မချို့တဲ့စေရန်နှင့် ရေဓါတ်မခန်းခြောက်စေရန် ဟင်းသီးဟင်းရွက်နှင့် ရေကို များများသောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ (အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို အနည်းငယ် ဖြည့်စွက်ထားပါတယ်)။ ဒေါက်တာ ဇိဝကရဲ့ ရေအကျိုး ၁၀ ပါးကိုလည်း ဒီနေရာမှာ သွးဖတ်ပြီး လိုက်နာကျင့်သုံးပါက အပူဓါတ်လွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သည့် ဆက်ပွားအန္တရယ်များကို တစိတ်တဒေသ ကာကွယ်နိုင်ကြောင်း အကြံပြုပါတယ်။

မြန်မာပြည်သူများအားလုံး အပူလွန်ကဲခြင်းနှင့် ရေရှားပါးခြင်းမှ အမြန်ဆုံးလွန်မြောက်နိုင်ပါစေ။



Chemicals in our food



သိပ္ပံပညာ တိုးတက်လာသည်နှင့်အတူ အသုံးချဓာတုဗေဒ ပညာသည်လည်း အဆင့်မြင့်လာပါသည်။ မသိရှိသေးသော ဓာတုဒြပ်ပေါင်းအသစ်များကို သိရှိလာသလို လူလုပ် ဓာတုပစ္စည်းများ ဒြပ်ပေါင်းများလည်း ပေါ်ထွက်လာပါသည်။ လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ဓာတုဗေဒ ပစ္စည်းများကို အသုံးချကြသည်။ ရည်ရွယ်ချက်ကောင်းမွန်သည့် လူများရှိသလို မတရား လောဘ ဇောတိုက်ကာ အများအကျိုးကို မငဲ့ကွက်သောလူများလည်း ရှိကြသည်။ ဘာလိုချင်လဲ။ အပင်အကြီးမြန်ချင်လား၊ အသီးထွားစေချင်သလား၊ အရောင်လှစေချင်သလား၊  အရသာ ချိုချင်သလား၊ လိုရင်ပြောပါ။ အကုန်လုံးဖြစ်အောင် ဓာတုဗေဒ ဆေးဝါးများ အသုံးပြုပြီး ပြုလုပ်လို့ရပါတယ်။ ကျွန်တော်တို့ စားသောက်နေတဲ့ အစားအသောက်တွေ အသားငါးတွေဟာ ဓာတုဗေဒ ဒြပ်ပေါင်းတွေနဲ့ ကင်းလွတ်တာ မကျန်သလောက် ဖြစ်လာပါတယ်။ စာဖတ်သူအနေနဲ့ ပိုမိုမြင်လာအောင် ဥပမာအချို့ကို ဖော်ပြပေးပါမယ်။

ပြည်တွင်းဖြစ်
  • ရန်ကုန်က ကန်စွန်းခင်း အများစု ဟာ အရွက်တွေ အရိုးတွေ ကြီးထွားအောင် ဆိုပြီး ပုလဲ ဓာတ်မြေသြဇာဖြန်းကြပါတယ်။ ကန်စွန်းရွက်တွေကို ဘယ်လောက် ရေစင်အောင် ဆေးတယ်ပြောပြော ဓာတ်မြေသြဇာတွေကတော့ ကျန်မှာပါပဲ။ 
  • ရန်ကုန်မှာ နာနတ်သီးတွေဆိုရင် အ၀ါရောင်ရှိမှ ရောင်းတန်းလှတယ် ဆိုပြီး အစိမ်းရောင်အသီးကို အ၀ါရောင်ဖြစ်အောင် ဆိုးဆေးတွေ ဆိုးကြတယ်။ နာနတ်ခြံတွေထဲမှာကို ဆိုးတာပါ။ သစ်သီးအများစုက ဒီလိုပါပဲ။
  • မြန်မာပြည်က နေ ပြည်ပကို တင်ပို့တဲ့ အစားအသောက်ကုန်ကြမ်းတွေဆိုရင် ပြည်ပနိုင်ငံတွေက သိပ်မလိုချင်ကြပါဘူး။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှု များပြားတာကြောင့် ဖြစ်ပါတယ်။ ဟိုတလောက ဂျပန်နိုင်ငံကို တင်ပို့တဲ့ နှမ်းတွေ reject ထိတာ အဲဒီအကြောင်းပြချက်ကြောင့် ဖြစ်ပါတယ်။
  • ပြည်တွင်းက ကြက်မွေး နွားမွေးသော ခြံများတွင် တိရစ္ဆာန်များ ကြီးထွားနှုန်းတိုးစေရန် steroid ပါဝင်သော ဟော်မုန်းဆေးများ အပါအ၀င် အခြားဆေးများ ထိုးကြသည်။ ကျွေးသော အစားအသောက်များသည်လည်း ဓာတုဗေဒ ပစ္စည်းများ မကင်းပေ။ ထိုခြံများမှထွက်သော အသားများကို စားသုံးပါက ထိုဒြပ်ပေါင်းများကို စားလိုက်သလိုပင် ဖြစ်ပါမည်။
  • ပြည်သူအများ စားသုံးနေကြသော စားသုံးဆီများသည်လည်း နည်းမျိုးစုံသုံးပြီး ရောထားကြပါသည်။ ရေခဲသေတ္တာထဲတွင် ထည့်ထားလျင် မခဲသော နှမ်းဆီ အတုများပင် ရှိသေးသည်။ စားအုန်းဆီ ဆိုလျင်တော့ မပြောချင်တော့ပါ။ 
  • ရန်ကုန်သူ ရန်ကုန်သားတွေ ကြိုက်ကြသော အကင်ဆိုင်များတွင် ရောင်းချသော အသားကင်အများစုမှာ ယမ်းစိမ်းများ အလွန်အကျွံထည့်ထားသည့် အသားတု ကင်များ ဖြစ်ကြပါသည်။  

                                              

ပြည်ပဖြစ်
  • ပြည်တွင်းတွင် ရောင်းချနေသော ထိုင်း နှင့် တရုတ်မှ ၀င်လာသည့် မုန့်ပဲသရေစာ အများစုသည် ဆား၊ တာရှည်ခံစေသည့် ဒြပ်ပေါင်းများ နှင့် ဆိုးဆေးများ ပါဝင်ကြသည်။ အဆိုပါမုန့်များကို ကလေးများက အထူးကြိုက်နှစ်သက်ကြသည်။ အနာဂတ်အေ၇းကတော့ ရင်လေးဖွယ်ပင်။
  • ပြည်ပမှ အချိုမှုန့် အစားထိုး ဆိုပြီး ၀င်လာသော ဟင်းခတ်အမှုန့်ကို အချိုမှုန့် အစား သုံးကြသည်ကို တွေ့ရသည်။ ဘာတွေ ပါဝင်လဲတော့မသိ။ ခတ်လိုက်လျှင် အသားအရသာထွက်ပြီး များသွားလည်း ငန်တတ်သည်။ FDA မှနေ၍ အဆိုပါ  မီးဖိုချောင်သုံး အမှုန့်များကို သေချာစစ်ဆေးသင့်သည်။ 
အထက်ဖော်ပြပါ အစားအသောက်တို့သည် သဘာဝအတိုင်းမဟုတ်ဘဲ လူတို့က ပြုပြင်ထားကြသော အစားအသောက်များ ဖြစ်ပါတယ်။ ထိုသို့ ဓာတုဗေဒပစ္စည်းများ ထည့်လိုက်သောကြောင့် အာဟာရဓာတ်များ တိုးပွားမလာပါ။ လျော့သွားဖို့သာရှိသည်။ ထို့အပြင် ၎င်းအစားအသောက်များသည် 
  • ပြည်သူလူထုကို ရောဂါဘယ ပေါများစေတယ်။ 
  • နာတာရှည် ရောဂါတွေ ၊ ကင်ဆာရောဂါတွေ ပိုမိုဖြစ်ပွားလာစေတယ်။  
  • မှားယွင်းသည့် အစားအသောက် လူနေမှုပုံစံကို ဖန်တီးစေတယ်။
  • လူတွေ မကျန်းမာရင် တိုင်ပြည်ကော မိသားစုတွေပါ စီးပွားရေး ထိခိုက်တယ်။
အစရှိသည်ဖြင့် ဆိုးကျိုးများကိုသာ ဖြစ်စေမှာဖြစ်တယ်။ အဲဒီတော့ ဒီလို ဓာတုဗေဒနည်းတွေသုံးပြီး ပြုပြင်နေကြတာကို ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိတယ်။ ကိုယ်သိတော့ ကိုယ်မစားဖြစ်အောင် ရှောင်လိုက်ရုံဖြင့် မပြီးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ဥပဒေနှင့် ပတ်သက်လာလျှင် တင်းကြပ်ပြီး ထိရောက်သည့် ဥပဒေများ ချမှတ်ဖို့လိုပါသည်။ ဥပဒေရှိရုံဖြင့်လည်း မပြီး။ တည်မြဲအောင် enforcement လုပ်ဖို့လိုသည်။ ဗမာတွေက ခက်တော့ခက်သား။ ရှေ့တွင်သာ မဆန့်ကျင်သော်လည်း နောက်ကွယ်တွင် ခိုးလုပ်တတ်ကြသည်။ ကိုယ့်လူမျိုး မပျောက်ချင်လျှင် ထိုအကျင့်တွေကို ပြင်ရမည်။ စစ်ဆေးရေးက ဘယ်လောက်လုပ်လုပ် ပြည်သူကိုယ်တိုင် ရောင်းချသူနှင့် စားသုံးသူများက ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ အဆိုပါ အစားအသောက်တို့၏ ဘေးထွက်ဆိုးကျိုးကို ကျွန်တော်တို့ ခံစားရမည် မဟုတ်ပါ။ ကျွန်တော်တို့၏ မျိုးဆက်များ နောင်လာနောက်သားများ ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာက ကိုယ့်လူမျိုးမတုံးစေရေး မျိုးမညံ့သွားရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းကြဖို့ ဖြစ်ပါသည်။



                           
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ Globalization ကြောင့်လို့ပဲပြောပြော ဈေးကွက်စီးပွားရေးကြောင့် လို့ပဲဆိုဆို ကျွန်တော့်တို့ တတွေဟာ ပြည်ပလုပ် ပစ္စည်းတွေ အစားအသောက် လူ့အသုံးအဆောင်တွေရဲ့ လွှမ်းမိုးမှုကို ထိတွေ့ခံစားလာရပါတယ်။ တောရော မြို့ပါမကျန် နိုင်ငံခြားကနေ ၀င်လာတဲ့ အသုံးအဆာင်တွေ ပစ္စည်းတွေ သုံးလာကြတယ်။ ပြည်တွင်းက လူသုံးကုန် အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ပြည်ပ ကုန်စည်တွေနဲ့ အပြိုင် လူ့အသုံးအဆောင်တွေ စားသောက်ကုန်တွေကို ထုတ်လုပ်လာကြတယ်။ 

ကျန်းမာရေးအာမခံ - မိတ်ဆက်


“ကျန်းမာရေးအာမခံ” ဆိုတာဘာလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ အလုပ်လုပ်သလဲ စသဖြင့် သိကောင်းစရာလေးတွေကို အခန်းဆက် ဆောင်းပါးများနဲ့ တင်ပြသွားပါမယ်။

လူတွေ မလွန်ဆန်နိုင်တဲ့ တရားထဲမှာ “နာခြင်း” က တစ်ခုအပါဝင်ဖြစ်လို့ တစ်နေ့ နာကြရမယ်ဆိုတာ အသေအချာ သိကြပေမယ့် …
  • အဲဒီတစ်နေ့က ဘယ်နေ့လဲ ဆိုတာ
  • ဘယ်နေရာက နာမယ်ဆိုတာ
  • ဘယ်လောက် အတိုင်းအတာအထိ နာမယ်ဆိုတာ
  • ဘယ်လောက်ကြာကြာ နာနေမယ်ဆိုတာ
အသေအချာ မသိကြပါ။

အဲဒီလို ဘယ်နေ့ ဘယ်ထောင့်ကနေ ဘယ်လို ပေါ်လာမယ်မှန်းမသိ၊ ဘယ်လောက်ကြာကြာ နာနေမယ်မှန်း မသိတဲ့ “နာခြင်း” ဆိုတာကြီးကို ကုသဖို့ရာ ဘယ်လောက် ကုန်ကျမယ် ဆိုတာက ပိုပြီး မှန်းဆရခက်လာပါတယ်။ အသက်နဲ့ ယှဉ်လာပြီ ဆိုတော့ တခြားလိုအပ်ချက်တွေ ဘေးချပြီး ကျန်းမာရေးအတွက် သုံးကြရပါတော့တယ်။ တတ်နိုင်ရင် တော်သေးရဲ့ မတတ်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။

ဒီလို မသိကိန်းတွေ ရှိနေပေမယ့် မှန်းဆနိုင်တဲ့ အကြောင်းအရာတွေကလည်း ရှိနေပြန်ပါတယ်။

ဥပမာ - ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၃ထောင်ရှိတဲ့ အနက် ဒီနှစ်တော့ လူ ၈ သန်းလောက် တီဘီဖြစ်မယ်၊ သန်း ၂၄၀ လောက် ငှက်ဖျား ဖြစ်မယ် စသဖြင့် ခန့်မှန်းလို့ ရပါတယ်။ တီဘီဖြစ်ဖြစ် ငှက်ဖျားဖြစ်ဖြစ် ကုသစရိတ် တစ်ယောက်ကို ဒေါ်လာ ၅၀ ကုန်မယ် ဆိုပါစို့။ ဒါဆို စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁၂၄၀၀ ကုန်ပါမယ်။ အဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ သန်း ၃၀၀၀ နဲ့ပဲ တွက်ဦး လူတိုင်း ငွေကြေးထည့်ဝင်ရင် တစ်ဦးကို ၄ ဒေါ်လာပဲ ထည့်ဝင်ရပါမယ်။

ဒါပေမယ့်လည်း စဉ်းစားစရာတွေက ရှိနေပါသေးတယ်။ ၄ ဒေါ်လာဆိုတာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ မုန့်ဖိုးလောက် ရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ မိသားတစ်စုရဲ့ တစ်ရက်စာ ၀င်ငွေ ဖြစ်ရင် ဖြစ်နေမှာပါ။ နောက်ပြီး “ကိုယ်က ရောဂါမဖြစ်ပဲနဲ့ ရောဂါဖြစ်နေတဲ့ လူတွေအတွက် ကုန်ကျစရိတ်ကို မျှခံရတာဟာ တရားသလား” ဆိုတာမျိုး စောဒဂ တက်မယ်ဆိုရင်လည်း တက်စရာပါပဲ။ အဲ … ကိုယ်ကိုယ်တိုင်က မကျန်းမာတဲ့ လူဖြစ်လာရင်တော့ … “အင်း … ကျန်းမာနေတဲ့ လူတွေက ကုသစရိတ်မျှခံပေးရင်တော့ ကိုယ့်အတွက် သက်သာမှာပဲ” လို့ တွေးမိစရာ ရှိပါတယ်။ ကဲပါလေ … ဒီလို စဉ်းစားစရာတွေကို ခဏ ဘေးချထားလိုက်ပါဦးမယ်။

ရပ်ကွက်ထဲက ချို့တဲ့တဲ့ အသိမိတ်ဆွေ တစ်ယောက် နေထိုင်မကောင်းဖြစ်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းပြီး ကူငွေ ထည့်ကြတာက လွယ်ပါတယ်။ ဒါပေမယ့် မြို့တစ်မြို့၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ဆိုရင် လူတိုင်းဆီကနေ ဝေပုံကျ ထည့်ဝင်ငွေ ကောက်ဖို့ နောက်ပြီး မကျန်းမာသူတွေကို စရိတ်ပြန်ထောက်ပေးဖို့ကတင် အလုပ်တစ်ခု ဖြစ်လာပါတယ်။

ဒီအလုပ်ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အဖွဲ့အစည်း အမျိုးမျိုး(အစိုးရ၊ ပုဂ္ဂလိက၊ သမ၀ါယမ၊ အန်ဂျီအို)က တာဝန်ယူကြပါတယ်။ တာဝန်ယူတဲ့ အဖွဲ့အစည်းရဲ့ ပုံသဏ္ဍန်ပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အမည်အမျိုးမျိုး ကွဲပြားသွားကြပေမယ့် “ကျန်းမာရေးအာမခံ” ဆိုတဲ့ ကျန်းမာရေး ကုန်ကျစရိတ်ကို လူအများရဲ့ ထည့်ဝင်ငွေထဲမှ ကျခံပေးခြင်း အခြေခံသဘောတရားကတော့ မပြောင်းမလဲရှိနေဆဲပါ။ နောက်ပိုင်းဆွေးနွေးရလွယ်အောင် ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကို အာမခံကုမ္ပဏီ လို့ပဲ ဆိုကြပါစို့ရဲ့။ စောစောက ပြောခဲ့သလို အာမခံကုမ္ပဏီ ဆိုတာဟာ အစိုးရလည်း ဖြစ်နိုင်သလို ပုဂ္ဂလိက ဒါမှမဟုတ် သမ၀ါယမ ဒါမှမဟုတ် အန်ဂျီအို ဖြစ်နိုင်တယ် ဆိုတာကို မှတ်ချက်အနေနဲ့ တို့ထားခဲ့ချင်ပါတယ်။

ဒီတော့ ကျန်းမာရေးအာမခံ ကို အကောင်အထည် ဖော်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ လူနာ နဲ့ အာမခံကုမ္ပဏီ ဆိုပြီး သုံးဦး သုံးဖလှယ် ရှိပါမယ်။ လူနာ (သို့မဟုတ်) တချိန်ချိန် လူနာ ဖြစ်လာနိုင်တဲ့ သူတွေက အာမခံကုမ္ပဏီကို လစဉ်ကြေး ပေးသွင်းထားပြီး မိမိနေထိုင်မကောင်းဖြစ်လို့ ဆေးကုသတဲ့အခါမှာတော့ အာမခံကုမ္ပဏီကနေ ဆေးကုသစရိတ်ကို ပြန်ထုတ်ပေးပါမယ်။ ဒါက အရိုးရှင်းဆုံး ကျန်းမာရေးအာမခံ စနစ်ပါ။ တကယ့်လက်တွေ့မှာတော့ ဒီ့ထက် နည်းနည်းပိုပြီး ရှုပ်ထွေးပါတယ်။

နောင်အခါ အငြင်းမပွားရလေအောင် ကတိက၀တ် စာချုပ်စာတမ်းတွေနဲ့ တစ်ဦးကိုတစ်ဦး ချည်နှောင်ထားကြလေတော့ ကျန်းမာရေးအာမခံစာချုပ်မှာ ပါဝင်တဲ့ အသုံးအနှုန်းတွေက ဥပဒေ အသုံးအနှုန်း၊ ငွေကြေးဆိုင်ရာ အသုံးအနှုန်း၊ ကျန်းမာရေး အသုံးအနှုန်းတွေနဲ့ ပြည့်နှက်နေပြီး သာမာန်အားဖြင့် လုံးစေ့ပတ်စေ့ နားလည်ဖို့ ခက်ခဲပါတယ်။ တကယ်တန်း ကျန်းမာရေးအာမခံကို အသုံးချဖို့ လိုလာပြီဆိုတော့မှ အဆင်မပြေတာတွေ ဖြစ်ဖြစ်လာတတ်လို့ အဲဒီအသုံးအနှုန်းတွေထဲက မသိမဖြစ် သိသင့်တဲ့ အသုံးအနှုန်းတွေကို နောက်ဘလောက်ပို့စ်မှာ ဆက်ပြီး တင်ပြပါမယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

WHO. 2006. Global disease burden 2004 update

ကျန်းမာရေးအာမခံစနစ်နှင့် ပတ်သက်ပြီး သိသင့်သမျှ (၂)

 


ကျွန်တော်ဆက်လက်ရေးသားလိုတာကတော့ ပုဂ္ဂလိက အာမခံလုပ်ငန်းအကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာ့အာမခံလုပ်ငန်းတစ်ခုပဲရှိပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ Private company တွေကပါ အာမခံလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ အဆိုပါ company သည် အစိုးရထံတွင် မှတ်ပုံတင်ပြီး အစိုးရက ချမှတ်ထားသည့် အာမခံနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည်။ ကျန်းမာရေးအာမခံတွင် Plan နှစ်မျိုးရှိသည်။ Basic plan နှင့် supplementary plan ဆိုပြီး ဖြစ်သည်။ နာမည်ခေါ်ပုံကွာသွားသော်လည်း နိုင်ငံတိုင်းနည်းပါးတွင် အဓိပ္ပါယ်တူညီကြပါသည်။ Basic plan ဆိုသည်မှာ လူတိုင်းလူတိုင်းအတွက် အဖြစ်များသောရောဂါများကို ထောက်ပံ့ပေးသော အာမခံလုပ်ငန်း ဖြစ်ပါသည်။ မြန်မာပြည်တွင်တော့ TB ရောဂါတို့၊ ငှက်ဖျားရောဂါတို့သည် အဖြစ်များသောကြောင့် အာမခံစနစ်သာ လုပ်ဖြစ်ပါက ၎င်းရောဂါများသည် basic plan တွင် ပါဝင်မည်ဖြစ်သည်။ Basic plan က စရိတ်အများကြီးကုန်ကျမည့် ခွဲစိတ်မှုတွေ၊ Investigation တွေမပါ။ common disease များနှင့် အရေးပေါ်အခြေအနေများကိုသာထောက်ပံ့ပေးသည်။ ၎င်း Basic plan ကို အစိုးရထံတွင်ကော private တွင်ပါ ၀ယ်ယူခွင့်ရှိသည်။ နိုင်ငံတကာ ရှိ Private insurance company အားလုံးနီးပါးသည် Basic plan တွင် အမြတ်ယူခွင့် မရှိချေ။ ထို့ကြောင့် Private ၏ basic plan သည် အစိုးရနှင့် ဈေးမတူသည့်တိုင် များစွာ မကွာလှပေ။



Supplementary plan တွင်တော့ ပုဂ္ဂလိက အာမခံလုပ်ငန်းများသည် အမြတ်ယူခွင့်ရှိသည်။ supplementary ဆိုကတည်းက မယူမနေရ မဟုတ်၊ မိမိလိုချင်မှသာ ထပ်မံယူနိုင်သည့် plan ဖြစ်သည်။ တစ်ချို့ရောဂါများသည် အဖြစ်နည်းသော်လည်း ဖြစ်ပွားပါက ကုသစရိတ်ကြီးမားသည်။ ဥပမာ။    ။ ကင်ဆာရောဂါ။ ထို့ကြောင့် ပိုက်ဆံတတ်နိုင်သူတို့သည် နောင်ရေးစိတ်အေးရအောင် ယခုကတည်းက မိမိတွင်ဖြစ်နိုင်သည့် ရောဂါများကို ကြိုတင်ကာ အာမခံထားလိုက်သည်။ ၎င်း plan သည် basic နှင့်ယှဉ်လျင် များစွာပိုမိုကုန်ကျပါသည်။ တစ်ယောက်နှင့်တစ်ယောက်လည်း ပေးရသည့်ငွေပမာဏ မတူညီပေ။ Tailor made ဖြစ်သောကြောင့်ဖြစ်သည်။ ဥပမာ။    ။ အသည်းခြောက်ရောဂါ (cirrhosis) အတွက် အာမခံထားသည်ဆိုပါစို့။  အရက်ကို တစ်လနေလို့မှ တစ်ခါလောက်မသောက်တတ်သူ၊ social drink လောက်သာသောက်တတ်သူသည် နေ့စဉ်မှီဝဲသူလောက် အာမခံကြေးပေးစရာမလိုချေ။ ထို့အတူ အဆုတ်ကင်ဆာအတွက် အာမခံလုပ်လျင်လည်း တစ်နေ့ကို ဆေးလိပ် ၁ ဗူးနှင့်အထက် သောက်သူသည် တစ်လိပ်နှစ်လိပ်ခန့်သာသောက်သူထက် အာမခံကြေး ပိုမိုထည့်ဝင်ရမည်ဖြစ်သည်။ မိမိ၏ ရောဂါရာဇ၀င်၊ ကျန်းမာရေးအခြေအနေ နှင့် မိမိအာမခံထားလိုသည့် ရောဂါအပေါ်မူတည်ပြီး အာမခံကြေး ကွာသွားမည်။ အာမခံ company မှ မိမိအား risk assessment လုပ်ပြီးမှသာ မိမိပေးဆောင်ရမည့် အာမခံကြေးကို သတ်မှတ်ပေးမည်ဖြစ်သည်။ သို့သော် ရွေးချယ်စရာ များပြားသောကြောင့် လည်းကောင်း၊ အစိုးရမှာ အာမခံ မပေးသော ရောဂါများကို အာမခံထားနိုင်၍လည်းကောင်း private ၏ supplementary plan များသည် လူကြိုက်များကြသည်။

တဖန် Private တွင် အာမခံထားခြင်း၏ ကောင်းသည့် အချက်တစ်ချက်ကား ခွဲစိတ်ကုသမှုခံယူမည် ဆိုပါက စောင့်ဆိုင်းရသောအချိန်တိုခြင်း ဖြစ်ပါသည်။ ပိုက်ဆံမရှိရင် မျက်နှာငယ်တယ်ဆိုသည့်စကားသည် ဤနေရာတွင် သွေးထွက်အောင်မှန်ပါသည်။ England လို တိုင်းပြည်မျိုးတွင်ပင် Private တွင် အာမခံ မထားပါက လနှင့်ချီအောင် စောင့် ရသည်မျိုးကို တွေ့ရပါသည်။ အစိုးရ၏ ကျန်းမာရေးဌာနများမှာ အမြဲတမ်း အရေးပေါ်လူနာများ၊ ငွေကြေးချို့တဲ့သူများနှင့် ပြည့်နှက်နေတတ်ပါသည်။ ထိုသူများသည် ရောဂါဖြစ်လိုက်ရင်လည်း ဆိုးဆိုးဝါးဝါးသာ ဖြစ်လေ့ရှိသောကြောင့် ချက်ချင်းမခွဲလျင်လည်း ရသေးသည့် လူနာများကို စောင့်ခိုင်းရပါသည်။ သို့သော် Private အာမခံထားရှိပါက သက်ဆိုင်ရာ အပြင် private ဆေးရုံတွင် အချိန်မရွေးခွဲစိတ်လို့ ရပါသည်။ မြန်မာပြည်နှင့် England ပြည် မှာ အဲဒီတစ်ချက်တော့ တူပုံရတယ်။ Private ဆေးရုံများတွင် လူနာများကို အချိန်ပိုမိုပေးနိုင်သောကြောင့် ကုသမှုလည်း ပိုမိုထိရောက်သည်။

Private health insurance တွင်လည်း မကောင်းသည့် အချက်များရှိပါသည်။ ပထမတစ်ချက်ကတော့ လစဉ် လစဉ် မစားရမသောက်ရနှင့် ငွေကြေးအများကြီးပေးသွင်းရခြင်းပင် ဖြစ်သည်။ ပညာရှင်တစ်ချို့က ပြောသည်မှာကား ဤသို့ အာမခံကြေးများပေးသွင်းနေမည့်အစား အဆိုပါငွေဖြင့် မိမိ၏ ကျန်းမာရေးကို ကောင်းအောင်ပြုလုပ်ပါက ပိုမိုအကျိုးရှိနိုင်သည်ဟူ၍ ဖြစ်သည်။ နောက်တစ်ချက်ကတော့ ထိုသို့အာမခံစနစ်ထားရှိသောကြောင့် ပိုက်ဆံရှိသူတို့သည် ငွေလမ်းခင်းပြီးဆေးကုသပေးကြောင့် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိပြီး ဆင်းရဲသားတွေကတော့ ထိုလောက်မကောင်းသည့် ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ရရှိလေသည်။ ထိုအခါ ကျန်းမာရေး မညီမျှမှု (health inequality) များ ဖြစ်လာနိုင်ပါသည်။

Private ဘက်မှ ပြန်လည်ငြင်းဆိုသည်မှာကား private အာမခံထားရှိသောကြောင့် ပိုက်ဆံတတ်နိုင်သူတို့သည် အစိုးရဆေးရုံတွင် မတက်တော့ချေ။ ထိုအခါ အစိုးရဆေးရုံများတွင် မလိုအပ်ဘဲ လူနာစောင့်ခြင်းများနည်းပါးသွားသည်။ ထို့ကြောင့် အစိုးရကိုပင် အထောက်အကူပြုသည်ဟု ဆိုကြသည်။ Private ကျန်းမာရေးအာမခံတွင် မိမိတွင် မူလကတည်းက ရှိသည့် ကုသ၍ မပျောက်နိုင်သော ရောဂါများကို အာမခံထားခွင့် မရှိချေ။ ဥပမာ။   ။ HIV ရောဂါပိုးရှိသူများ။ ထိုသူတို့သည် HIV နှင့် ပတ်သက်သော အာမခံထားလို့မရပါ။ သို့သော်အဆိုပါရောဂါနှင့် မသတ်ဆိုင်သည့် အာမခံများတော့ ထားခွင့် ရှိသည်။

ပုဂ္ဂလိက အာမခံလုပ်ငန်းနှင့် ပတ်သက်ပြီး ကျွန်တော် ဒီမှပဲ နိဂုံးချုပ်လိုပါတယ်။ အပိုင်း (၃)တွင် health system အကြောင်း ဆက်လက်ရေးသားပါမည်။



ကျန်းမာရေးအာမခံဆိုတာ ဘာလဲ(1)




ကျန်းမာရေးအာမခံဆိုတာ ဘာလဲဆိုတာကို ဆရာရဲမွန်က Introduction to Health insurance  post မှာ ရေးသားခဲ့ပြီးသွားပါပြီ။ အာမခံစနစ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်နေမကောင်းဖြစ်တဲ့အခါမှာ ဆေးကုသစရိတ်ကို သုံးနိုင်အောင် ငွေစုထားခြင်းပင် ဖြစ်ပါသည်။ သို့သော် တစ်ယောက်တည်းအတွက် စုခြင်းမဟုတ်။ စုပေါင်းစပ်ပေါင်း ငွေစုထားခြင်းဖြစ်သည်။ ဥပမာ။   ။ လူတစ်ယောက်က တစ်လကို အာမခံ ၁၀ ကျပ်ထားသည်ဆိုပါစို့။ တစ်နှစ်ကြာသောအခါ သူ၏စုငွေသည် ၁၂၀ ကျပ်ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ သူနေမကောင်းဖြစ်သောအခါ ဆေးကုသစရိတ်သည် ၂၀၀ ကျပ်ကုန်ကျပါက အာမခံစနစ်က ၂၀၀ ကျပ်ထောက်ပံ့ပေးပါလိမ့်မည်။ သို့သော် သူ့ထံတွင် ကျန်းမာရေးအာမခံ မထားရှိပါက သူသည် အိပ်ထဲက ငွေ ၂၀၀ ကျပ်ထွက်ပေတော့မည်။ ယခုမူ အာမခံထားသောကြောင့် ၁၂၀ ကျပ်သာ သူကုန်လိမ့်မည်။ တစ်ဖက်က ပြန်တွေးကြည့်ရင်တော့ ကိုယ်နေမကောင်းမဖြစ်ပါက အဆိုပါ ငွေ ၁၂၀ ကျပ်သည် ဆုံးပြီ မဟုတ်ပါလော့။ ဤကဲ့သို့တွေးပါက မျက်ခုံးမွှေးတစ်ဆုံးသာ တွေးခြင်းဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမာရေးအာမခံသည် မီးအာမခံ၊ အသက်အာမခံတို့နှင့် မတူသည်ကား လူတိုင်းလူတိုင်းသည် တစ်ချိန်ချိန်တွင် နေမကောင်းဖြစ်မည်သာဖြစ်သည်။ လူတိုင်းသည် မီးလောင်ခြင်းကို ကြုံတွေ့ရချင်မှ ကြုံတွေ့လိမ့်မည်။ တစ်သက်တွင် တစ်ခါသာသေလိမ့်မည်။ သို့သော် နေမကောင်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့သည်ကား တစ်ကြိမ်တစ်ခါထက် မကကြုံတွေ့ရမည်မှာ လူတိုင်းပင်ဖြစ်ပါသည်။ တစ်ခါမှ နေမကောင်းမဖြစ်သောသူဟူ၍ မရှိတန်ရာ။



တဖန် ကျန်းမာရေးအာခံစနစ်ထားရှိခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဌာနများကို အရည်အသွေး ထိန်းသိမ်းပြီးသားဖြစ်စေသည်။ အာမခံထားရှိသောကြောင့် ပြည်သူတို့၏ အာမခံငွေကြေးတို့ အလဟသတ် မဖြစ်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက အမြဲတမ်း ဆေးရုံများ၊ ဆေးဝန်ထမ်းများကို အရည်အသွေး စစ်ဆေးနေမည် ဖြစ်သည်။ အကယ်၍ ဆရာဝန်တစ်ယောက်သည် မိမိ၏ ကျွမ်းကျင်မှု အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း မရှိပါက ဆေးကုသခွင့်လိုင်စင် ရုတ်သိမ်းခံရမည်ဖြစ်သည်။ အဆိုပါဆရာဝန်သည် ကျန်းမာရေးအာမခံရှိသော လူနာများကို ကုသခွင့်ရတော့မည်မဟုတ်။ ထို့ကြောင့် ပြည်သူများကို မှားယွင်းစွာကုသခြင်းမှ အလိုလိုကာကွယ်ပြီးသားဖြစ်သည်။

ကျန်းမာရေးအာမခံမှ ရရှိသောရန်ပုံငွေ ဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တိုးချဲ့နိုင်လေသည်။ ရောဂါကာကွယ်ရေး လုပ်ငန်းများသာမက ပြန်လည် ကောင်းမွန်ရေးလုပ်ငန်းများ (rehabilitation)၊ နာတာရှည် ရောဂါသည်များကို ထောက်ပံ့သည့်လုပ်ငန်းများတွင်လည်း အာမခံကြေးများကို အသုံးပြုပါသည်။ ပြင်သစ်လို တိုင်းပြည်မျိုးတွင် ကျန်းမာရေးအာမခံထားရှိသူသည် ဆီးချိုရောဂါကြောင့်ဖြစ်စေ၊ သွေးတိုးရောဂါကြောင့်ဖြစ်စေ၊ ကင်ဆာရောဂါကြောင့်ဖြစ်စေ ကာလကြာရှည်ဆေးကုသမှု ခံယူရပါက အာမခံစနစ်မှ ဆေးဖိုးဝါးခကို အလုံးစုံ တာဝန်ယူပေးပါသည်။

အာမခံစနစ်တွင် ပြည်သူများက ထည့်ဝင်ရသလို အစိုးရမှလည်း အများကြီး စိုက်ထုတ်ပေးရပါသည်။ တိုင်းပြည်တစ်ခုနှင့် တစ်ခုမတူညီကြပါ။ မိမိနေထိုင်ရာ တိုင်းပြည်အပေါ်မူတည်၍ အစိုးရမှ ထောက်ပံ့ပေးသော ပမာဏ ကွာခြားပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတို့သည် ပိုမိုကျန်းမာလာပြီး အသက်ရှည်လာကြသည်။ ထိုအခါ အစိုးရမှ ထောက်ပံ့ပေးရသောပမာဏသည် တဖြည်းဖြည်းများပြားလာပါသည်။ ဆေးကုသစရိတ်စက များကလည်း တဖြည်းဖြည်းတိုး၍ တိုး၍သာ လာသောကြောင့် အစိုးရအနေဖြင့် အာမခံထောက်ပံ့သော ပမာဏကို လျော့ချလိုလာသည်။ မူလကတည်းက အစိုးရ၏ အာမခံစနစ်သည် ရောဂါအားလုံး၊ ကုသမှုအားလုံး၊ စမ်းသပ်စစ်ဆေးမှုအားလုံးကို ထောက်ပံ့သည်မဟုတ်၊ ယခုလို လျော့ချမည်လုပ်သောအခါ ပို၍ လျော့နည်းသွားဖို့သာ ရှိတော့သည်။ ထိုအခါ ပုဂ္ဂလိက အာမခံစနစ်၏ အခန်းကဏ္ဍသည် အရေးပါလာပါသည်။ Private Insurance နှင့် ပတ်သက်ပြီး အပိုင်း (၂) တွင် ဆက်လက်ရေးသားပါမည်။


HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း

AIDS နဲ့ ပါတ်သက်လို့ သိချင်တာပါ။ ဖို-မ ဆက်ဆံရာမှာ သုတ်နဲ့ သွေးက ကူးတာတော့ သိပါတယ်။ အကြမ်းဖျဉ်းပေါ့။ ဒါပေမဲ့ မရှင်းတာက ဘယ်လိုဘယ်ပုံ ၀င်ရောက်တယ်ဆိုတာပေါ့နော်။ အဲဒါ မရှင်းဘူး။ (၁) Oral Sex လုပ်ရာက ဘယ်လို ကူးတယ်။ (၂) Condom မသုံးရာက ဘယ်လိုကူးတယ်။ (၃) ဖို-မ ဆက်ဆံရင်းနဲ့ မရဲ့အရည်က Condom သုံးထားပေမယ့် ကိုယ့်ရဲ့ ဆီးစပ်ကို လာပေတဲ့အခါမျိုးမှာရော ကူးတတ်ပါလား။ (၄) Condum သုံးရင်းနဲ့ လိင်တံက ရှည်နေလို့ Condom တ၀က်ဘဲ ကာမိတဲ့အတွက် safe ဖြစ်ပါ့မလားဆရာ။ (၅) Condum က မပေါက်မပြဲပါဘူး။ သုံးတာလဲ Dulux ပါ။ အဲဒါ ကရော စိတ်ချရပါသလား။

လိင်ဆက်ဆံတဲ့အခါ ထုံးစံ လိင်အင်္ဂါ-လိင်လမ်းကြောင်းတွေကိုသာမက Oral ပါးစပ် နဲ့ Anal စအိုတွေကိုပါ အသုံးပြုလာ ကြတယ်။ လိင်ဆက်ဆံဖက် တယောက်ယောက်မှာ HIV ပိုးရှိနေရင် ပိုးတွေဟာ အဖေါ်ရဲ့ (ဗဂျိုင်းနား)၊ လိင်တံ၊ စအို၊ ပါးစပ် နဲ့ မျက်စိတွေကို ဖုံးထားတဲ့ Mucous membranes အဖုံးလွှာပါးတွေကနေ ၀င်နိုင်သလို Skin ရိုးရိုး အရေပြားမှာ အပေါက်-အပြဲရှိရင်၊ ဒါမှမဟုတ် ဆေးထိုးအပ် စတာနဲ့ ထိုးဖေါက်ရင် ကူးဝင်စေနိုင်တယ်။ နောက်ပြီး ပိုးရှိ မိခင်ကနေ သူ့ကလေးကို ကိုယ်ဝန်ဆောင်တုံး၊ မွေးဖွါးနေတုံးနဲ့ နို့တိုက်တုံးမှာလဲ ကူးစေတယ်။

ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ HIV ပိုးရှိနေသူတိုင်းရဲ့ သွေးထဲအပြင် Sexual secretions ခေါ်တဲ့ လိင်ဆက်ဆံချိန်မှာ ကျား-မ လိင်အင်္ဂါတွေကနေ ထွက်တဲ့အရည် မှန်သမျှထဲမှာလဲ ပိုးပါနေတယ်။ ပိုးကောင်ရေ အနည်း-အများတော့ ကွဲပြားတယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ လိင်တကြိမ် ဆက်ဆံတိုင်း (မ-ကျား) ဆက်ဆံရာကနေ ကူးနိုင်တာ ၀့၀၄%၊ (ကျား-မ) ဆက်ဆံရာကနေ ကူးနိုင်တာ ၀့၀၈% ရှိတယ်။ စအိုသုံးနည်းဆိုရင် ၁့၇% ရှိတယ်။ မချမ်းသာတဲ့ တိုင်းပြည်တွေမှာ ဒိထက် ၅-၁၀ ဆ ပိုပါတယ်။

Anal intercourse without a condom (ကွန်ဒွမ်) မသုံးဘဲ စအိုကို လိင်ဆက်ဆံနည်းဟာ ကူးစက်မှုနှုန်း အများဆုံးလို့ သိထားပါတယ်။ အကြိမ်တိုင်းမှာ ၃%-၅% အထိ ရှိနိုင်တယ်လို့ နောက် သုတေသနတခုက ယူဆတယ်။ (ဗဂျိုင်းနား) နဲ့ ပါးစပ်နည်းတွေမှာ (ကွန်ဒွမ်) မသုံးဘဲ ဆက်ဆံတာထက် စအိုနည်းက ပိုဖြစ်တယ်။ ဘယ်အကြိမ်မှာ ကူးမလဲ ပြောဘို့ မသေခြာတာမို့ အမြဲတမ်း အကာအကွယ်ယူတာ အကောင်းဆုံးပါ။

မကူးခြင်ရင် အရှင်းဆုံးက လိင်မဆက်ဆံဘဲ နေခြင်းဘဲ။ ပိုးရှိနေ-မနေ ၆ လ တခါ သွေးစစ်ပါ။ ပိုး မရှိရင် ဆက်ဆံနိုင်ပါပြီ။ ဘယ်တော့မဆို လိင်ဆက်ဆံမယ်ဆိုရင် Condom ကို အကြိမ်တိုင်းမှာ အသစ်တခု သုံးပါ။ လိင်တံ သန်မာစပြုတာနဲ့ လိင်လမ်းထဲ မသွင်းမီ၊ “ဘယ်အရည်နဲ့မှ မထိသေးခင်” လိင်တံကို Condom စွပ်ပါ။ (ကွန်ဒွမ်) ကို လိင်တံတခုလုံး မဖုံးမိရင် လွတ်နေတဲ့နေရာမှာ အနာ-အဆာ မရှိရင်တော့ မကူးပါ။

ဆက်ဆံမိလို့ ဒါမှမဟုတ် သံသယရှိရင် ဆက်ဆံမှုပြုပြီးရင် ၆ ပါတ် အတွင်း HIV antibody test သွေးစစ်ပါ။ အမှန်ကတော့ ၆ လ ကြာမှ သေခြာပေါက် Positive ရှိတာ သိတာပါ။ HIV ပိုး ၀င်-မ၀င် စမ်းတာကို ELISA နည်းခေါ်တယ်။ သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ် စစ်တာဟာ မိနစ် ၂၀ သာကြာပါတယ်။ ELISA စမ်းလို့ HIV antibody တွေ့ရင် Western blot test နဲ့ သေခြာအောင်လုပ်တယ်။ Rapid antibody tests အမြန် စမ်းနည်းတွေ ပေါ်နေပါပြီ။

ဒီကြားထဲမှာ ပိုးအ၀င်ခံရပြီးသူ ၅၀% က တုပ်ကွေးနဲ့ တူတာတွေ ခံစားလာရတာ၊ ၁ လ ၂ လ ကြာနိုင်တယ်။ Stage of primary HIV infection အစဦးကူးတယ်လို့ ခေါ်တယ်။ ကိုယ်ပူ၊ အဆစ်တွေနာ၊ လည်ချောင်းနာ၊ လည်ပင်းအကြိတ်တွေ ရောင်-နာ နိုင်တယ်။ တချို့မှာ ဘာလို့ အဲလိုမဖြစ်သလဲဆိုတာ မပြောနိုင်သေးပါ။ အဲလိုလက္ခဏာ ခံစားရသူတွေ နောင်မှာ ဘာဆက်ဖြစ်မယ် ဆိုတာကိုလဲ အတတ် မပြောနိုင်ပါ။ ဒီအဆင့်မှာ Antibody testing လုပ်တော့လဲ တွေ့ခြင်မှ တွေ့မယ်။ Viral load test ဗိုင်းရပ်စ် အနည်း-အများဆိုတာ စစ်ရမယ်။ Billions of HIV particles (copies) သန်းထောင်နဲ့ချီလို့ ပွါးလာနေပါလိမ့်မယ်။ တပြိုင်နက်ထဲမှာ CD4 cells တွေ ကျလာနေမယ်။

(ဗိုင်းရပ်စ်) တွေက သွေးထဲမှာသာမက တကိုယ်လုံးမှာ ရှိနေမယ်။ အထူးသဖြင့် Lymph nodes တက်စေ့၊ Brain ဦးနှောက် နဲ့ Genital secretions လိင်လမ်း-အရည်တွေထဲမှာပါ။ Vagina အမျိုးသမီး (ဗဂျိုင်းနား)၊ Rectum ကျား-မ စအို၊ Urethra ဆီးသွား-ပြွန်တွေကို ဖုံးထားတဲ့ အလွှာပါးတွေကနေ ၀င်လာစေနိုင်တယ်။ ဘယ်တော့ AIDS ဖြစ်မလဲ မပြောနိုင်ပါ။ တချို့ ၁ နှစ်၊ တချို့ အနှစ် ၂၀ ကြာတယ်။ ပျမ်းမျှ ၈-၁၀ နှစ်လို့ ပြောနိုင်တယ်။

Vaginal sex (ဗဂျိုင်းနား) ကို လိင်ဆက်ဆံခြင်း နဲ့ HIV
လိင်မဆက်ဆံမီနဲ့ ဆက်ဆံနေတုံး ယောက်ျားကနေ Semen ခေါ်တဲ့ လိင်အင်္ဂါအရည်၊ အမျိုးသမီး ဗဂျိုင်းနား ကလဲ Vaginal fluids အရည်တွေ ထွက်မယ်။ ပိုးရှိတဲ့ ယောက်ျားဟာ (ကွန်ဒွမ်) မသုံးဘဲ လိင်ဆက်ဆံရင် သူ့အရည်ထဲက ပိုးဟာ Vagina (ဗဂျိုင်းနား)၊ Cervix သားအိမ်အ၀ နဲ့ Uterus သားအိမ်တွေရဲ့ အဖုံးလွှာတွေ ကနေတဆင့် ၀င်သွားစေနိုင်တယ်။ တကယ်လို့ အမျိုးသမီးမှာ အဲဒီ အနားတ၀ှိုက်မယ် အနာအဆာ-ရှတာ တခုခု ရှိနေရင် ကူးစေနိုင်တယ်။ ၀င်လာတာနဲ့ သွေးထဲ ရောက်သွားပြီ။ အနာအဆာ-ရှတာတွေက မျက်စိနဲ့ မြင်ကောင်းမှ မြင်ရမယ်။ အမျိုးသမီး ကိုယ်တိုင်ကလဲ သိခြင်မှ သိပါလိမ့်မယ်။

အတူတူဘဲ အမျိုးသမီးမှာ HIV ရှိနေပြီး၊ Condom မပါဘဲ လိင်ဆက်ဆံရင် HIV ပိုးက ယောက်ျားရဲ့ Penis လိင်တံ၊ Foreskin ထိပ်ဖျား-အရေပြား၊ Urethra ဆီးပြွန်အ၀တွေမှာ အနာအဆာ-ရှာတာ ရှိရင် ကူးနိုင်တယ်။ လိင်ဆက်ဆံနေတုံး သွေးနဲ့ ထိမိရင် ပိုဆိုးလိမ့်မယ်။ ဆိုပါစို့ ရာသီလာနေတာ။ ဒါ့အပြင် Sexually transmitted diseases (STDs) ခေါ်တဲ့ လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ရှိနေရင် HIV ကူးစေဘို့ ပိုဖြစ်စေနိုင်ပါတယ်။ ကျား-လိင်တံအဖျား အရေပြား ဖုံးမနေတဲ့ ကွမ်းသီးခေါင်းက ပိုပြီး နူးညံ့လို့ လိင်ဆက်ဆံတဲ့အခါ ပွန်းလွယ် ရှလွယ်တယ်။ (ဗဂျိုင်းနား)၊ စအိုဘေးက အမွှေးနဲ့ ထိမိ၊ ပွတ်မိရင်းကနေ မမြင်ရတဲ့အနာ ဖြစ်လာစေနိုင်တယ်။

Anal sex စအိုလမ်းသုံးပြီး လိင်ဆက်ဆံခြင်းနည်း နဲ့ HIV
လက်ခံတာ တူပေမဲ့ စအိုလမ်းကနေ လိင်ဆက်ဆံခံရတာက (ဗဂျိုင်းနား) က လိင်ဆက်ခံရတာထက် ကူးစက်ခံရနိုင်ခြေ ပိုများတယ်။ စအိုလမ်းသုံးရင် နှစ်ယောက်သားမှာ လက်ခံသူက ပိုဆိုးဝါးတယ်။ ဘာလို့လဲ ဆိုတော့ Lining of the anus စအိုလမ်း အဖုံးလွှာက Vagina (ဗဂျိုင်းနား) အလွှာထက် ညံ့လို့ဘဲ။ သွေးထွက် လွယ်သေးတယ်။ သွေးဆို ပိုဆိုးရော။ လက်ခံသူက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုလမ်းကနေ ဆက်ဆံတော့ ဆောင်ရွက်ပေးသူဟာလဲ ကူးခံရနိုင်တာပါဘဲ။ နောက်ပြီး အစာလမ်းက ပိုးတွေနဲ့ သန်ကောင်တွေလဲ စအိုလမ်းကနေ လိင်ဆက်ဆံလို့ ကူးနိုင်တယ်။ လက်ချောင်းကို (ဗဂျိုင်းနား)၊ စအို လမ်းမှာ ထည့်တာဆိုရင်လဲ အနာအဆာ ရှိရင် ကူးမှာဘဲ။ ပါးစပ်နဲ့ ကိုက်တာကနေ ကူးတယ်ဆိုတာ ၂ ယောက်၊ ၃ ယောက်လောက် တွေ့ဘူးထားတယ်။

Woman-to-woman Sex မိန်းမခြင်းဆက်ဆံတာ နဲ့ HIV
Lesbians/Bisexual women “(လက်စ်ဘီယန်) နဲ့ အမျိုးသမီး” ဖြစ်ဖြစ် “နှစ်မျိုးလုံးအကျင့်ရှိတဲ့ အမျိုးသမီးနဲ့ တခြား အမျိုးသမီး” ဖြစ်ဖြစ် လိင်ဆက်ဆံတာမှာ ကူးနိုင်တဲ့အခွင့်အလမ်း နည်းပါးတာ တွေ့ရတယ်။ (သီအိုရီ) အရသာ ဖြစ်နိုင်ပြီး လက်တွေ့ဖြစ်တာ အတော်ရှားတယ်။ Theoretical risk ဆိုတာ စာတွက်တွက်ရင်တော့ ကူးနိုင်တယ်၊ လက်တွေ့ အထောက်အထား ကောင်းကောင်း မပြနိုင်သေးတာမျိုး ခေါ်တယ်။ Likely to happen “ဖြစ်နိုင်ပါတယ်” လောက်အထိ မဆိုးပါ။

STDs လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV
HIV နဲ့ တခြား STDs တွေက အပြန်အလှန် သက်ရောက်နိုင်ကြတယ်။ HIV ရှိနေသူမှာ STDs ရှိနေရင် HIV ကူးစက်ဘို့ ပိုဖြစ်စေနိုင်တယ်။ STDs ရှိနေသူကိုလဲ HIV ၀င်လာဘို့ အခွင့်အလမ်း ပိုတယ်။ Syphilis ဆစ်ဖလစ် နဲ့ Herpes ရေယုံ ဆိုတာတွေက အနာတွေဖြစ်နေလို့ပါ။ အမျိုးသမီးတွေ အဖြူဆင်းစေတဲ့ Chlamydia ပိုး၊ ဆီးပူ-ညောင်းကျ ခေါ်တဲ့ Gonorrhea ဂနိုးရီးယားပိုးတွေက အနာတော့ မဟုတ်ပေမဲ့ လိင်လမ်းရဲ့ Immune response ရောဂါပြီးနိုင်စွမ်းကို တမျိုး သက်ရောက်စေတာမို့ ဖြစ်ရတယ်။

Oral sex လိင်ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာ နဲ့ HIV
ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ၀င်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံး သွေးယိုတာမျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက်စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုး ပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တ၀ှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေ နိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေးမပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။

Hepatitis A, B, C အသဲရောင်ပိုးတွေ နဲ့ HIV
အဖြစ်များလှတဲ့ Hepatitis A အသဲရောင်-အသားဝါ A virus ပိုး ဆိုတာက ရောဂါရှိသူရဲ့ မစင်မှာ ပါနေတယ်။ HIV လိုဘဲ လိင်ဆက်ဆံတုံး ပါးစပ်သုံးရင် ကူးနိုင်တယ်။ Hepatitis B ပိုးက Sexual fluids လိင်ဆက်ဆံရင် ထွက်တဲ့အရည်တွေနဲ့ သွေးမှာပါနေတယ်။ Hepatitis C ပိုးကတော့ သွေးမှာပါတယ်။ ပါးစပ်သုံးရင် အနာအဆာ ရှိမှသာ ကူးမယ်။ ပါးစပ်ကို သုံးတဲ့အခါ ပိုးရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုကင်းသူဆိုရင် ပိုးပါတဲ့ Sexual fluid က ပိုးမရှိသေးသူရဲ့ ရာသီသွေး၊ ဒဏ်ရာ၊ ရောင်နေတဲ့ အနာထဲ ၀င်လာမှ ကူးမယ်။ ပုံမှန် ပါးစပ်-လည်ချောင်းကို ဖုံးနေတဲ့ အလွှာကတော့ ခံနိုင်ရည် ရှိပါတယ်။

ပါးစပ် သုံးတဲ့အခါ ပိုးမရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုးရှိသူဖြစ်အုံးတော့ ဖြစ်နိုင်ခြေ နည်းတယ်။ ဘာလို့လဲ ဆိုတော့ သွားရည်ထဲမှာ ပိုးပါနေပေမဲ့ အရေအတွက် နည်းလွန်းလို့ပါ။ ပိုးရှိတဲ့ ပြုလုပ်သူရဲ့ အနာ-ဒဏ်ရာက ထွက်တဲ့ သွေးက လက်ခံသူရဲ့ လိင်လမ်း-စအိုမှာလဲ အနာအဆာရှိလို့ ၀င်မှသာ ကူးစေမယ်။ ပါးစပ်လမ်း သုံးတယ်ဆိုတာ အများအားဖြင့် ပုံမှန်လိင်လမ်းကို ဆက်ဆံနေရင်း လုပ်ကြတာများလို့ ဘယ်လမ်းကြောင့် ကူးတာလဲ သိဘို့ခက်ခဲတယ်။

၂၀၀၁ စပိန်သုတေသနတခုအရ HIV ပိုးမရှိတဲ့ ကျား-မ ဆက်ဆံတာသာ ၀ါသနာပါသူ ယောက်ျား ၁၃၅ ယောက်ဟာ ပိုးရှိသူ အမျိုးသမီးတယောက်နဲ့ အကြိမ်ပေါင်း ၁၉၀၀၀ အကာကွယ်မဲ့ ပါးစပ်သုံးပြီး ဆက်ဆံကြတယ်။ HIV ကူးလာတာ မတွေ့ရပါ။ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် International Oral AIDS Conference မယ် တင်ပြတာက ပါးစပ်သုံး လိင်ဆက်ဆံတာကနေ ကူးစက်နိုင်စွမ်း တကြိမ်ပြုတိုင်း 0.04% per contact ရှိတယ်လို့ ဆိုတယ်။

HIV Q and A
• လိင်ဆံရာသုံး အ၀တ်အစားတွေကနေ ကူးသလား။ HIV ပိုးဟာ ကိုယ်ခန္ဓာအပြင် ရောက်ရင် ကြာကြာ မရှင်နိုင်ဘူး။ ဓါတ်ခွဲခမ်းမှာ စမ်းဘို့ လုပ်ရတာက ပိုးကောင်ရေ အများကြီးနဲ့ လုပ်ရတယ်။ သူတို့ကြိုက်တာမျိုး စီမံထားရင် လအထိ ထားနိုင်ပေမဲ့ ခြောက်သွေ့ သွားရင် ၉၀-၉၉% က နာရီပိုင်းနဲ့ သေသွားကြတာ တွေ့ရတယ်။ ဒါ့ကြောင့် ပိုးပါတဲ့ သွေးနဲ့ အရည်တွေဟာ ခြောက်သွေ့သွားရင် ကူးစရာလမ်း မရှိသလောက်ပါ။
• သတိထားဘို့ လိုသေးတာက သွေးကိုစစ်တော့ ပိုးနည်းနည်းတွေ့ပေမဲ့ HIV တွေက Semen တို့ Vaginal fluids တွေမှာ များနေနိုင်တယ်။ ဒါ့ကြောင့် သွေးထဲမှာ Viral load မများပေမဲ့ အကာအကွယ်ယူဘို့ မမေ့ပါနဲ့။
• HIV-negative ဆိုတာ ဘာလဲ။ သွေးစစ်ချိန်မှာ သူ့သွေးထဲမယ် HIV antibodies မတွေ့သူဖြစ်တယ်။ HIV လုံးဝ ကင်းနေတယ်လို့တော့ မပြောနိုင်သေးဘူး။ လွန်ခဲ့တဲ့ ၃-၆ လအတွင်း HIV ပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံ ခဲ့ဘူးပေမဲ့ သူ့ကို မကူးခဲ့ဘူးလို့ မပြောနိုင်သေးဘူး။ AIDS ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့လဲ မပြောနိုင်ပါ။
• HIV-positive ဆိုတာ ဘာလဲ။ တချိန်ကြရင် AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး သွေးထဲမှာ ရှိနေပြီ။ ဒါပေမဲ့ AIDS ဖြစ်နေပြီလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ မကြာခင် သေရတော့မယ်လို့လဲ မဟုတ်ပါ။ သူကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများကို ကူးစက်စေနိုင်ပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ အစာအာဟာရလဲ မျှတအောင်စား၊ ပုံမှန် ဆေးစစ်၊ သေခြာ ဆေးကုနေရင် အကြာကြီး အသက်ရှင်ပါမယ်။

Dr. တင့်ဆွေ

သားဆက် ခြားနည်းတွေ က များ တယ် ဆို တော့  ... ဘာ ကိုရွေး မ လဲ


၁ ... အသည်း ဝေဒနာ ရှင်များ.. ရင် သား ကင်ဆာ ဝေဒနာ ရှင် များ သည် ... တား ဆေး ထိုး ဆေး များ ရှောင် သင့် ပြီး ... IUCD သုံး သင့်  ပါ သည် ။
၂ ... သားအိမ် ကင်ဆာ ... မျိုး ဥအိမ် ကင် ဆာ ဝေဒနာ ရှင် များ သည် ... IUCD ရှောင် ပြီး ... တားဆေး ထိုး ဆေးသုံး သင့် ပါ သည် ။
၃ ... သွေး ခဲ ဝေ ဒနာ ရှင် များ သည် ... သား ကြော မဖြတ် သင့် ပါ ... estrogen ပါ သော ဆေး ကိုပြီး ... progestrogen ပါ သော ဆေး ကို သုံး ပါ ။
၎ ... သွေး တိုး ဝေဒနာ ရှင် များ သည် ...သားကြော ဖြတ် ခြင်း ... estrogen တို့  ကို ရှောင် ပြီး ... IUCD Progestrogen Norplant တို ကို သုံး နိုင် ပါ သည်။
၅ ... ဆီး ချို သက် ၂၀ နှစ် ကျော် လာ သူ များ သည် ... estrogen ကို ရှောင် ရပါ မည် ။
၆ ... တက် တတ် သူ များ ... ခေါင်း ကိုက် တတ် သူ များ သည် ... တားဆေး ထိုး ဆေး များ ရှောင် ပြီး ... IUCD သုံး သင့် ပါ သည်။

From:http://health.ngoinmyanmar.org/search/label/Family%20Planning

ကိုယ်ဝန် တားဆီးခြင်း နည်းလမ်းများ



“ကြိုတင် ပြင်ဆင်ထားမှု မပြည့်စုံ ပါဘဲလျက် ပရမ်းပတာ လက်လွတ် စပယ် ဖိတ်ခေါ်မှုသည် ဧည့်သည်များ အတွက် အညှာ အတာမဲ့စွာ ရက်စက်မှု တစ်ခုပင်တည်း။”

ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ ကို အမျိုးသား အမျိုးသမီးများ အားလုံး သိထားသင့် ပေသည်။ တကယ်တော့ လိင်ဆန္ဒ ပြည့်ဝမှု အတွက် အားထုတ်ရင်း၊ မလိုချင်ဘဲ ကလေးမွေးခြင်း သည် အပြစ်မဲ့သည့် ကလေးငယ်များကို မညှာမတာ ဒုက္ခ ခံခိုင်းဖို့ လူ့လောကထဲ ခေါ်ယူခဲ့ခြင်း သာ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြေလည် ကောင်းမွန်ခြင်း မရှိသေးခင်မှာ မလိုလားသော ကိုယ်ဝန် (Unwanted Pregnancy) မရှိစေရန် အချိန်မီ တားဆီး သင့်ပေသည်။

ကိုယ်ဝန် မဆောင်သင့်သူများ

၁။ အသက်(၁၈)နှစ်အောက် ငယ်ရွယ်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၂။ အသက်(၃၅)နှစ်အထက် ကြီးရင့်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။

၃။ သားသမီးဦးရေ(၄)ဦးထက် ပိုမိုမွေးဖွားခြင်း။


ပဋိသန္ဓေတားဆီးခြင်းနည်းလမ်းများ

၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး သုံးခြင်း။

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

၃။ အမျိုးသမီးများ စားဆေးကတ် စားသုံးခြင်း။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း။

၅။ အမျိုးသမီးများ ရာသီသွေးပေါ်သော ဓမ္မတာစက်ဝန်းအရ ရက်ရှောင်ခြင်း။

၆။ အမျိုးသား၏ သုက်ရည်ကို အမျိုသမီးဖြစ်သူ၏ မိန်းမကိုယ်ပြင်ပ၌သာ စွန့်ပစ်ရန်အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။


၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး (Condom) သုံးခြင်း။

လိင် ဆက်ဆံရာတွင် သုက်ပိုးရည် များ မိန်းမကိုယ်တွင်း မဝင်ရောက် စေရန် ကာကွယ် ပေးသည်။ သားသမီး ရယူလိုခြင်း မရှိသည့် ကာလ တစ်လျှောက်လုံး လိင် ဆက်ဆံတိုင်း ကွန်ဒုံး(ခေါ်)သားရေစွပ်ကို သုံးစွဲရန် လိုသည်။ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သော ရောဂါများ ကိုလည်း ကွန်ဒုံး သုံးစွဲခြင်း ဖြင့် ကာကွယ် နိုင်သည်။

ကွန်ဒုံးသည်
- သုံးစွဲရလွယ်ကူသည်။

- ဝယ်ယူရလွယ်ကူသည်။

- စားဆေး၊ ထိုးဆေး၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းဖြင့် သားဆက်ခြားခြင်း အဆင်မပြေသူများ၊ (ဥပမာ - သွေးတိုး ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ရင်ကျပ် စသည့် ရောဂါ ရှိသူများ) ၏ ခင်ပွန်းသည်များ သုံးနိုင်သည်။

သားသမီးယူလိုယူလိုသည့်အခါတွင် ကွန်ဒုံးအသုံးပြုခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် သားသမီးပြန်လည် ရယူနိုင်ပါသည်။

ကွန်ဒုံးအသုံးမပြုမီ သတိထားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကွန်ဒုံးကို နေပူထဲမထားရပါ။

(၂) ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုရမည်။

(၃) အခြားအဆီများနှင့် သုံးစွဲခြင်း မပြုသင့်ပါ။

(၄) ရက်လွန် (Expired Date) ဖြစ်မဖြစ်ကို သေချာစွာဖတ်ရှုပြီး ရက်မလွန်သေးသော ကွန်ဒုံးကိုသာ ရွေးချယ်သုံးစွဲသင့်သည်။

(၅) ကွန်ဒုံးကို များသောအားဖြင့် ရာဘာသားရေ (Rubber) ဖြင့် ပြုလုပ်ထားသည့်အတွက် သားရေကဲ့သို့ ဆွဲမရသော ကွန်ဒုံးများကို မသုံးသင့်ပါ။

(၆) ကွန်ဒုံးကို သုံးစွဲခါနီးတွင် အပေါက်အပြဲ ပါ၊မပါ သေချာစွာစစ်ဆေးပြီး အပေါက်သေးလေးပင်ဖြစ်စေ ပါလာလျှင် လုံးဝမသုံးပါနှင့်။


ကွန်ဒုံး (ခေါ်) သားရေစွပ် နှင့် စိမ်း နေသူများ အတွက် ၄င်း အသုံးပြုနည်း ကို ရှင်းပြပါမည်။ ကွန်ဒုံး ကို ဆေးဆိုင်များ၊ ကွမ်းယာ ဆိုင်များနှင့် လမ်းဘေး ဆိုင်များတွင် အလွယ်တကူ ဝယ်ယူ ရရှိ နိုင်သည်။ ကွန်ဒုံး မပြဲစေရန် ကွန်ဒုံး အထုပ်ကလေးကို သတိနှင့် သေချာစွာ ဖောက်ရ၏။ အသုံးမပြုမီ သားရေစွပ်၏ ထိပ်တွင် လေ မဝင်စေရန် ဂရုပြုဖို့ လိုအပ်ပါသည်။ ကွန်ဒုံး ထိပ်ဖျားကို လက်ညှိုး လက်မတို့ဖြင့် ဖိ၍ ကိုင်ပြီး ယောက်ျား တန်ဆာထိပ်တွင် ညင်သာစွာ စွပ်ပါ။ ထို့နောက် အခြား လက်တစ်ဖက်ဖြင့် ကွန်ဒုံးကို ဖြေချပါ။ လက်မ၊ လက်ညှိုး တို့ဖြင့်ဖိ၍ ကိုင်ထားသော ကွန်ဒုံး ထိပ်ဖျားသည် သုက်ရည် အတွက် နေရာ ချန်ထားခြင်း ဖြစ်သည်။ ကွန်ဒုံးကို အမျိုးသား၏ တန်ဆာရင်း ထိ ရောက်အောင် ဖြေချ ရမည်။ လိင်ဆက်ဆံ ပြီး၍ အမျိုးသား သုက်ရည် ထွက်သွားပြီးနောက် ကွန်ဒုံးကို အရင်းမှ စက္ကူပါးဖြင့် ကိုင်ပြီး သတိဖြင့် လျှော၍ ဖြည်းဖြည်း ညင်သာ ချွတ်ယူပါ။ ကြွပ်ကြွပ်အိတ်ဖြင့် ဖြစ်စေ၊ သေချာစွာ ထုပ်ပိုး၍ အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်သင့်သည်။

ယောက်ျားဖြစ်သူ ကွန်ဒုံး သုံးစွဲခြင်းဖြင့် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် နှုန်းမှာ အမျိုးသမီး ဦးရေနှင့် အရေအတွက် မြှောက်လဒ် တစ်ရာလျှင် ခြောက်ယောက်မှ တစ်ဆယ့် ရှစ်ယောက် အတွင်းရှိသည်။ ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ အားလုံးသည် ရာနှုန်းပြည့် စိတ်ချရသည် ဟု လက်လွတ်စပယ် မပြောလိုပါ။ မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် အခွင့်အလမ်း အလွန် နည်းပါးလျှင် ၄င်း နည်းလမ်း ကောင်းမွန် လုံခြုံသည် (Safe) ဖြစ်သည် ဟု ဆိုနိုင်ပါသည်။

အမျိုးသားသုံး ကွန်ဒုံး အသုံးပြုနည်း



အမျိုးသမီးသုံး ကွန်ဒုံး အသုံးပြုနည်း


How To Use Female Condom - Click here for more amazing videos

၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။

ထိုးဆေးကို (၃) လ တစ်ကြိမ် တင်ပါးမှာ ထိုးပေး ရသည်။ ရာသီ ပေါ်သည့်နေ့မှ (၅) ရက် အတွင်း ထိုးသင့်သည်။ ရာသီ ပေါ်ပြီး ၅-ရက်မှ ၉-ရက် အတွင်း ထိုးမိပါက (၁၀) ရက် အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ် သင့်သည်။ သို့မဟုတ် ပါက (Condom) သုံး၍ ဆက်ဆံ နိုင်သည်။

ကိုယ်ဝန် တားဆေး ထိုးတော့မည်ဆိုလျှင် ကျွမ်းကျင်သူများ နှင့် အရင် တိုင်ပင် ဆွေးနွေး သင့်သည်။ ကိုယ်ဝန် မရှိမှ ထိုးရပါမည်။ မီးဖွားပြီး ၄၅-ရက် (သို့မဟုတ်) တစ်လခွဲ အကြာတွင် ထိုးဆေး စတင် အသုံးပြု နိုင်သည်။ ထိုးဆေးသုံးပြီး ၃-လကြာလျှင် နောက်ထပ် (၁)လုံး ထပ်ထိုး ရမည်။ ထို့ကြောင့် ထိုးဆေး ထိုးသည့် ရက်စွဲကို သေချာစွာ မှတ်ထား သင့်သည်။ ဆေးထိုး ရာတွင် ဆေးထိုးအပ်မှ အခြား ကူးစက် ရောဂါများ မပြန့်ပွားစေရန် သေချာစွာ ပိုးသတ် ထားသော ဆေးထိုးပြွန်နှင့် အပ်များ၊ တစ်ခါသုံး ဆေးထိုးပြွန်နှင့် တစ်ခါသုံး ဆေးထိုး အပ်များကို သုံးသင့်သည်။ ထိုးဆေး သုံးခြင်းကြောင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

(၁) ကလေးဝေးခြင်း။

(၂) မိခင် နို့ထွက်မှုကို မထိခိုက် နိုင်သဖြင့် နို့တိုက် မိခင်များ အတွက် သင့်လျော်ခြင်း။

(၃) ဆေးထိုးရပ်လိုက်ပါက ဆေးအာနိသင် ကုန်သည့်အခါတွင် ကလေး ပြန်ရနိုင်ခြင်း။

(၄) ၃-လလျှင် တစ်ကြိမ်သာ ထိုးရသဖြင့် သက်သာခြင်း


စသည်တို့ ဖြစ်သည်။

ဤဆေးထိုးလျှင် တချို့အမျိုးသမီးများ ရာသီမပေါ်ဘဲ တောက်လျှောက်တိမ်ခြင်း၊ အချို့ရာသီသွေး တစ်စက်တစ်စက် ပေါ်နေခြင်း၊ သွေးဆင်းများခြင်း၊ တချို့ပုံပျက်ပန်းပျက်ဝလာခြင်း စသည့်အကျိုးဆက်များ လည်း တွေ့ရတတ်သည်။ ထိုသို့ တွေ့ကြုံလာရသည့်အခါ ထိတ်လန့်နေစရာမလိုဘဲ တတ်ကျွမ်းသူများနှင့် တိုင်ပင်သင့်သည်။

အလွန်အမင်း ဝဖြိုးသူများ၊ အသည်းရောင် အသားဝါ ရောဂါရှိသူများ၊ ရင်သား ကင်ဆာနှင့် အခြား ကင်ဆာ ရောဂါရှိသူများ၊ သွေးတိုး၊ ဆီးချိုနှင့် နှလုံး သွေးကြောကျဉ်း ရောဂါရှိသူများမှာ ဤ နည်းလမ်းမျိုး မသုံးသင့်ပါ။ စားဆေးနှင့် မတည့်သည့် စားဆေး မစား လိုသူများနှင့် ဆေးသောက်ရန် မေ့လျော့ တတ်သူများ သည် ထိုးဆေးကို အသုံးပြု တတ်ကြသည်။ ထိုးဆေး သုံးသူများတွင် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့်နှုန်း အလွန် နည်းပါးသော် လည်း အဆမတန် ဝဖြိုး လာတတ်ခြင်းကြောင့် ခန္ဓာကိုယ်အလှ ထိန်းသိမ်း လိုသူများ မသုံးလိုကြပေ။

၃။ အမျိုးသမီးများ စားဆေးကဒ် စားသုံးခြင်း။

စားဆေး ကဒ်များသည် ဆေးဆိုင်များတွင်လည်း အလွယ်တကူ ဝယ်ယူ ရရှိနိုင်သော အဖိုးနှုန်း အလွန်ချိုသာသည့် ပဋိသန္ဓေ တားဆေး ကတ် ဖြစ်သည်။

၎င်းဆေးကတ်မှ ပထမဆုံး အလုံးကို အမျိုးသမီးများ ရာသီသွေး စပေါ်သည့်နေ့မှ တတိယမြောက်နေ့ တွင် စတင် သောက်ရပါသည်။ ညွှန်ပြ ထားသည့် မြားအတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်သင့်သည်။ သောက်ရန် မေ့သွားပါက ထိုဆေးလုံးကို သတိရရချင်း ၁၂-နာရီအတွင်း သောက်ပြီး ၄င်းနေ့အတွက် ဆေးလုံးကိုတော့ ပုံမှန်အချိန်တွင် ဆက်သောက် နိုင်သည်။ ဆေးကတ် ကုန်သွားလျှင် ရက်မခြားပဲ အသစ် ဆေးကဒ်၏ ပထမဆုံး အလုံးကို နောက်တစ်နေ့ ဆက်သောက် ရမည်ဖြစ်သည်။ နေ့စဉ် မှန်မှန် ဆေးသောက်ရန် မမေ့သင့်ပါ။ ဆေးသောက်ရန် မေ့သွားသော နေ့သည် အမျိုးသမီးများ ဓမ္မတာပန်းပွင့်ရာ စက်ဝန်းတွင် မျိုးဥကြွေပြီး ကိုယ်ဝန်ရနိုင်သော နေ့တစ်နေ့ဖြစ်နေပြီး အမျိုးသားနှင့်လည်း လိင်ဆက်ဆံ ဖြစ်သည်ဆိုပါက ကိုယ်ဝန် ရသွားသည့် သာဓက ရှိပါသဖြင့် ဆေးလုံးများကို ဂရုတစိုက် နေ့စဉ်မှန်မှန် သောက်သင့် ပေသည်။

ရင်သားတွင် အဖုအကျိတ် ရှိသူများ၊ သွေးကြော ထုံးရောဂါရှိသူများ၊ မိန်းမကိုယ်မှ အကြောင်းရင်း မရှိဘဲ သွေးဆင်း နေသူများ၊ လေဖြတ် ဖူးသူ၊ လေဖြတ်နေသူများ၊ သားအိမ်ခေါင်း၊ သားဥစသည့် မျိုးပွား အင်္ဂါများတွင် ကင်ဆာ ရောဂါရှိသူများ၊ နို့တိုက်မိခင် (ကလေး ၆-လ အရွယ်အထိ) တို့မှာ စားဆေး စားရန် မသင့်ပါ။ အသက် ၄၀ ကျော် အမျိုးသမီးများ၊ ဆေးလိပ် အလွန်အကျွံ သောက်သူများ၊ သွေးတိုး ရောဂါရှိသူများ၊ ကိုယ်ဝန်ဆိပ်တက် ရောဂါ ရှိသူများ၊ ဝက်ရူးပြန် ရောဂါရှိသူများ၊ ဆီးချို ရောဂါရှိသူများ၊ အသည်းရောင် အသားဝါ ရောဂါ ရှိသူများ၊ နှလုံး ရောဂါ ရှိသူများ၊ စိတ်ကျ ရောဂါ ဖြစ်ဖူးသူများ၊ နို့တိုက်မိခင် (ကလေး ၆-လအထက်)များသည် ကျွမ်းကျင် နားလည်သူများ နှင့် တိုင်ပင် ဆုံးဖြတ်ပြီးမှ ဆေးစား သင့်ပါသည်။

တချို့အမျိုးသမီးများ ဆေးစား ခါစတွင် အောက်ပါ ဝေဒနာများကို ခံစားရ တတ်ပါသည်။

၁။ မူးဝေခြင်း၊ နုံးခွေခြင်း ဖြစ်တတ်သည်။ (ညစာစားပြီးချိန် (သို့မဟုတ်) အိပ်ရာဝင်ချိန် သောက်သင့်သည်။ ၂-လ၊ ၃-လကြာလျှင် ပျောက်သွား နိုင်ပါသည်။)

၂။ ပျို့ခြင်း၊ အစားပျက်ခြင်း ဖြစ်နိုင်သည်။ (အကျင့် ရလာလျှင် ပျောက်သွား တတ်ပါသည်။)

၃။ ရင်သား တင်းခြင်း၊ ရင်သား နာလားခြင်း ဖြစ်တတ်သည်။ (မကြာခင် ပျောက်သွားနိုင်သည်။ အဆီ၊ အဆိမ့်၊ အချို လျှော့စားကာ ကိုယ်လက် လှုပ်ရှားမှုပြုလုပ် သင့်ပါသည်။)


အကယ်၍ အထက်ပါ လက္ခဏာများအနက်မှ တစ်ခုခုကို ကြာရှည်စွာ ခံစားရပါက ကျွမ်းကျင် နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး၍ အကြံဉာဏ် တောင်းရန် လိုအပ်သည်။

စားဆေး ကဒ်များကို နှစ်နှစ်ထက်ပို၍ ဆက်တိုက် မစားသင့်ဟု တချို့ ဆေးပညာ စာအုပ်များတွင် ရေးသား ထားသည်ကို တွေ့ရသည်။ တချို့ဆေးပညာ ဆောင်းပါး များကတော့ စားဆေးကဒ်များကို ၃-နှစ်မှ ၅-နှစ်အထိ ဆက်တိုက် စားသုံးနိုင်သည်ဟု ဆိုကြသည်။ တချို့ အမျိုးသမီး များမှာ ကိုယ်ဝန်တားဆေး ကတ်များကို ၈-နှစ်မှ ၁၀-နှစ်အထိ စားသုံးသော်လည်း ဘာမှ မဖြစ်သည်လည်း ရှိပါသည်။

ဖြစ်သင့်သည်မှာ ပဋိသန္ဓေ တားဆေးကဒ် များကို ကြာရှည် ဆက်တိုက် စားသုံး နေသူများသည် ကာလ အပိုင်းအခြားအလိုက် သားအိမ်ခေါင်း အသားစ စစ်ဆေးခြင်း (Periodic Cervical Cytology)၊ သွေးပေါင်ချိန် စစ်ဆေးခြင်း (Checking Blood Pressure)၊ ဆီးထဲ အချိုဓာတ် စစ်ဆေးခြင်း (Testing for Glycosuria) များ မကြာခဏ ပြုလုပ် သင့်သည်။

သားသမီး ရယူလိုသည့်အခါ စားဆေးကတ် စားသုံးနေခြင်းကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါက ထိုအမျိုးသမီးမှာ ပုံမှန် မျိုးဥ ကြွေခြင်း (Regular Ovulation)သည် သုံးလ အတွင်း ပြန်ပေါ် လာမည် ဖြစ်သည်။

စားဆေး ကတ်သုံးခြင်းကို ရုတ်တရက် ရပ်ဆိုင်း လိုက်လျှင် နှစ်ရက်၊ သုံးရက်မျှ သွေးဆင်းလာ တတ်သည်။ မကြာမီ သွေးဆင်း ရပ်သွားမည် ဖြစ်ပါသည်။ ကြာရှည် သွေးဆင်း နေလျှင်တော့ တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး သင့်ပါသည်။

ဆေးစား နေစဉ် ပျို့အန်ခြင်း၊ ဝမ်းလျှော ဝမ်းပျက်ခြင်း ဖြစ်နေသူများနှင့် ပထမဆုံး ဆေးကတ်စားသူများ အတွက် ကိုယ်ဝန်တားဆီးမှု ရာနှုန်းပြည့် စိတ်ချရသည်ဟု မဆိုနိုင်ပေ။

၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း။

ကမ္ဘာပေါ်ရှိ အမျိုးသမီး ဦးရေ သန်း(၆၀)ခန့် ဤနည်းကို အသုံးပြု နေကြသည်။ တတ်ကျွမ်းနားလည် သူများနှင့် ပစ္စည်းထည့်ပြီးလျှင် သားအိမ် အတွင်းတွင် ၅ နှစ်ခန့် ကောင်းမွန် စိတ်ချစွာ ထားနိုင်ပါသည်။

သားအိမ် အတွင်းသို့ ထည့်နိုင်သည့် ပစ္စည်းများမှာ ပုံသဏ္ဍာန်နှင့် အမျိုးအစား အမျိုးမျိုး ရှိကြသည်။ အင်္ဂလိပ် စာလုံးကြီး တီပုံ (T) အင်္ဂလိပ် နံပါတ် ခုနစ် (7)၊ ကွင်းကြိုးပုံ၊ ကွင်းပုံ၊ လေးကိုင်းပုံ၊ အရစ်အခွေ စပရင်ပုံ စသည့်ဖြင့် ပြုလုပ်ထားသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ နစ်ကယ်လ်၊ သတ္တုများရောစပ်၍လည်း အရွယ်အစားအမျိုးမျိုး ပြုလုပ်ထားကြသည်။ တချို့ ပလပ်စတစ်ဖြင့် ပြုလုပ် ထားသည်လည်း ရှိ၏။ သားအိမ်အတွင်း ပစ္စည်း ထည့်မည့် အမျိုးသမီးသည် ကိုယ်ဝန် ဘယ်နှစ်ကြိမ် ဆောင်ဖူးသည်၊ ကလေး ဘယ်နှစ်ယောက် မွေးဖွား ဖူးသည်၊ ထို အမျိုးသမီး၏ ကျန်းမာရေး အခြေအနေ၊ သားအိမ် အရွယ်အစား အထူအပါး ဘယ်သို့ရှိသည် စသည်ဖြင့် စဉ်းစား ချင့်ချိန်၍ သင့်တော်မည့် ပစ္စည်းကို ထည့်ပေးရန် လိုအပ် သောကြောင့် တတ်ကျွမ်း နားလည်သူများ နှင့်သာ ထည့်သွင်း သင့်သည်။



ရာသီသွေးပေါ်နေချိန် (သို့မဟုတ်) ပေါ်ပြီးစ အချိန်၊ မီးဖွားပြီး နောက်တွင် (သို့မဟုတ်) ခြောက်လပတ် ကျော်လွန် ပြီးသည့် အချိန်၊ သားလျှော်ပြီး နောက် တစ်ပတ်တွင်း (သို့မဟုတ်) ခြောက်ပတ် လွန်မြောက် သည့် အချိန်တွင် သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းကို ခံယူ နိုင်ပါသည်။

မီးယပ် ဆိုင်ရာ ဓမ္မတာ မမှန်သူ၊ အဆင်း များလွန်းသူ၊ သားအိမ် အနေအထား ပုံမှန် မဟုတ်သူများ၊ သားအိမ် (သို့မဟုတ်) သားအိမ်ပြွန် ရောင်ရမ်းသော ဝေဒနာခံစားနေသူများ၊ သားအိမ်မှအပ အခြားသော နေရာ (ဥပမာ-သားအိမ်ပြွန်) တွင် သန္ဓေတည်ဖူးသူများ၊ ဆီးပူ ညောင်းကျ ရောဂါဖြစ်နေသူနှင့် သားအိမ်လည်တံ တွင် ရောဂါရှိနေသူများမှာ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းနည်းကို မသုံးသင့်ပေ။

သားအိမ်တွင်း ပစ္စည်း ထည့်ရန် သင့်တော်သူ များမှာ အနည်းဆုံး တစ်ကြိမ် ရိုးရိုး မီးဖွားပြီး သူများ၊ နို့တိုက်မိခင်များ၊ သားသမီး ဦးရေ ပြည့်စုံပြီး သားကြော မဖြတ်လို သေးသူများပင် ဖြစ်၏။ သားအိမ် တွင်းထည့် ပစ္စည်းများမှာ နိုင်လွန်ကြိုး အမြီးတန်း (Nylon Thread Tail) လေးများ ပါရှိတတ်ပြီး ယင်းကြိုးလေးသည် သားအိမ် လည်တံမှ တဆင့် မိန်းမ အင်္ဂါဇာတ် (Vagina) ထဲတွင် ရှိနေ တတ်သဖြင့် ၎င်း အမြီးတန်း လေးကို မကြာခဏ စမ်းသပ်ကြည့်ခြင်း အားဖြင့် သားအိမ်တွင်း၌ ထိုပစ္စည်း နေသားတကျ ရှိ၊မရှိ သိသာ နိုင်သည်။ သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီး များသည် အခါအားလျှော်စွာ ပြန်လည် စမ်းသပ် စစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။

သားအိမ်တွင်း ပစ္စည်းထည့်ခြင်း နည်းလမ်းကို အသုံးပြုခြင်းကြောင့်-

(က) ငွေ အကုန်အကျ သက်သာခြင်း

(ခ) ကိုယ်ဝန် မရှိစေရန် စိတ်ချရခြင်း

(ဂ) နေ့စဉ် ဆေးသောက်ရသည့် ဒုက္ခမှ ကင်းဝေးခြင်း

(ဃ) နှစ်ရှည် အာနိသင်ရှိခြင်း

(င) သားသမီး ပြန်ရယူလိုလျှင် လွယ်ကူခြင်း

(စ) နို့တိုက်မိခင် များ အတွက် မိခင်နို့ ထွက်ခြင်း

(ဆ) လိင် ဆက်ဆံရာတွင် အနှောင့်အယှက် မရှိခြင်း

(ဇ) ဆေးခန်းသို့ မကြာခဏ လာရန်မလိုခြင်း
စသည့် အကျိုး ကျေးဇူးများ ရရှိစေပါသည်။

သားအိမ်တွင်း ပစ္စည်းထည့်သည့်အခါ ရုတ်တရက် မူးမေ့သွားခြင်း (Fainting or Collapse) ဖြစ်တတ်သည့် သာဓက လည်းရှိသဖြင့် ပစ္စည်း ထည့်မည့် အမျိုးသမီးအား သေချာ ရှင်းလင်း ပြောပြ ထားရပါသည်။ တချို့အမျိုးသမီး များမှာ သားအိမ်တွင်း ပစ္စည်း ထည့်ပြီး နောက် ဓမ္မတာ သွေးဆင်း များလာခြင်း၊ ရာသီသွေး ပေါ်ပြီးသော်လည်း သွေးနည်းနည်းချင်း မကြာမကြာ ဆင်းနေခြင်း၊ ရာသီ လာသည့် အခါ ဗိုက်နာ ဗိုက်အောင့် ဝေဒနာ ခံစား လာရခြင်းများ တွေ့ကြုံရတတ်သည်။ တချို့မှာမူ သားအိမ်နှင့် သားအိမ်ပြွန် ရောင်ရမ်း ခြင်း၊ သားအိမ် လည်တံ ထိခိုက် ဒဏ်ရာရခြင်း၊ သားအိမ်တွင်း ထည့်ထားသော ပစ္စည်းလေး နေရာ လွဲမှား ရောက်ရှိခြင်းများ ဖြစ်တတ် သော်လည်း တွေ့ရခဲသော ပြဿနာ များသာ ဖြစ်သည်။

သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီးများ အတွက် ပစ္စည်း စတင်ထည့်သော ပထမနှစ် အတွင်း မတော်တဆ ကိုယ်ဝန် ရသွားနိုင်သော နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြောက်လဒ် တစ်ရာလျှင် နှစ်ယောက် သုံးယောက်မျှ ရှိသော်လည်း ပစ္စည်း ထည့်ထားသောနှစ် ကြာလေလေ၊ ထိုပစ္စည်းကြောင့် အလိုအလျောက် သားလျှော သွားနိုင်သည့် အခွင့်အလမ်း များပါသည်။

၅။ အမျိုးသမီးများ ရာသီသွေး ပေါ်သော ဓမ္မတာ စက်ဝန်းအရ ရက်ရှောင်ခြင်း။

ပဋိသန္ဓေ တားဆီးရန် အတွက် ထိုးဆေး အသုံးပြုခြင်း၊ တားဆေး ကတ် စားသုံးခြင်း၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း၊ အမျိုးသားများ သားရေစွပ် သုံးခြင်း နည်းလမ်းများ ကို အဆင်မပြေ၊ မနှစ်သက်၍ မသုံးလို ပါက ရက်ရှောင်ခြင်း နည်း (Safe Period-Rhythm Method) ကို သုံးကြသည်။

ရက်ရှောင်ခြင်း နည်းလမ်းမှာ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ တွင်သာ လိင်ဆက်ဆံခြင်း ပြုပြီး ကျန် ရက်များတွင် ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ (Safe Period) သည် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်းလည်ပတ် သည့် ရက်ကာလ မတူညီ သည့်အတွက် အမျိုးသမီး တစ်ဦးနှင့်တစ်ဦး မတူညီ နိုင်ချေ။ ဥပမာ အားဖြင့် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်း (Menstrual Cycle) သည် လစဉ် ၂၈ ရက်စက်ဝန်း (28 days Cycle) ဖြစ်ပါက လိင် ဆက်ဆံခြင်း ပြုလိုပါက ပြုနိုင်သော (Safe Period) မှာ ရာသီလာ နေစဉ်ရက်များ (The days of Menstrual Flow) နှင့် ရာသီ လာပြီးနောက် ၃-ရက်၊ ရာသီ မလာခင် ၉-ရက်တို့ဖြစ်သည်။



အကယ်၍ အမျိုးသမီး၏ ဓမ္မတာ စက်ဝန်းကာလသည် ၂၈-ရက်ထက် ပိုတို နေပါက ၎င်း ပိုတိုတောင်းသော ရက်ကို ရာသီလာပြီး နောက် ၃-ရက်မှ ထပ်မံ နှုတ်ရမည်။ ဥပမာ အားဖြင့် ယင်းအမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၆-ရက်သာ ရှိသည်ဆိုပါက ယင်းအမျိုးသမီးသည် ရာသီလာနေစဉ်ရက်များ၊ ရာသီလာပြီးနောက် ၁-ရက်နှင့် ရာသီမလာခင် ၉-ရက်အလိုတို့တွင် လိင်ဆက်ဆံခြင်းပြုနိုင်ပါသည်။

အမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၈-ရက်ထက် ပိုကြာရှည်ပါက ထို ပိုလာသောရက်ကို ရာသီ လာပြီးနောက် ၃-ရက်တွင် ပေါင်းထည့် ရပါသည်။ ဥပမာ- ထိုအမျိုးသမီး သည် ၃၀-ရက်စက်ဝန်း (30 days Cycle) ရှိပါက ထိုအမျိုးသမီးအတွက် (Safe Period)မှာ ရာသီ လာနေစဉ် ရက်များ(the days of Menstrual Flow) နှင့် ရာသီ လာပြီး နောက် ၅-ရက် (5 days Postmenstrually)၊ ရာသီ မလာမီရက် (9 days Premenstrually) တို့ ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် အမျိုးသမီးများ အားလုံး အတွက် ရာသီ မလာမီ ၇-ရက်သည် လိင်ဆက်ဆံခြင်း ပြုသော်လည်း ကိုယ်ဝန်ရရန် အခွင့်အလမ်း အလွန် ရှားပါး၍ လုံခြုံ စိတ်ချရဆုံး အချိန်များ ဖြစ်သည်။ သို့ရာတွင် ဤနည်းလမ်းကို ဓမ္မတာ မှန်မှန် လာသော အမျိုးသမီးများ ကသာ သုံးသင့်ပြီး ဤနည်းလမ်း သည် မတော်တဆ ကိုယ်ဝန်ရရှိ သွားနိုင်သည့် နှုန်း မြင့်သဖြင့် စိတ်မချရပေ။

၆။ အမျိုးသား၏ သုက်ရည်ကို အမျိုးသမီး ဖြစ်သူ၏ မိန်းမကိုယ် ပြင်ပ၌သာ စွန့်ပစ်ရန် အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။

ဤနည်းကို (Incomplete Coitus) ဟုခေါ်သည်။ သုံးမျိုး ထိန်းချုပ်ကြသည်။ ဤနည်းများ သည် ဆေးဝါး ပစ္စည်းကိရိယာ တစ်စုံတစ်ရာ မလိုအပ်၍ ငွေကြေး အထူးတလည်ကုန်ကျရန် မလိုအပ်သော်လည်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်သည့်နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြှောက်လဒ်တစ်ရာလျှင် ၁၂ ယောက်မှ ၃၆ ယောက်ထိရှိသဖြင့် နှုန်းအလွန်မြင့်မားသည်။ စိတ်ချ လုံခြုံမှု အလွန်နည်း သည် ဟု ဆိုနိုင်ပါသည်။

ကိုးကား။ ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ၏ သန္ဓေကာတာ မှ
Living together ၏ ဆိုးကျိုးများ
မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။

၁ ။ အပျိုစင်ဘ၀ကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )

၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။

၃ ။ ကိုယ်က အပျိုစင်ဘ၀ပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။ နောက်ဆုံး depressionအထိရနိုင်ပါတယ် ။

၎ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။

၅ ။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့ အသက်တွေသေကြရဦးမယ် ။

အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ် ။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)

“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့ ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ် သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။

၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။

၂ ။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။ အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။

၃ ။ ကဲ ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုတ်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ် (vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး ။

၎ ။ ကဲ နံပါတ် ၃အချက်ကိုလည်း ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ၀ယ်လို့ရပါပြီ ။ Levonogestrel 0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။

၅ ။ ခဏခဏတော့ Living together အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင် မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား သင်ကြိုက်ရာရွေးပါ ။

ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။

အထက်ပါအကြောင်းအရာများကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျှက်.............။

(မရှင်းလင်းတာတွေ ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြန် လည်ဖြေပေးသွားပါ့မယ် ။ )

သက်တန့်ချို
23 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်

HIV ပိုးရှိသူ ကလေးယူမယ်ဆို



HIV ပိုးရှိတယ်လို့ သိလိုက်တာနဲ့ မှန်ကန်တိကျပြီး အကျိုးရှိစေမယ့် နည်းလမ်းတွေကို ရရှိနိုင်ဖို့ HIV/AIDS အကြောင်းကို တကယ်အကြံပြုနိုင်၊ ကုသပေးနိုင်တဲ့ ဆရာဝန်တွေနဲ့ပဲ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်တွေ ယူသင့်ပါတယ်။ ကိုယ့်ဟာကိုယ် တစ်ဦးတည်း တိတ်တိတ်လေး HIV/AIDS နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဝယ်ဖတ်နေလို့ မရပါဘူး။

သွေးမစစ်ခင်ကတည်းကလည်း နှစ်သိမ့်ဆွေးနွေးပညာပေးသူ (Counseller) တွေနဲ့ တိုင်ပင်ပြီးမှ သွေးစစ်ဆေးမှု တွေ ပြုလုပ်သင့်ပါတယ်။ ဒါမှ ရောဂါပိုးရှိတာနဲ့ ဘာဆက်လုပ်ရမယ်၊ ဘာဆက်လုပ် သင့် တယ်ဆိုတာကို သူတို့က လမ်းညွှန်ပေးနိုင်မှာပါ။ အကောင်းဆုံးကတော့ HIV ပိုးရှိတဲ့သူအချင်း ချင်း စကားပြောဆိုကြည့်တာမျိုးက ဖြစ်နိုင်ရင် တော်တော်တန်ဖိုးရှိပါတယ်။ သူတို့က ကိုယ်တိုင်ဘဝ အတွေ့အကြုံတွေနဲ့ရင်းပြီး ပြောပြတတ်ကြတာကြောင့် ကိုယ့် အတွက် တော်တော်ကို အကျိုးရှိနိုင်ပါ တယ်။

HIV ပိုးရှိတဲ့သူ ကလေးယူမယ်ဆိုရင် ဆရာဝန်အတော်များများကတော့ ကလေးလုံးဝ မယူဖို့ ပြောကြတာများပါလိမ့်မယ်။ ကိုယ်က တကယ်ပဲ ကလေးယူချင်တယ်ဆိုရင် မိမိရင်သွေးလေးဆီကို HIV ပိုး ကူးစက်မခံရအောင် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ HIV ပိုးရှိလို့ ARV ဆေးဝါး သောက်နေရတဲ့ မိခင်တွေလည်း ကလေးယူလို့ ရနိုင်ပါတယ်။ ဒီအတွက် HIV/AIDS အကြောင်းကို သေချာသိရှိပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရပါမယ်။

မိခင်ဟာ အစောကတည်းက ARV ဆေးဝါးတွေသောက်သုံး၊ မှီဝဲနေရသူဆိုရင် ကလေး ကိုယ်ဝန်ရ လာချိန်မှာ မိခင်သောက်တဲ့ ဆေးတွေထဲက ကလေးနဲ့မတည့်တဲ့ ဆေးဝါးပါနေရင် အဲဒီဆေးဝါးကို ဖယ် သင့်ရင်ဖယ်၊ ပြောင်းသင့်ရင်ပြောင်းပြီး သောက်ဖို့လိုတယ်။ ဒါတွေကိုသိရဖို့က ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာရော၊ ကိုယ်ဝန်ဆောင်ပြီးလို့ ကလေးမီးဖွားပြီးချိန်ကာလမှာပါ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပြီး သောက်ရမှာဖြစ်တယ်။

ကလေးကို နို့တိုက်တာကအစ ဆောင်ရန်၊ ရှောင်ရန်တွေလည်း ရှိနေပါသေးတယ်။ လေ့လာမှုတွေအရ ဆိုရင် ကိုယ်ဝန်ဆောင်သည်ရဲ့ ကိုယ်ဝန်ဆောင်ချိန် ၁၄ ပတ် လောက်ကနေ ဆေးစသောက်ခဲ့ပြီး တခြားလိုက်နာသင့်တဲ့ ဆရာဝန်က ညွှန်ကြားခဲ့တဲ့ လိုက်နာစရာတွေကိုပါ ဆောင်နိုင်၊ ရှောင်နိုင်၊ လိုက်နာနိုင်ခဲ့မယ်ဆိုရင် ကလေးငယ် ရင်သွေးလေးဆီ ရောဂါကူးစက်နိုင်ခြေဟာ တစ်ရာခိုင်နှုန်းပဲရှိ တာကြောင့် ရောဂါကူးစက်နိုင်မှုတော်တော်ကို နည်းတယ်လို့တောင်ပြောလို့ရပါတယ်ဆိုတဲ့ အကြောင်း တွေကို Marie Stopes International (MSI) မှ Country director ဒေါက်တာစစ်နိုင်က ရှင်းပြပေးခဲ့ ပါတယ်။

Ref: Good Health

မြန်မာသတင်းရပ်ဝန်း - HIV ပိုးရှိသူ ကလေးယူမယ်ဆိုရင်

အိုဘယ့် ကယ်တင်ရှင်

ယနေ့ ဗမာပြည်တွင် လက်တဆုပ်စာမျှသော “ဘုရား” အထူးခံ ရေပေါ်ဆီ လူ့မလိုင်တချို့နှင့် ၎င်းတို့နှင့် အလွမ်းသင့်သော အရောင်ပြောင်း ပုတ်သင်ညိုတချို့မှအပ ကျန် သန်း ၅ဝ ကျော် လူထုမှာ နှစ်ပေါင်းများစွာ ဆင်းရဲခြင်း ဝဲသြဃအတွင်း မြုပ်တလှည့် ပေါ်တလှည့် ဖုတ်လှိုက်ဖုတ်လှိုက် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်ပြီး ဤအခြေအနေတွင် မျှော်လင့်ချက် ကောက်ရိုးတမျှင်ပေးကာ ဝါးကူထိုးပေးသူသူတို့ မနည်းမနောရှိပါသည်။ သည်အထဲတွင် ကယ်တင်ရှင်အမည်ခံ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် သူရဲကောင်းဖြစ်ချင်ကြသော နိုင်ငံရေးသမား အတုအယောင်များက ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။

မကြာသော ကာလတွင် ဗမာပြည်သို့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်တော့မည် ဖြစ်သည်။ မဟာကရုဏာရှင်များသည် ၎င်းတို့ ထုံးစံအတိုင်း ဖယောင်းတိုင် ကိုယ်စီထွန်းကာ ဝမ်းနည်းခြင်းသရုပ်ကို ပြကြဦးမည်လား။ ထိုသုံးနှစ်တာ အတောအတွင်း နိုင်ငံတကာမှရရှိသော အလှူငွေ သန်းပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဘယ်မျှသော အတိုင်းအတာအထိ အောင်မြင်ခဲ့သည်ကို ဆန်းစစ်ရသော် တာပေါ်လင်စ ပြာပြာလွင်လွင်ဖြင့် ဆီးကြိုနေမည့် တဲအိမ်ငယ်များ၊ မြစ်ကမ်းဝဲယာတလျှောက်မှ ရေပေါ်တွိုင်းလက်များ၊ အကြွေးလည်ပင်း ခိုက်နေသော လယ်သမား၊ ငါးဖမ်းသမားနှင့် ဘောက်သမားများ၏ ဘဝအဖုံဖုံနှင့် မြင်ကွင်းစုံတို့သည် အလှူရှင်ထံသို့ အလိုကျ အသုံးတော်ခံမည့် အစီရင်ခံစာများနှင့် တမူကွဲပြား နေပါ လိမ့်မည်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသော ရပ်ရွာလူထုမှာ အဆိုးချည်းမဟုတ်ဘဲ အဆိုးထဲမှ ဖြေသိမ့်စရာ အပြုသဘောဆောင်သော တိုးတက်မှုပြယုဂ်များ ပေါ်ပေါက်လာရန် မျှော်လင့်စရာ ရှိပါသည်။ သို့သော် အလှူငွေကို သွားရည်တမြားမြားဖြင့် အသာငမ်းငမ်းဖြစ်နေကြသော အုပ်ချုပ်သူများနှင့် ငတက်ပြားအကြီးစား အဲန်ဂျီအိုများ၏ ကောင်းမှုကြောင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်တို့၏ ဒါနမှန်သမျှသည် အိတ်ပေါက်နှင့် ဖားကောက်ရသည့်နှယ် ရေစက်ပင် မချလိုက်ရဘဲ ပျောက်စေတန်ခိုးဖြင့် အငွေ့ပျံခဲ့ရလေသည်။

ဤအခြေအနေမှာပင် ဆင့်ပါးစပ် နှမ်းပက် ထောက်ပံ့မှုကို ရရှိထားသူများအား အလှူရှင်ထံ၌ မျက်နှာပန်းလှလိုမှု တခုတည်းအတွက် ဇွတ်အတင်းသာဓုခေါ်ခိုင်းနေသည်မှာ မခက်ပါလော။ “တိုးတက်လာပါသည်၊ ကောင်းမွန်လာပါ သည်၊ စီမံကိန်းများ အောင်မြင်လာပါသည်၊ သို့သော် လိုအပ်မှုများကား ရှိနေဆဲ၊ အလှူငွေများထပ်မံ လိုအပ်ဆဲဖြစ် သည်” ဟူ၍ အစည်းအဝေးများ၊ အစီရင်ခံစာများ၊ အဆိုပြုလွှာများတွင် အပ်ကြောင်းထပ်အောင် ပြောကြ၊ ဆိုကြ၊ ရေးကြသည်မှာလည်း မရိုးနိုင်သေး သော ဇာတ်ကွက်များ ဖြစ်နေသေးသည်။ ၎င်းတို့၏ စိမ့်ပေါက်၊ ယိုပေါက်နှင့် မဟာဗျူဟာနည်းကျ လုပ်ငန်းစဉ်ဟု ခပ်မြင့်မြင့် သညာပြုထားသော စီမံကိန်းအကောင်အထည်ဖော်မှု ခြေလှမ်း အမှားများကို ဂဃဏန မဆန်းစစ်ဘဲ ဇွတ်အတင်း ခရီးနှင်လျှင် အဆိုပါ လူမှုကူညီရေးအဖွဲ့အစည်းတို့မှာ နောင်တချိန်တွင် လှုပ်လေမြုပ်လေ အနေအထားသို့ ရောက်ရှိတော့မည်။ မျက်မှောက် အနေအထား အရတောင်မှ အဲန်ဂျီအိုက လူထုကို ကူညီကယ်မနေသည့် အသွင်မဟုတ်ဘဲ လူထုကသာ အဲန်ဂျီအိုများ ရှင်သန်ရေးအတွက် ပံ့ပိုးကျားကန်ပေးနေရသည့် ပုံစံဖြစ်နေသည်ကို သတိပြုနိုင်ပါသည်။

နာဂစ်၏ ကျေးဇူးဖြင့် ခါတော်မီ ပေါ်ပေါက်လာသော Local NGO ခေါ် ပြည်တွင်း လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ကြည့်ပြီး ဗမာပြည်၌ လူမှုရေးအဖွဲ့အစည်းများ တိုးပွားလာသည်၊ ၎င်းတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာသည်ဟု အလောတကြီး ကောက်ချက်မချသင့်ပါ။ ရပ်ရွာအခြေပြုအဖွဲ့လေးများ အရေအတွက်အားဖြင့်သာ များပြားလာပြီး ၎င်းအဖွဲ့များ ရေရှည်ခိုင်မာတိုးတက်ရန်မှာ ခရီးဝေးဆဲဖြစ်၏။ ဥပမာ ဆိုရလျှင် နာဂစ်မုန်တိုင်းဒဏ်ခံ ရွာများသို့ လူမှုကူညီရေးအဖွဲ့အစည်း အသီးသီး လာ၍ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာ၏ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ထည့်သွင်းစဉ်းစားပြီး ကျေးရွာ အကျိုး သယ်ပိုးနိုင်မည့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ရွာလူထု သဘောကျ ရွေးထားသော ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းဆောင်ရွက်လေ့ ရှိကြသည်။ လယ်သမားကော်မတီ၊ ရေလုပ်သားများ ကော်မတီ၊ အမျိုးသမီး ဝင်ငွေတိုးအဖွဲ့၊ သန့်လေးသန့် ကော်မတီ၊ မြေယာမဲ့ ဘောက်သမားများ ကော်မတီ၊ ကျန်းမာရေးကော်တီ စသဖြင့် ကော်မတီပေါင်းများစွာ ဖွဲ့စည်းခဲ့ကြလေသည်။ ခက်သည်က ရွာတရွာတွင် အဖွဲ့အစည်းတခုတည်း လာရောက် လုပ် ကိုင်ခြင်းမဟုတ်။ အဖွဲ့အစည်းအမျိုးမျိုးက တရွာထဲမှာပင် စီမံကိန်းများကို အပြိုင်အဆိုင် အကောင်အထည်ဖော် နေကြသည်မို့ သူ့အဖွဲ့ကလည်း သူ့မူနှင့် ကျေးရွာကော်မတီဖွဲ့၊ ကိုယ့်အဖွဲ့ကလည်း ကိုယ့်မူနှင့် ကော်မတီတွေ ထပ်ဖွဲ့။ တရွာထဲမှာပင် ကော်မတီတွေ ပွထနေပြီး ရပ်ရွာအကျိုးအတွက် မျှော်ကိုး၍ ဖွဲ့စည်းထားသော ကျေးရွာအဖွဲ့ ကလေးများခမျာ အဆိုပါ အဲန်ဂျီအိုများ တယောက်တမျိုး ကြိုးဆွဲရာသို့သာ ဇာတ်ဆရာအလိုကျ အသုံးတော်ခံ ရတော့သည်။

ဤသို့ဆိုလျှင် အဖွဲ့အစည်းမျိုးစုံက အပြိုင်အဆိုင်လုပ်ကြ၍ ပံ့ပိုးမှုများ ပိုလျှံနေပြီလားဟု တွေးစရာ ရှိသည်။ ထိုသို့လည်း မဟုတ်ပြန်။ အဲန်ဂျီအိုတို့မည်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို ထုနှင့် ထည်နှင့် ပြနိုင်ရန်သာ စိတ်အားထက်သန်ကြသည်။ ဆိုရလျှင် ကျေးရွာလူထု အသက်မွေးဝမ်းကျောင်း ပြန်လည် ထူထောင်ရန် ငွေပေးရခြင်းထက် ရွာတွင် တံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ရေကန်တူးပေးခြင်းကို ပိုလုပ်ဆောင်လိုကြသည်။ သည်နည်းဖြင့် အဖွဲ့အစည်း အမှတ်တံဆိပ်ကပ်ကာ အလှူရှင်ကို ၎င်းတို့ မည်မျှ ဆောင်ရွက်ခဲ့သည်ကို သက်သေထူနိုင်ပေတော့မည်။ ကျေးရွာလူထု အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင် နိုင်ရန် ထောက်ပံ့ငွေမှာ ငါးသောင်းမှ သည် အများဆုံး တသိန်းခန့်သာ ရှိ၍ အကျိုးခံစားရသူအတွက် အကြွေးဆပ်ရုံ သာ တတ်နိုင်တော့ သည်။ အခြားလုပ်ငန်း ထူထောင်ရန်လည်း သည်ငွေနှင့် မလောက်င။ အဖွဲ့အစည်းအနေ ဖြင့်လည်း သည့်ထက်ပိုပြီး မပေးနိုင်။ တရွာလုံး အဆင်းရဲဆုံးသူကိုသာ ထောက်ပံ့မည်ဟု ဇကာစစ်ချလိုက်လျှင် တောင် ရွာလူထု ၉ဝ ရာခိုင်နှုန်းမှာ မပေးမဖြစ် ထောက်ပံ့ရမည့် အနွမ်းပါးဆုံး အုပ်စုဖြစ်၍ နေတော့ သည်။ ထို့ကြောင့်ပင်လျှင် Infrastructure ခေါ် အဆောက်အအုံ တည်ဆောက်ရေးကိုသာ အသီးသီး အာရုံစိုက်ကြ၍ ရွာထဲက ရေကန်တကန်ထဲကိုပင် အဖွဲ့အစည်းသုံးခုက အပြိုင်အဆိုင် ခြံစည်းရိုး သုံးထပ်ခတ်ပြီး ဆိုင်းဘုတ် အသီးသီးတပ်ကာ ပဏာယူထားကြသည့် အဖြစ်မျိုး နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော ရွာအချို့တွင် တွေ့နိုင်ပါသည်။ လုပ်တာက နည်းနည်း ကြွားချင်တာက များ၍နေ တော့သည်။

ထို့ပြင်တဝ ဂျဲန်ဒါ (ကျား၊ မ လူမှုကဏ္ဍ) ညီမျှရေးနှင့် အမျိုးသမီးများအတွက် ဦးစားပေးဆောင်ရွက်ရေး ဆိုသည့် ကိစ္စမှာ နာဂစ်နောက်ပိုင်း အဲန်ဂျီအိုတို့၏ ပရောဂျက်တော်တော်များများတွင် အတော် ရေပန်း စားလျက်ရှိသည်။ ဤအကြောင်းအရာမှာ အလှူရှင်တို့၏ သည်းခြေကြိုက်ဖြစ်၍ အဖွဲ့အစည်း တော်တော်များများကလည်း ကျေးရွာ ကော်မတီတွင် အမျိုးသမီး ဦးရေ မည်မျှပါမည်၊ အကျိုးခံစားခွင့် ရှိသူများတွင် အမျိုးသမီး မည်မျှ ပါဝင်သည် စသဖြင့် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြကြလေသည်။ အကျိုးဆက်အားဖြင့် ယင်းတို့ဆိုသလို အမျိုးသမီးများကား ကျေးရွာကော်မတီတို့တွင် အရေအတွက် အားဖြင့်တော့ ပါဝင်လာပါ၏။ သို့သော် ဤသည်မှာ ကိန်းဂဏန်းတခုကို ကိုယ်စားပြုသော ဟန်ပြမျှ သာဖြစ်၍ အမျိုးသမီးတို့၏ ပြောရေးဆိုခွင့်၊ ဆုံးဖြတ်ချက်ချနိုင်ခွင့် မည်မျှတိုးတက်လာ သည်ကိုတော့ တိုင်းတာခြင်းမပြုကြပါ။

ဆိုရသော် အဖွဲ့အစည်း အသီးသီးတို့မှာ ရန်ပုံငွေရရှိရေးအတွက်သာ ရှေးရှုလုပ်ဆောင်နေသည်ကို တွေ့ရမည်။ ကျေးရွာလူထုကိုယ်တိုင် တင်ပြလာသော ၎င်းတို့၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး သည့် ဖွံ့ဖြိုးရေးလုပ်ငန်းမျိုး မဟုတ်ပါချေ။ ကယ်တင်ရှင် လူမှုရေး အဖွဲ့အစည်းတို့၏ မူဝါဒနှင့်အညီ၊ သို့မဟုတ် အလှူရှင်၏ တောင်းဆိုချက်နှင့် အညီ သတ်မှတ်ထား သော ပုံစံခွက်ထဲသို့ မဝင်ဝင်အောင် အတင်းဖန်တီးနေကြ ခြင်းသာ ဖြစ်သည်။

အနီးစပ်ဆုံး အကြောင်းအရာကို ပမာပြကာ ဆန်းစစ်ရပါလျှင် နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြသော ပရောဂျက်များကြောင့် ရပ်ရွာလူထု၏ ခံနိုင် ရည်စွမ်းအား (Community Resilience) မည်မျှ တိုးတက်ခဲ့သနည်း။ သေချာ သည်မှာ ယခုနေ နောက်တကြိမ် မုန်တိုင်းတိုက်လျှင်လည်း ရှေးကကဲ့သို့ အသက်အိုးအိမ် ဆုံးရှုံးကြရ လိမ့်ဦးမည်။ သို့သော် ဘယ်သူသေသေ၊ ငတေကား မာနေဆဲဖြစ်၍ အဆိုပါ ကယ်တင်ရှင် အဖွဲ့အစည်းများသည် ယခုအခါ နာဂစ် စီမံကိန်းများနှင့် ပတ်သက် လျှင် ပွဲပြီး မီးသေနေပြီး နာဂစ်မှ သည် ဂီရိ၊ ဂီရိမှသည် တာလေ ဂါထာကို ပြောင်းလဲ ရွတ်ဆိုကုန်ကြလေပြီ။

ဗမာပြည်တွင် အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ရထားသည့်  ၂၈ဝ ကျော်မျှသော ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်း လူမှုကူညီရေးအဖွဲ့အစည်းတို့ ဆင်းရဲမွဲတေမှု လုပ်ငန်းဆောင်ရွက်လာ သည်မှာ ဆယ်စုနှစ် နှစ်ခါလည် ရှိခဲ့ပါပြီ။ ငါးနှစ်အောက် ကလေးအသေအပျောက်နှုန်း မြင့်မားဆဲ၊ ကျောင်းထွက်သည့် ကလေးဦးရေ များပြားဆဲ၊ အိပ်ခ်ျအိုင်ဗီရောဂါ ကူးဆက်ခံရမှု တိုးတက်ဆဲ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ထိပ်တန်းရောက်ဆဲ။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ ထုတ်ပြန်သော ၂ဝ၁ဝ  Human Development Report အရ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ် အဆင့် ၁၃၂ တွင် ရှိနေဆဲဖြစ်သည်။ အဖွဲ့အစည်းတော်တော်များများကမူ ၎င်းတို့၏ စီမံကိန်းများ စိတ်သွားတိုင်း ကိုယ်ပါသလောက် အကောင်အထည် မဖော်နိုင်သည်မှာ အိမ်နီးချင်း နိုင်ငံများဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားတို့နှင့် နှိုင်းယှဉ်သော် ပံ့ပိုးမှုပမာဏ နည်းလွန်းသောကြောင့်ဟု ဆိုကြသည်။ လက်ရှိအစိုးရအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကိုပါ ဆွဲထည့် ပြောကြသေးသည်။ ရရှိသော အလှူငွေများကို မည်မျှ အတိုင်းအတာအထိ ထိရောက်အောင် အသုံးချခဲ့သည်၊ မည်သည့်အရာတွေ မှားယွင်း ချွတ်ချော်နေသည်ကိုမူ ဆန်းစစ်ကြည့်ရန် မေ့လျော့နေကြလေသည်။ ၎င်းတို့ မကြာခဏ ကြွေးကြော်နေသော တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု (Accountability) နှင့် ပွင့်လင်းထင်သာမြင်သာရှိမှု (Transparency) ဆိုသည်မှာ လူကြားကောင်းရုံ စကား သက်သက်လေလားဟု မေးရတော့မည်။

ထိုသို့ မှန်းချက်နှင့် နှမ်းထွက် မကိုက်သည်က လူမှုရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေရခြင်း၊ ထိုအဖွဲ့အစည်းများကို အစိုးရက တင်းတင်းကြပ်ကြပ် စောင့်ကြည့်ကာ ဖိနှိပ်နေခြင်းကြောင့်ဟု ဆိုက ဆိုနိုင်ပြန် သေးသည်။ သည်တော့ စီမံကိန်းများ အကောင်အထည် ဖော်ရာ၌ အဆင်ပြေချောမွေ့စေရန် အစိုးရ၏ ကိုင်းပွား အဖွဲ့လေးများဖြင့် ပူးပေါင်းဆောင်ရွက်ရ မည်ဟူ၍ ဆိုကြပြန်သည်။ ဤလမ်းကြောင်းသည် အစိုးရနှင့် လက်တွဲ အလုပ်လုပ်ခြင်း (with government) သာ ဖြစ်ပြီး အစိုးရအတွက် ဆောင်ရွက်ပေးခြင်း (for government) မဟုတ်ကြောင်း ရှင်းပြပြောဆိုကြပြန်သည်။ သို့သော် ယနေ့အချိန်အထိ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော မည်သည့်ကိစ္စ တွင်မဆို အစိုးရဘက်မှ သဘောထားတင်းမာနေပါက အတိုက်အခံပြု၍  မည်သည့်အဖွဲ့အစည်းကမှ စွန့်စွန့်စားစား ရှေ့နေမလိုက်ပေးပါချေ။ ၎င်းတို့၏ ရှေ့နေလိုက်ဆောင်ရွက်ပေးခြင်း Advocacy သည် မည်သို့သော Advocacy ဖြစ်သနည်း။ အန္တရာယ်ကို စိုးရိမ်ခြင်းဆိုသည်မှာ အဖွဲ့အစည်း ရေရှည် မတည်တံ့မှာကို စိုးရိမ်ခြင်းလား၊ ကျေးရွာလူထုအတွက် စိုးရိမ်ခြင်းလား။ စိုးရိမ်ရပါသည်၊ စိုးရိမ်မိပါ သည်။ စိုးရိမ်စရာကောင်းနေပါဦးမည်နှင့် ဘာကို စိုးရိမ်မှန်းမသိ၊ စိုးတော့ စိုးရိမ်နေကြသည်။ မိမိ စားပေါက်ပိတ်မှာကို စိုးရိမ်နေရခြင်းအား “လူထု” အတွက်ဟူ၍ ခေါင်းစဉ်လှလှ သုံးကာ ရေအစုန်၌ ကိုယ်ဖော့မျှောနေကြခြင်း ဖြစ်လေသည်။

အဲန်ဂျီအို ဝန်ထမ်းဆိုလျှင် လစာကောင်းသည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုအဝန်းအဝိုင်းသို့ တိုးဝင် လာကြသူသာ များပြီး စေတနာအရင်းခံဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မည့်သူမှာမူ နည်းလေ သည်။ ပိုပြီး ဆိုးဝါးသည်မှာ အဲန်ဂျီအို ဝန်ထမ်းဟု ဆိုလိုက်သည်နှင့် မိမိကိုယ်မိမိ အခွင့်ထူးခံ လူတန်းစားများ၊ တဖန် အထက်တန်းလွှာများဟု စိတ်ကြီးဝင်သွားကြသည်မှာ ခက်သည်။ ထို့ကြောင့် ပင်လျှင် လက်တဆုပ်စာမျှသော မျက်နှာဖြူများ၏ အုပ်ချုပ်မှု အောက်၌ လူသားချင်းစာနာကူညီမှု ခေါင်းစဉ်တပ်လျက် အဲန်ဂျီအို စီးပွားရေး တခေတ်ဆန်းနေသည်ကို သိသိလျက် ပင် မိမိ ထိုင်ခုံပြုတ်မည်စိုး၍ ကိုယ့်လူမျိုးအရေး ဖြစ်နေတာတောင်မှ မျက်နှာလွှဲ နှုတ်ဆိတ် နေနိုင်ရက်ကြ သည်မှာ အသည်းနာစရာ ကောင်းလှပါသည်။

စေတနာရှေ့ထားကာ အမှန်တကယ် ဆောင်ရွက်ပေးနေသော ဝန်ထမ်းများလည်းရှိကြပါသည်။ အထူးသဖြင့် လူထု နှင့် နီးနီးကပ်ကပ် လုပ်ကိုင်နေကြသော အောက်ခြေဝန်ထမ်းလေးများမှာ အပြောမဟုတ်၊ လက်တွေ့ဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ပေးနေကြသူများ ဖြစ်သည်။ တိုင်းရင်းသား လူမှု ရေးအဖွဲ့အစည်းများလည်း ထိုနည်း လည်းကောင်း ပင်။ ၎င်းတို့သည် ရုံးချုပ်တွင် လေအေးပေးစက် တပ်ဆင်ထားသော အခန်းအတွင်း၌ ထိုင်ကာ ဒေါ်လာဖြင့် ယပ်ခတ် နေသော ဝန်ထမ်းများကဲ့သို့ မဟုတ်ဘဲ မစို့မပို့ လစာငွေလေးဖြင့် တောထဲတွင် အနေဆင်းရဲ၊ အစားဆင်းရဲ ခံကာ လူထုအကျိုး သယ်ပိုးနေရသူများဖြစ်ပါသည်။ ထိုဝန်ထမ်းလေးများသည် ရန်ကုန်ဟိုတယ်ကြီးများ၌ အလုပ်ရုံ ဆွေးနွေးပွဲများ ကြီးကြီးကျယ်ကျယ် ကျင်းပပြီး သဘောတရားရေးရာများ ဖောင်းပွအောင်ပြောနေကြသည့် နိုင်ငံတကာအတွေ့အကြုံ ရင့်ကျက်သူများထက် ဖွံ့ဖြိုးရေးအကြောင်းအရာများကို လက်တွေ့ကျကျ ပိုရှင်းပြနိုင် ပါသည်။

နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့အစည်းများမှာမူ ခေါင်းစဉ်အမျိုးမျိုးဖြင့် တနေကုန် တနေခမ်း အစည်းအဝေး ကျင်းပလိုက်၊ လုပ်ငန်းဆောင်ရွက်ရေး ပူးပေါင်းမှုအဖွဲ့ (working group) အမျိုးမျိုးဖွဲ့ လိုက်၊ အပြန်အလှန် ဆွေးနွေး ရင်း အငြင်းပွားလိုက်၊ ဖန်တရာတေအောင် လုပ်ငန်းအစီအစဉ် (work plan) ရေးဆွဲလိုက်၊ အဖွဲ့အစည်းအတွင်း အလုပ်မဖြစ်သည့် ပေါ်လစီအမျိုးမျိုး ထုတ်လိုက်၊ ဗျူရိုကရေစီ ယန္တရားတို့၏ ထုံးစံအတိုင်း အသေးအမွှား ကိစ္စကိုပင် လျှင် အထက်အောက် အလီလီ လွန်းထိုးကာ ဆုံးဖြတ်ချက် ရယူလိုက်၊ အထိမ်းအမှတ်နေ့များ၌ ကြွေးကြော်သံမျိုးစုံ အော်လိုက်ကြဖြင့် ကိစ္စပြီး၍ နေကြလေသည်။

သို့ဆိုလျှင် တွန်းကား တွန်း၏ မရွေ့ဟု ပြောနေကြခြင်းမှာ သဘာဝကျပါ၏လော။ ကြာလျှင် ပျိုတိုင်းကြိုက်သော အဲန်ဂျီအိုလောကတွင် ကိုယ်ကျိုးရှာ ငို့ဘသမားများသာ တိုးလာဖွယ်ရှိပြီး လူထုအတွက် ပြောင်းလဲတိုးတက်ခြင်းကား အလှမ်းဝေးဆဲဖြစ်ပါသည်။

သော်တာသစ်

မဇ္ဈိမ - အိုဘယ့် ကယ်တင်ရှင်


1‏/4‏/2011

အပ်၂ချောင်း မထိကြရလေအောင်..

(မြန်မာကျူးပစ်ဂျာနယ် အမှတ် ၆ တွင် ဖေါ်ပြခဲ့ ပြီးသော ဆောင်ပါးဖြစ်ပါသည်။)

ကျနော်တို့ ငယ်ငယ်တုန်းက ကလေးဘာဝ ကြံကြံဖန်ဖန် ကစားတဲ့နည်းတစ်ခု ရှိပါတယ်။ မြေကြီးပေါ်မှာရှိတဲ့ နို့ဆီခွက်ထဲကို ပါးစပ်ထဲက ဇီးစေ့နဲ့ အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေလှမ်းထွေးတာပါပဲ။ တကြိမ်တလေလောက် ကံစွပ်ပြီး (ကြက်ကန်းတိုးပြီး) ၀င်သွားတာကလွဲရင် ဇီးစေ့တစေ့ နို့ဆီခွက်ထဲ ၀င်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကလေးဘ၀တုန်းတော့ အဲသလို ကျနော်ထင်ခဲ့မိပါတယ်။

ဒီလိုနဲ့ပဲ အသက်ကတဖြည်းဖြည်းကြီးလာတော့ စာတိုပေစတွေ ဖတ်ဖြစ်ရင်းက ဗြဟ္မာ့ပြည်က အပ်တစ်စင်း နဲ့ လူ့ပြည်က အပ်တစင်း အကြောင်းကိုသိလာပါရော။ သြော် လူ့ဘ၀.. ဒုလ’ဘ ရခဲလှစွာ၏။ အဲသလို မှတ်သားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါပေမယ့် ပေါ့ဗျာ..။ ဟိုးအရင်အပ်ရှားတဲ့ ခေတ်တုန်းကတော့ ဟုတ်တာပေါ့ဗျာ။ ပန်းပဲဆရာက သံတုံးကို အချိန်ယူ မီးမြိုက် ထုထောင်း သွေးယူ မှ အပ်တစ်ချောင်းဖြစ်တာကိုး။ အခုခေတ်ကတော့ အပ် တွေပေါလိုက်သမှ တစ်ရာဖိုး ၅ချောင်း ၁၀ချောင်းလောက် ရပါတယ်။ ဒီတော့လည်း ဗြဟ္မာပြည်က အဆုပ်လိုက် အဆုပ်လိုက် ကျကျလာတဲ့ အပ်တွေနဲ့ လူ့ပြည်က မြေကြီးပေါ် သုံးလေးထပ်လောက် အပြည့်ခင်းထားတဲ့ အပ်တွေနဲ့ နေ့နေ့ညည တဖြုတ်ဖြုတ် ထိကုန်ကြတာ မဆန်းပေဘူးပေါ့။

ဒီလို အပ်မိုးတွေ ရွာနေတဲ့အချိန်မှာ အပ်စူးချင်သလောက် စူးပါစေ မွေးပြစ်လိုက်မယ် ဆိုပြီး တစ်ဗိုက်ပြီး တစ်ဗိုက် တဖြွတ်ဖြွတ်မွေးတဲ့ ရှင်မွေးလွန်းတွေ ရှိသလို တဖက်မှာလည်း စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အကြောင်းတစ်ခုခုကြောင့် သားသမီး မယူလိုသူတွေလည်း ရှိပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ပရိသတ်ရဲ့တောင်းဆိုမှုအရ ပေါ်လာတာကတော့ ပဋိသန္ဓေတားခြင်း ပဲဖြစ်ပါတယ်။

ပဋိသန္ဓေတားခြင်း အကြောင်းကတော့ တစ်ချို့လူတွေအတွက်ဆို ဖတ်ဖူး ကြားဖူးဖန်များလွန်းလို့ ညီးငွေ့စရာ ဓါတ်ပြားဟောင်းသာသာ ဖြစ်နေလောက်ပါပြီ။ သို့သော်လည်းပဲ မသိသေးသူတွေလည်း သိပါစေ၊ သိပြီးသူတွေလည်း ပိုပိုသိလာစေရန် ရည်ရွယ်ပြီး ဓါတ်ပြားဟောင်းကိုပဲ ဖုန်သုတ် စတစ်ကာအသစ်ကပ်ပြီး လျှော့ဈေးနှင့် ရောင်းပေးလိုက်ပါတော့မယ် ဖတ်ရှုအားပေးကြပါကုန်..

ပြောရင် ယုံချင်မှ ယုံကြလိမ့်မယ်။ ရှေးရှေးကလူတွေဟာ လိင်ဆက်ဆံခြင်းနဲ့ ကိုယ်ဝန်ရခြင်း ဆက်စပ်နေတယ်ဆိုတာ မသိကြဘူးတဲ့။ ဒါကြောင့်လည်း ကလေးလိုချင်ရင် ဘာမှမဆိုင်တဲ့ ရွာထိပ်ညောင်ပင်က ရုက္ခစိုးကို သွားသွားအပူကပ်ကြတာလေ။ ထားပါတော့လေ.. နောက်ဆုံးကြတော့ အမည်မသိရှေးပညာရှိတစ်ယောက်က လိင်ဆက်ဆံခြင်းနဲ့ ကိုယ်ဝန်ရခြင်း ဆက်စပ်မှုရှိကြောင်းကို မတော်တဆ ရှာဖွေတွေ့ရှိသွားပါတယ်။ သူ့ခေတ် သူ့အခါအရဆို ဆေးပညာနိုဗယ်ဆုတောင် ချီးမြှင့်သင့်ပါတယ်။ ဒါတောင် သူ့ခမျာ ယောက်ျားတွေရဲ့ သုက်ရည်ဟာ ကိုယ်ဝန်ဖြစ်စေဖို့ အရေးပါတယ်ဆိုတာ မသိသွားပါဘူး။ အဲသလိုနဲ့ ရမ်းသမ်းမှန်းသမ်း ဆင်ကန်းတောတိုးလာခဲ့ကြတာ ၁၇ရာစုနှောင်းပိုင်း အဏုကြည့်မှန်ဘီလူး ပေါ်တော့မှပဲ သုက်ရည်မှာ ပါတဲ့ သုက်ကောင်လေးတွေကို တွေ့ရှိပါတော့တယ်။

ကိုယ်ဝန်ရှိလာခြင်းဟာ သုက်ရည်မှာပါတဲ့ သုက်ကောင်တွေ အမျိုးသမီးရဲ့ သားအိမ်ထဲ ရောက်သွားလို့ ဆိုတဲ့ အကြောင်းသိလာပြီးတဲ့ နောက်ပိုင်းမှာတော့ သားအိမ်ထဲ သန္ဓေအောင်စေတဲ့ သုက်ပိုး မ၀င်စေအောင် နည်းမျိုးစုံ ရှာကြံခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းကတော့ လူကြိုက်အများဆုံးနည်းက Coitus Interrupts လို့ခေါ်တဲ့ သုက်ကို မိန်းမကိုယ်ပြင်ပမှာလွှတ် တဲ့နည်းပါပဲ။ တကယ်ကိုပဲ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လိုက်နာနိုင် မယ်ဆိုရင်တော့ တော်တော်လေးကို စိတ်ချရတဲ့နည်းပါ။ ဒါပေမယ့် စိတ်မနိုင်တဲ့ ယောက်ျားတွေ အတွက်တော့ ဒီနည်းဟာ အလုပ်မဖြစ်လှပါဘူး။ သန္ဓေမျိုးစေ့ပါတဲ့ သုက်ရည်ကို အခုလို အလဟဿ ဖြုံးတီးခြင်းဟာ ရဟူဒီလူမျိုးတွေအတွက် ငရဲကြီးစေတယ်လို့ဆိုပါတယ်။ နည်းအမျိုးမျိုးနဲ့ ဖြုန်းတီးလိုက်တဲ့ ကိုယ့်ရဲ့သုက်ရည်တွေဟာ ဒယ်အိုးကြီးတစ်ခုထဲ သွားစုနေပြီး သေလွန်သွားတဲ့အခါမှာ အဲဒီဒယ်အိုးထဲမှာ ကိုယ်တိုင် အကြော်ခံရတယ်ဆိုလားပဲ။

နောက်တစ်နည်းကတော့ အရင်ခေတ်က သိပ်ခေတ်မစားခဲ့ပေမယ့် မျက်မှောက်ခေတ်မှာ အလွန်အသုံးများတဲ့ Condom ခေါ် French Letter (FL) ခေါ် လိင်တံအစွပ် ပဲဖြစ်ပါတယ်။ ကနဦးမှာတော့ သိုး၊ ဆိတ်၊ ၀က် စတဲ့ တိရိစ္ဆာန်အူ နဲ့ ပြုလုပ်ကြပါတယ်။ တီထွင်သူဟာ ၀က်အူချောင်းစားရင်း အကြံရသွားတာ အများကြီးဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တားခြင်းထက်စာရင် ကာလသားရောဂါ ကာကွယ်ဖို့အတွက် ပိုအသုံးပြုခဲ့ကြပါတယ်။ အစွမ်းထက် ပဋိဇီဝဆေးများ မပေါ်သေးတဲ့ခေတ်မှာ ကာလသားရောဂါဟာ တကယ့်ကို ကြောက်စရာပါ။ အခုခေတ်မှာတော့ အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လိင်တံအစွပ်တွေကို လွယ်လွယ်ကူကူ ၀ယ်လို့ရနေပါပြီ။ ကြုံတုန်းပြောရရင် condom ၀ယ်တာဟာ ရှက်စရာမဟုတ်ပါဘူး (ကျန်းမာရေး အမြင်ရှိကြောင်း သိသာပါတယ်)၊ ဆေးလိပ်ဝယ်တာပို ရှက်ဖို့ကောင်းပါတယ် (ကျန်းမာရေး ထိခိုက်စေတယ်လေ)။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး အိပ်ထဲမှာ condom တွေ့တာနဲ့ စီးကရက်တွေ့တာ ဘယ်ဟာကို ဆုံးမ ရမလဲဆိုတာ သိသင့်ပါတယ်။ condom ကို နည်းစနစ်မှန်မှန်နဲ့ သုံးမယ်ဆိုရင်တော့ ကိုယ်ဝန်တားခြင်းအတွက် ၉၈% စိတ်ချရပါတယ်တဲ့။

Female Condom ခေါ် Diaphragm လို့ခေါ်တဲ့ အမျိုးသမီး သားအိမ်ခေါင်းစွပ် ဆိုတာလည်းရှိပါတယ်။ မြန်မာပြည်မှာတော့ သုံးတာ သိပ်မတွေ့ဖူးပါဘူး။ မိန်းမအင်္ဂါအတွင်းက သားအိမ်ခေါင်းကို သုက်ပိုးများမ၀င်နိုင်အောင် အကာအကွယ်ပေးပါတယ်။ သုံးနေကြမဟုတ်တဲ့သူဆိုရင် ထည့် တဲ့အခါမှာ နည်းပညာပိုင်း အခက်အခဲတွေ့နိုင်ပါတယ်။ စိတ်ချရမှုဟာလည်း အမျိုးသားလိင်တံအစွပ်လောက် မကောင်းပါဘူး။

ရှောင်လင်သိုင်းကျင့်ခြင်း လို့ခေါ်တဲ့ ပြက္ခဒိန်နည်း(လင်ရှောင်ခြင်း ဟာလည်း ကိုယ်ဝန်တားခြင်း တစ်မျိုးပါပဲ။ ရာသီပန်း စပေါ်တဲ့နေရဲ့ ဟိုဖက် ဒီဖက် ၇ရက်ကို စိတ်ချရတယ်လို့ ပြောပါတယ်။ ဥပမာ ၂၈ရက်တကြိမ် သွေးပေါ်နေကျ အမျိုးသမီးတစ်ယောက်ဟာ ဖေဖေါ်ဝါရီလ ၈ရက်နေ့မှာ ရာသီစလာတယ်ဆိုပါတော့ (ရာသီ စ ပေါ် တဲ့နေ့ကိုပဲ ကြည့်တာပါ) အဲဒီအမျိုးသမီးအတွက် (ကိုယ်ဝန်မရအောင်) စိတ်ချရတဲ့ ကာလဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၁၄ရက်နေ့ဖြစ်ပါတယ်။ နောက်တမျိုးလှည့်ပြောရရင် ဖေဖေါ်ဝါရီ ၁၅ရက်နေ့ကနေ မတ်လ ၁ရက်နေ့အတွင်း ဆက်ဆံမိရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

နောက်တမျိုးထပ်ရှင်းပါဦးမယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေဟာ တစ်လတစ်ကြိမ် သွေးပေါ်ပါတယ် (တချို့ကလည်း ၂၈ရက်တကြိမ်၊ တချို့ကလည်း ၂၉ရက် တကြိမ်၊ တချို့ကလည်း ရက်၃၀ တကြိမ်.. ကွဲပြားကြပါတယ်။) သွေးပေါ်ခြင်းဟာ မျိုးဥကြွေခြင်းရဲ့ နောက်ဆက်တွဲပါပဲ။ မျိုးဥကြွေပြီး ၁၄ရက်တိတိ အကြာမှာ သွေးပေါ်တာပါ။ ဒီတော့ အပေါ်က ဥပမာကို ပြန်ပေးရရင် ဖေဖေါ်ဝါရီ ၈ရက်နေ့မှာ သွေးပေါ်တဲ့အမျိုးသမီးဟာ ဇန်န၀ါရီလ ၂၄ရက်တုန်းက မျိုးဥကြွေခဲ့တာပါ။ (သူမဟာ ၂၈ရက်တကြိမ် သွေးပေါ်တဲ့သူဖြစ်တဲ့အတွက်) နောက်တကြိမ် မျိုးဥကြွေမှာက ဖေဖေါ်ဝါရီ ၂၂ရက်မှာပါ။ အဲဒီတော့ မျိုးဥမကြွေခင် ဟိုဖက် ဒီဖက် ၇ရက် ဟာစိတ်မချရပါဘူး (ဖေဖေါ်ဝါရီ ၁၅ ကနေ မတ်လ ၁ရက် အထိ ဖြစ်ပါတယ်)။ ပြက္ခဒိန်လေးနဲ့ ချကြည့်မှ ကျနော်ပြောတာ ရှင်းမှာဖြစ်ပါတယ်။

အခုပြောပြီးခဲ့တာတွေကတော့ လူကိုဘေးဥပဒ် အနည်းဆုံးသော နည်းတွေပါပဲ။ ဆေးထိုး ဆေးသောက်ရန်မလို၊ ခန္ဓာကိုယ်ထဲ ဘာမှ ထည့်ထားစရာမလိုတဲ့ သန္ဓေတားနည်းတွေပေါ့။ ဆက်ပြီးပြောမယ့်နည်းတွေကတော့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တနည်းမဟုတ်တနည်း ကိုယ်ဝန်မရှိသွားအောင် ပြောင်းလဲပေးတဲ့နည်းတွေပါ။

ကျနော် အထက်မှာ ရှင်းပြခဲ့တဲ့ ရာသီလာခြင်း၊ မျိုးဥကြွေခြင်း စတဲ့ဖြစ်စဉ်တွေကို ၂၀ရာစု အဦးပိုင်းအထိ ဘယ်သူမှ ရေရေရာရာ မသိခဲ့ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေ ရာသီပန်းပွင့်စေရာမှာ အရေးကြီးတဲ့ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း မဟော်မုန်း ၂မျိုးရဲ့ အခန်းကဏ္ဌကို တိတိကျကျ မပြောနိုင်ကြပါဘူး။ ၁၉၅၀ခုနှစ်လောက်ကျမှပဲ မဟော်မုန်းတွေနဲ့ ရာသီလာခြင်း ကိုယ်ဝန်ရှိခြင်း ကို မှန်မှန်ကန်ကန် ဆက်စပ်မိသွားကြပါတယ်။ ၁၉၆၀ခုနှစ်လောက်မှာတော့ ဟော်မုန်း နည်းပညာနဲ့ ကိုယ်ဝန်တားခြင်းတွေ စတင်ခေတ်စားလာခဲ့ပါတယ်။ မဟော်မုန်း ၂မျိုးဖြစ်တဲ့ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း ကိုပဲ ပုံသဏ္ဌာန်အမျိုးမျိုး အချိုးအမျိုးမျိုးနဲ့ သုံးကြတာပါပဲ။ အလွယ်ဆုံးဥပမာကတော့ တားဆေးကဒ်ပါပဲ။

Oral Contraceptive Pill, OC Pill, The Pills လို့ အမျိုးမျိုးခေါ်ကြတဲ့ တားဆေးကဒ်ဟာ အဓိကအားဖြင့် ၂မျိုးရှိပါတယ်။ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း ၂မျိုးပေါင်းထားတဲ့ ဆေးပေါင်းကဒ် Combined Oral Contraceptive (COC) ကတော့ မြန်မာပြည်မှာ အသုံးအများဆုံးပါပဲ။ မျှားကဒ်၊ လက်ညိုးကဒ် စသည်ဖြင့် အရပ်ထဲမှာ ခေါ်ကြပါတယ်။ တမျိုးမကြိုက် နောက်တမျိုးပြောင်းနဲ့ မြန်မာအမျိုးသမီးတွေ တော်တော် အလုပ်ရှုပ်ကြရပါတယ်။ တကယ်တော့ ပါဝင်တဲ့ အချိုးအစားတွေက အတူတူပါပဲ။ ကွာလတီကောင်းကောင်းကို သုံးချင်တယ်ဆိုရင်တော့ Marvelon-28 ကိုသုံးပါလို့ ညွှန်းပါရစေ။ ဒီဆေးပေါင်းကဒ် (COC) က ကိုယ်ဝန်တားခြင်းအပြင် အခြားကောင်းတဲ့ အချက်ကလေးတွေလည်းရှိပါသေးတယ်။ ရာသီပန်းကို မှန်မှန်ပွင့်စေတယ်၊ ရာသီလာစဉ်ကိုက်ခဲခြင်းကို သက်သာစေတယ်၊ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးတယ်၊ ၀က်ခြံပျောက်စေတယ် စသည်ဖြင့်ပါပဲ။ မကောင်းတဲ့ အချက်တွေကတော့ နေ့စဉ်ဆေးသောက်ရခြင်း၊ အချို့သော နှလုံး သွေးကြော ရောဂါရှိသူများ၊ ခေါင်းတခြမ်းကိုက်တတ်သူများ၊ အသက်၃၅နှစ်ကျော်များ၊ ဆေးလိပ်သောက်သူများ၊ နို့တိုက်မိခင်များ သောက်သုံးရန်မသင့်ခြင်းတို့ပဲဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ ဆေးကြောင့် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း၊ သွေးပြခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ဆေးသောက်မယ်ဆိုရင်တော့ ရာသီလာတဲ့ ပထမဆုံးနေ့မှာ စသောက်လို့ရပါတယ်။ ဆေးကဒ်ပြောင်းချင်တယ်ဆိုရင်တော့ သောက်လက်စ ဆေးကဒ်ကုန်မှ တခြားကဒ်အမျိုးအစားကို ပြောင်းရမှာပါ။ အရင်က တားဆေး ထိုးထားတယ် (သုံးလဆေး၊ ဒီပို) ဆိုရင်တော့ ကြိုက်တဲ့ အချိန်စသောက်လို့ ရပါတယ်။ ဆေးကဒ်ရဲ့နောက်ပိုင်းမှာ မျှားနဲ့ညွှန်ထားတဲ့ အတိုင်းသောက်ရပါမယ်။ နေ့စဉ် အချိန်မှန်မှန် သောက်ရပါမယ်။ ဆေးကို ရက်မလွတ်စေပဲ သေသေချာချာသောက်ရင် ထိထိရောက်ရောက် ကိုယ်ဝန်တားပေးနိုင်ပါတယ်။

ပရိုဂျက်စရုန်းတစ်မျိုးထဲပါတဲ့ Progestrogen Only Pill (POP) လို့ခေါ်တဲ့ဆေးကဒ်ကတော့ ဆေးပေါင်းကဒ် (COC) သောက်လို့မရသောသူတွေအတွက်ပါ။ ဥပမာ နို့တိုက်မိခင်များ၊ နှလုံးရောဂါရှိသူများ၊ သွေးပျစ်ခဲရောဂါဖြစ်ဖူးသူများ စသည်ဖြင့် အထက်မှာ ဖေါ်ပြထားတဲ့သူတွေပါပဲ။ ဒီ POP ကတော့ နေ့စဉ် အချိန်ပါ မှန်မှန်သောက်ဖို့လိုပါတယ်။ ဥပမာ နေ့စဉ် ည၁၀နာရီဆို အမြဲတန်း ည၁၀နာရီသောက်ရပါမယ်။ နောက်တချက်က POP သောက်နေစဉ် ရာသီ သွေးစက်လေးတွေ လာလိုက် ပျောက်လိုက်ဖြစ်တတ်ပါတယ်။ တကယ်တမ်းယှဉ်ပြောရရင် ဆေးပေါင်းကဒ် COC လောက် ကိုယ်ဝန်တားခြင်းအစွမ်းမထက်ပါဘူး။ အ၀လွန်အမျိုးသမီးများတွေသောက်ရင် ပိုပြီး အစွမ်းကျ တတ်ပါတယ်။

သောက်ဆေး နောက်တမျိုးကတော့ အရေးပေါ်ကိုယ်ဝန်တားခြင်း ခေါ် Emergency Contraception ပဲဖြစ်ပါတယ်။ Morning After Pill လို့လဲခေါ်ပါတယ် မြန်မာပြည်မှာတော့ Postinor-2 အမည်နဲ့ဈေးကွက်ထဲမှာရှိပါတယ်။ စုစုပေါင်း ၂ကြိမ်သောက်ရပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်းမှာ တကြိမ်သောက်ရပါမယ်၊ ပထမဆေးလုံးသောက်ပြီး ၁၂နာရီအကြာမှာ နောက်တကြိမ်သောက်ရပါမယ်။ ဒါဟာ အရေးပေါ်အတွက်ပဲဖြစ်လို့ ပုံမှန်အသုံးမပြုသင့်ပါဘူး။ (ကျမတို့က တစ်လမှ လေးကြိမ်လောက်ပဲ အရေးပေါ်တာဆိုတော့ နေ့တိုင်းသောက်ရမယ့် COC တို့ POP တို့ မသောက်ချင်ပါဘူး။ ဖြစ်လာမှပဲ ကြုံသလို After Pill သောက်ပါတယ်။) အဲသလို မဟုတ်ဘူးနော်။ After Pill မှာ သာမန် တားဆေးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုရှိတဲ့အပြင် ကိုယ်ဝန်ရှိသွားနိုင်ဖို့ အခွင့်အရေးလည်း ပိုများပါတယ်။ အဆိုးဆုံးကတော့ သားအိမ်ပြင်ပ သန္ဓေတည် Ectopic Pregnancy ဖို့ အခွင့်အလမ်းပိုများတယ်ဆိုတာပါပဲ။

သဘာဝနည်းလည်း မကြိုက် ဆေးသောက်ရမှာ ပျင်းတဲ့ အမျိုးကောင်းသမီးတွေကိုတော့ နောက်ထပ်မေးရမယ့် မေးခွန်းကတော့ 'ကပ်မလား၊ ထိုးမလား၊ မြုပ်မလား၊ ထည့်မလား' ပါပဲ။ ရှင်းပြပါ့မယ်၊ ဆန္ဒတွေစောပြီး တလွဲတွေမတွေးကြပါနဲ့။

ကပ် ရမှာကတော့ Patch လို့ခေါ်တဲ့ ဆေးပလာစတာမျိုးမှာ မဟော်မုန်း ၂မျိုး အချိုးကျစပ်ထည့်ထားပါတယ်။ အရေပြားပေါ်မှာ ကပ်ထားလိုက်ခြင်းဖြင့် ဟော်မုန်းတွေဟာ ဆေးပလာစတာကနေ အရေပြားကို ဖြတ်ပြီး ကိုယ်ခန္ဓာထဲကို တနေကုန် တစိမ့်စိမ့်ဝင်ပါသတဲ့။ လက်မောင်းအတွင်းဖက်၊ ပေါင်ရင်း၊ ဗိုက် ကြိုက်တဲ့နေရာမှာ ကပ်ထားလိုက်ရုံပါပဲ။ ၇ရက်တခါ အဟောင်းကိုခွာပြီး Patch အသစ် ကို အခြားနေရာမှာ ကပ်ရပါတယ်။ ၇ရက် ၃ခါ ကပ်ပြီးရင် ၄ကြိမ်မြောက် ၇ရက်ကို ဘာမှမကပ်ပဲ ထားရပါတယ်။ Evra Transdermal Patch က အသုံးများပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ COC ဆေးပေါင်းကဒ်နဲ့ အတူတူပါပဲ။ တနေ့တခါ ဆေးသောက်စရာမလိုတဲ့ အချက်ကသာသွားပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ အရေပြားနဲ့ ဆေးပလာစတာမတည့်လို့ သုံးလို့မရပါဘူး။ တချို့ ဇီဇာကြောင်တဲ့သူတွေကြတော့လည်း Patch ကပ်ထားရင် သူများတွေ မြင်ကုန်မယ်ဆိုပြီး မသုံးကြပါဘူး။ ပေါင်ရင်းမှာ ကပ်ထားတာ ဘယ်သူက တွေ့မလဲနော်.. အဲ.. တစ်ယောက်ယောက်က တွေ့သွားခဲ့ရင်လည်း တွေ့သွားတဲ့သူကိုတော့ ရှက်စရာ မရှိလောက်တော့ပါဘူး။ မြန်မာပြည်မှာ သိပ်မတွင်ကျယ်သေးပါဘူး။

တားဆေးထိုးမယ်ဆိုရင်တော့ သုံးလခံဆေး (နာမည်ကြီးကလည်း၊ သုံးလဆေးဆိုတော်သေး) လို့ခေါ်တဲ့ Depoprovera ခေါ် Depo ဆိုတာရှိပါတယ်။ မြန်မာပြည်မှာ အဖုံးခရမ်းရောင်၊ အဖုံးစိမ်း၊ အဖုံးနီ စသည်ဖြင့် အမျိုးမျိုးဖြစ်နေပေမယ့်လည်း ပါဝင်တာက အတူတူပါပဲ။ Depo မှာ ပရိုဂျက်စရုန်း တစ်မျိုးထဲပါတဲ့ အတွက် ယေဘူယျအားဖြင့် အထက်မှာ ဖေါ်ပြခဲ့တဲ့ POP နဲ့ ဂုဏ်သတ္တိ ၊ သုံးနိုင်တဲ့အခြေအနေတွေ တူပါတယ်။ ကောင်းတဲ့အချက်က နေ့စဉ်ဆေးသောက်ခြင်း သို့မဟုတ် တပါတ်တခါ ပလာစတာ ကပ်ခွာလုပ်ခြင်း မလိုတော့ပါဘူး။ သုံးလမှတစ်ခါ လမ်းထိပ်ဆေးခန်းက ဆရာဝန်ကို ပိုက်ဆံ ၂၀၀၀ကျပ် သွားပေးရုံပါ။ ဆေးထိုးတဲ့ အခါမှာ ပြောချင်တာတစ်ခုက ဆေးထိုးပြီးရင် မချေပဲမနေပါနဲ့၊ ချေပါ၊ အရပ်ပြောနဲ့ သုံးလဆေးကိုချေလိုက်ရင် အာနိသင်ပျယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ (လေးဖက်နာအတွက် ပင်နယ်စလင် တလတကြိမ်ထိုးတဲ့သူတွေလည်း ချေတာပဲ၊ အာနိသင်ပျယ်ပြီး ၂ပါတ်လောက်ပဲ ခံတယ်လို့ ဘယ်သူမှ မပြောကြပါဘူး။) မကောင်းတဲ့အချက်ကတော့ ဆေးထိုးနေရင်းနဲ့ ကိုယ်ဝန်လိုချင်လာလို့ ဆေးထိုးရပ်လိုက်သော်လည်း ကိုယ်ဝန်ချက်ခြင်းရချင်မှ ရပါတယ်။ တချို့ဆို တစ်နှစ်လောက် စောင့်သွားရတတ်ပါတယ်။ တားဆေးကဒ်တွေကတော့ ဒီလရပ်လိုက်ရင် နောက်လဆို ကိုယ်ဝန်ဆောင်ဖို့ ready ပါပဲ။

Noristerat ဆိုတဲ့ ၈ပါတ်တခါထိုးရတဲ့ဆေးလည်း ရှိပါတယ်။ မြန်မာပြည်မှာတော့ မတွေ့ဖူးခဲ့ပါဘူး။

ထူးထူးခြားခြား တရုတ်ကလာတဲ့ တစ်လဆေးဆိုတာ မြန်မာပြည်ကို ၀င်ပါတယ်။ ဈေးချိုလို့ တော်တော်များများ သုံးကြပါတယ်။ ဘာဆေးမျိုးမှန်းမသိတဲ့အတွက် ကျနော့်အနေနဲ့ ဘာမှ မှတ်ချက် မပေးလိုပါဘူး။

မကပ်ဘူး၊ မထိုးဘူး၊ မြုပ်မယ်ဆိုတာကတော့ အရေပြားအောက်မှာမြုပ်လို့ရတဲ့ Implanon လို့ခေါ်တဲ့ ပရိုဂျက်စရုန်း ဖြည်းဖြည်းချင်းလွှတ်ပေးတဲ့ အရာလေးပါပဲ။ တခါထည့်ရင် ၃နှစ်အထိခံပါတယ်။ အသုံးပြုပုံ၊ ဘေးထွက်ဆိုးကျိုးတွေကတော့ အခြား ပရိုဂျက်စရုန်း တမျိုးထဲပါတဲ့ POP, Depo injection စတာတို့နဲ့ အတူတူပါပဲ။ အရေပြားကို ထုံဆေးလေးပေးပြီး အရေပြားအောက်မှာ Implanon ဆိုတဲ့ဟာလေးကို မြုပ်ထားလိုက်ရုံပါပဲ။ ပလာစတာလို မမြင်ရတော့ဘူးပေါ့.. အဲ.. အားအားယားယား လက်နဲ့လိုက်စမ်းရင်တော့ တွေ့မှာပေါ့နော..။

ရှေးခေတ်က အာရပ်လူမျိုးတွေဟာ သဲကန္တာရကို ဖြတ်ပြီးခရီးသွားတဲ့အချိန်မှာ သူတို့ရဲ့ ကုလားအုပ်မတွေ ဇီးမတင်သွားအောင် ကျောက်စရစ်ခဲ သေးသေးလေးတွေကို ကုလားအုပ်မတွေရဲ့ သားအိမ်ထဲကို ထည့်ထားခဲ့ကြတယ်ဆိုပဲ။ ဒါဟာ ယုံတမ်းစကားလား တကယ်ပဲလား ခွဲရခက်ပေမယ့် ပြောနိုင်တာကတော့ ဖြစ်နိုင်ချေရှိတယ်ဆိုတာပဲ။ သားအိမ်ဆိုတဲ့ အမျိုးဟာ သူ့ထဲမှာ သဘာဝမဟုတ်တဲ့ ပစ္စည်း တစ်ခုခုရှိနေရင် သန္ဓေသားကို လက်မခံနိုင်ပါဘူး။ ဒီအချက်ကို အခြေခံပြီး လူသားမိန်းမတွေရဲ့ သားအိမ်ထဲကိုလည်း ပစ္စည်းအမျိုးစုံ ထည့်ခဲ့ကြသတဲ့။ ပုတီးစေ့၊ သံလိုက်ချောင်း စတာတွေပေါ့။ သားအိမ်ရဲ့ ကြွက်သားကြုံ့ပွ လှုပ်ရှား ၀ါးမြိုနိုင်တဲ့ အစွမ်းသတ္တိကြောင့် ပြန်ထုတ်လို့မရတော့ပဲ ပျောက်ဆုံးသွားရတဲ့ ပုတီးစေ့တွေလည်း မနည်းမနောဆိုပဲ။ ကာလကြာမြင့်လာသည်နှင့်အမျှ စမ်းသပ်မှုတွေ အမျိုးမျိုးလုပ် လာခဲ့တာ အခုခေတ်အသုံးပြုနေတဲ့ အရာတွေကတော့ ထည့်ရ ထုတ်ရ လွယ်သွားပါပြီ။ တွန့်လိမ်လိမ်ပုံ ဒါမှမဟုတ် အင်္ဂလိပ်အက္ခရာ တီ ပုံသဏ္ဌာန်တွေ အသုံးများပါတယ်။ အရပ်စကား 'ကွင်းထည့်' ထားတယ်လို့ပြောကြတဲ့ Intrauterine Contraceptive Device (IUCD) ဆိုတာတွေက အခုခေတ်မှာ ၉၉% ကျော် အောင် စိတ်ချမှုကိုပေးနေပါပြီ။ 'ကွင်း' ချည်းပဲ မဟုတ်ပဲ သုက်ကောင်သတ်ဆေး၊ ပရိုဂျက်စရုန်း စတာတွေပါ IUCD တွေမှာ ထည့်သွင်းထားတာကြောင့် အလွန် အစွမ်းထက်လှပါတယ်။ IUCD ရဲ့ကောင်းတဲ့ အချက်ကတော့ ကိုယ်ဝန်လိုချင်တဲ့အချိန်ကျရင် ချက်ချင်း ထုတ်ပစ်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ Patch တို့ Implanon တို့လို မမြင်လည်း မမြင်ရ (သာမန်) စမ်းကြည့် လို့လည်း မတွေ့နိုင်ဘူးလေ။

ကိုယ်ဝန်တားနည်းတွေ အကြောင်းပြောတာ တော်တော်လေးတော့ ပြည့်စုံသွားပါပြီ။ ကျန်သေးတာဆိုလို့ Female Sterilisation လို့ခေါ်တဲ့ သားကြောဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်ညာ တဖက်တစ်ခုရှိတဲ့ မမျိုးဥအိမ် ၂ခုနဲ့ သားအိမ်နဲ့ ဆက်ထားတဲ့ ပြွန် ၂ချောင်းကို ထုံးဖြတ်ဖြတ်ပစ်လိုက်တာပါပဲ။ ရာသက်ပန် သန္ဓေတားပြီးဖြစ်သွားပါတယ်။ အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးမှာတော့ ပြတ်နေတဲ့ ပြွန် အလိုလိုပြန်ဆက်သွားပြီး ကိုယ်ဝန်ရနိုင်ပါသေးသတဲ့။ ကြံကြံဖန်ဖန်နော်။ မြန်မာပြည်မှာတော့ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကလေး ၃ယောက် အရှင်လတ်လတ် မရှိသေးသရွေ့ တရားဝင် သားကြောဖြတ်ခွင့်မရှိပါဘူး။ သားကြောဖြတ်တယ်ဆိုပေမယ့် သဘောပေါက်ရမှာက သမီးကြောပါ ပြတ်သွားတယ်ဆိုတာပါပဲ။ တော်တော်ကြာ သားကြောဖြတ်ထားပေမယ့် သမီးလေးများထပ်ရဦးမလား မျှော်နေဦးမယ်။

မြန်မာပြည်မှာ တရားမ၀င်တဲ့ နောက်တစ်နည်းကတော့ ယောက်ျားသားကြောဖြတ်ခြင်း (Male Sterilisation) ပဲဖြစ်ပါတယ်။ ဘယ်ညာ သုက်ကြော ၂ခု ကို ဖြတ်လိုက်တာပါပဲ။ ယောက်ျားအနေနဲ့ကတော့ ကလေးဘယ်နှစ်ယောက်ရှိရှိ တရားဝင်သားကြောဖြတ်ခွင့် မရှိပါဘူး။ တကယ်လုပ်ရင်တော့ ၁၅မိနစ်တောင် မကြာပါဘူး။ ရန်ကုန်က ဆေးရုံတစ်ရုံရဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်က သူ့ကို ဘရိတ်ဓါးတစ်လက်ပဲပေး ၅မိနစ်နဲ့ ပြီးအောင်လုပ်ပြမယ်ဆိုပြီး ကျနော့်ကိုကြွားဖူးပါတယ်။ သူလုပ်ပေးခဲ့တဲ့ လူစာရင်းကိုတောင်လာရွတ်ပြနေလို့ ခင်ဗျားကို ရဲသွားတိုင်မယ်လို့ ပြောလွှတ်လိုက်ရတယ်။

တကယ်ကို ပြည့်စုံသွားပါပြီ။ ဒီလောက်သိရင် ဆေးကျောင်း နောက်ဆုံးနှစ် အပိုင်း (ခ) မှာတောင် ဂုဏ်ထူးမှတ်ရမှာပါ။ကဲ နောက်ဆုံးအနေနဲ့ ပြန်ချုပ်ကြည့်ရအောင်.. အားလုံး လိုက်ဆိုကြပါ..

သန္ဓေတားနည်းများ

၁။ မိန်းမကိုယ်ပြင်ပ သုက်လွှတ်ခြင်း (Coitus Interrupts)
၂။ လိင်တံအစွပ် (Condom)
၃။ သားအိမ်ခေါင်းအစွပ် (Diaphragm)
၎။ ပြက္ခဒိန်နည်း (Calendar Method)
၅။ တားဆေးကဒ် (Oral Contraceptive Pill)
- ဆေးပေါင်းကဒ် (COC)
- ပရိုဂျက်စရုန်း တမျိုးထဲကဒ် (POP)
၆။ အရေးပေါ်ကိုယ်ဝန်တားဆေး (Emergency Contraceptive)
၇။ ဆေးပလာစတာကပ်ခြင်း (Patch)
၈။ တားဆေးထိုးခြင်း
- သုံးလဆေး ခေါ် (Depo)
၉။ အရေပြားအောက်မြုပ်သော Implanon
၁၀။ သားအိမ်ထဲထည့်သော "ကွင်း" များ (IUCD)
၁၁။ အမျိုးသမီး သားကြောဖြတ်ခြင်း (Female Sterilisation)
၁၂။ အမျိုးသား သားကြောဖြတ်ခြင်း (Male Sterilisation) စတာတွေပါပဲ။

ကိုယ်နဲ့ ကိုက်ညီမယ့် နည်းကို သေသေချာချာလေ့လာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး အသုံးပြု မယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ အချိန်အခါ အခြေအနေတွေမှာ အပ် ၂ချောင်းထိသွားခြင်းမှ ကင်းဝေးစေမှာဖြစ်ပါတယ်ခင်ဗျား။