8‏/4‏/2011

အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ

Percent Daily Value

ပျိုမေတို့ အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ super market တွေထဲက စားစရာအတော်များများမှာ ပါဝင်တဲ့ အာဟာရရဲ့ ပမာဏကိုဖြစ်စေ၊ percent Daily value ကို ဖြစ်စေ ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ percent Daily value ဆိုတာကတော့ လူတယောက်တနေ့တာမှာ စားသုံးသင့်တဲ့ စံပြပမာဏရဲ့ ရာခိုင်နှုန်းကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အစားအစာ တစ်ခုမှာ ဗိုက်တာမင်စီ percent Daily value (%DV) ၂၀ % ပါဝင်တယ်လို့ ရေးထားတဲ့အခါ အဲဒီ အစား အစာကို သတ်မှတ်ထားတဲ့ ပမာဏ စားသုံးတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဗိုက်တာမင်စီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို အခြားသော အစားအစာများစားသုံးခြင်းဖြင့် ဖြည့်ဆည်းယူရမှာဖြစ်ပါတယ်။ percent Daily value ကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူများအတွက် တစ်နေ့တာ လိုအပ်ချက် ကယ်လိုရီ ၂၀၀၀ အားဖြင့် တွက်ချက်ထားတာဖြစ်ပါတယ်။




တစ်နေ့တာမှာ စားသုံးသင့်တဲ့ အာဟာရနဲ့ အဲဒါတွေရဲ့ ပမာဏကို သိချင်လျှင်တော့ အောက်ပါ ဇယားမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။


အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။


Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004

Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ;

Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284.



မွန်းသက်ပန် (ဆေး ၁)

Mobile Phone နဲ့ ပတ်သက်ပြီး....



ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။


Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။
ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်ဆိုတာက ဖုန်းတွေ အချင်းချင်း ဆက်သွယ်တဲ့အခါ ထုတ်လွှတ်တဲ့ electromagnetic radiation ကို ပြောတာပါ။ အမေရိကန်မှာ ဖုန်းထုတ်လုပ်သူတွေဟာ မိမိတို့ ထုတ်လုပ်တဲ့ ဖုန်းက radiation ဘယ်လောက်ထွက်တယ်ဆိုတာကို ဖုန်းတွေမှာ ဖော်ပြထားစရာမလိုပါဘူး။

ဦးနှောက်ကင်ဆာကို တွေ့မြင်ရပုံ

ပုံ။ ။ ဦးနှောက်ကင်ဆာကို MRI တွင် တွေ့မြင်ရပုံ
အမေရိကန် ဆက်သွယ်ရေး ကော်မရှင်က cell phone တွေဟာ အန္တာရယ် မရှိပါဘူးလို့ ပြောပေမယ့် လူအများစုကတော့ ဖုန်းနဲ့ ထိတွေ့ပါ များရင် ဓာတ်ရောင်ခြည်နည်းပါးသော်လည်း ဦးနှောက်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလိမ့်မည်လို့ ယုံကြည်ကြတယ်။

ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင် အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။
San Francisco တွင်လည်း အလားတူ ဥပဒေမျိုးကို နောက်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်သည်။

အမေရိကန်ရှိ ဖုန်းထုတ်လုပ်သော company များမှ ပြောကြားတာကတော့ "ဖုန်းတွေဟာ ကျန်းမာရေးကို မထိခိုက်ပါဘူး။ သုတေသနစာတမ်းတွေမှာလည်း ဖော်ပြထားတာမရှိဘူး။ ဒါကြောင့် စိုးရိမ်စိတ်ကင်းကင်းနဲ့ သုံးစွဲနိုင်တယ်" ဟူ၍ ဖြစ်သည်။
စိုးရိမ်သူတွေရဲ့ ပြောကြားချက်ကတော့ wireless phone တွေ ကို လူအများစု စတင်အသုံးပြုတာ ဆယ်စုနှစ် ၂ စု စာမျှသာ ရှိသေးသည်။ ထို့ကြောင့် ဘယ်သူမျှ နှစ်ရှည်သုတေသန စာတမ်း မလုပ်နိုင်သေးလို့ ယတိပြတ်ပြောလို့ မရကြောင်း ဖြစ်သည်။

ဒီသတင်းကတော့ AP သတင်းက ဖော်ပြသွားတာပါ။ ကျွန်တော့်အမြင်က တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ခင်မှာ အယုံမလွယ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် စားသောက်ကုန်၊ လူသုံးကုန် နှင့် ဆေးဝါး company တွေဟာ ယုံကြည်လို့ မရပါဘူး။ သူတို့က သူတို့ ပစ္စည်းရောင်းရဖို့ အတွက်ကို ပဲ စောင်းပေးပြီး သုတေသနပြုကြတာ။ ငွေကြေးထောက်ပံ့ရင်လည်း သူတို့နဲ့ ပလဲနံမ သင့်တဲ့ သုတေသီတွေကိုပဲ ထောက်ပံ့တာ။ အဲဒီတော့ ရလာတဲ့ ရလဒ်တွေကလည်း သူတို့ လိုချင်တာတွေပဲ ဖြစ်တတ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်ဆေးလိပ် company ကများ သူတို့ ဆေးလိပ်သောက်ရင် အသက်တိုမယ်လို့ တရားဝင်သုတေသန ပြုထားလို့လဲ။ ဘာရောဂါမှ မဖြစ်ဘူးဆိုပြီးပဲ ငြင်းတာ။ နောက်ဆုံး ဘယ်လိုမှ ငြင်းလို့မရလို့သာ ဆေးလိပ်ဘူးတွေမှာ warming message တွေ ထည့်ပေးတာ။

အဲဒီတော့ ဖုန်းတွေကို အသုံးပြုမယ်ဆိုရင် တတ်နိုင်ပါက hand free နဲ့ သုံးစေချင်တယ်။ bluetooth ကိုပြောတာ မဟုတ်ဘူး။ ကြိုးနဲ့ handfree ကိုပြောတာ။ bluetooth လောက်တော့ စတိုင်မမိဘူးပေါ့။ ဒါပေမယ့် ဦးနှောက်ကင်ဆာ အဖြစ်ခံပြီးတော့ စတိုင်ထွားလောက်အောင်တော့ မမိုက်စေချင်ဘူး။ ကျွန်တော်ဆိုရင် ဖုန်းကို ခေါင်းနားကို ကပ်ကို ကပ်လို့ မရဘူး။ တစ်မိနစ် ကျော်လာရင်ခေါင်းကိုက်လို့။ handfree ကို အမြဲတမ်းဆောင်ထားရတယ်။ ကင်ဆာဖြစ်မှာ ကြောက်တာလဲ ပါတယ်။ ညအိပ်ရင်လည်း power off ပြီး လက်တစ်ကမ်းအကွာလောက်မှာ ထားတာ ကောင်းတယ်။ ခေါင်းအုံးဘေးမှာ မထားအိပ်သင့်ဘူး။ သူ့ဆီက ဘာရောင်ခြည်တွေထွက်တာဆိုတာ ကိုယ်မှ သေချာမသိသေးတာ။ သတိထားတာပဲ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။


နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ ဖုန်းကို ညအိပ်နေတုန်း အားသွင်းမယ်ဆို ကိုယ်နဲ့ ဝေးရာမှာ ထားတာ ဘေးကင်းလိမ့်မယ်။ အခန့်မသင့်လို့ ထပြီး ပေါက်ကွဲရင် လွတ်တာပေါ့။ အဲဒီအချက်တွေကတော့ ဖုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် ဖော်ပြထားတာပါ။ စာဖတ်သူအနေနဲ့ အခြားအချက်တွေကို သိလို့ ရှိရင်လည်း comment မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုပါတယ်။


အပူဓာတ် လွန်ကဲခြင်း


အပူဓါတ် အလွန်အမင်းများတဲ့အချိန်မှာ ကျန်းမာနေသူများနှင့် မကျန်းမာသူများ အတတ်နိုင်ဆုံး ပြုမူကျင့်ကြံနေထိုင်နိုင်ရန် အကြံပြုချက် တချို့ဖြစ်ပါတယ်။ ကျန်းမာနေသူတယောက် နေထိုင်ရန် လိုအပ်ချက်က အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို ပြန်ထည့်ထားလိုက်ပြီး အပူဓါတ်ကြောင့် ပြဿနာရင်ဆိုင်နေရသူများအတွက် အကြံဥာဏ်က နယူးဆောက်ဝေးပြည်နယ် TAFE (Technical and Further Study) မှ ထုတ်ဝေတဲ့ ရှေးဦးသူနာ ပြုစုနည်းစာအုပ်ထဲက ကောက်နှုတ်ဖေါ်ပြထားပါတယ်။ ကမ္ဘာမှာ အမေရိကန်နဲ့ မြန်မာနိုင်ငံက အပူချိန်ကို ဖါရင်ဟိုက်ဒီဂရီနဲ့ပဲ သုံးတယ် ဆင်တီဂရိတ်ဒီဂရီကို မသုံးဘူးဆိုတာ သိထားပြီး ကျွန်မကိုးကားတဲ့ စာအုပ်က သြစကြေးလျားက ဖြစ်နေတော့ အစပထမမှာ ဒီဂရီကို စင်တီဂရိတ်နဲ့ပဲ ဖေါ်ပြထားပါတယ်။ မြန်မာပြည်က စာဖတ်သူတွေသိအောင် ပြန်တွက်ဖို့ကလည်း တွက်ချက်နည်း မေ့နေလို့ အပူချိန် ဆင်တီဂရိတ်ကနေ ဖါရင်ဟိုက်ပြောင်းတဲ့ ပုံသေနည်းကို စာဖတ်သူများဆီက အကူအညီတောင်းပြီး စာဖတ်သူများက C-B0x နဲ့ မှတ်ချက်မှာ ထည့်ပေးခဲ့တဲ့ တွက်နည်းအတိုင်း တွက်ပြီး ဖါရင်ဟိုက်ဒီဂရီကို ပြန်ဖြည့်ထားပေးပါတယ်။ အပူချိန်ဒီဂရီ ပြောင်းနည်း ထည့်ထားပေးသူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။




အပူဓါတ်လွန်ကဲမှုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်နေသူများအတွက် အကြံပြုချက်

အပူဓတ်လွန်ကဲခြင်းကို Hyperthermia လို့ ခေါ်ကြပါတယ်။ ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် များပြားလာခြင်းကြောင့် Heat exhaustion နှင့် Heat Stroke ဟူ၍ အဓိကပြဿနာ နှစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ လူတယောက်ရဲ့ ခန္ဓာကိုယ် သာမန်အပူချိန်က ဒီဂရီ ၃၆-၃၇ (တချို့သူတွက် 37.5 ) (C) စင်တီဂရိတ်၊ ၉၆.၈ - ၉၈.၆ (တချို့သူတွေအတွက် ၉၉.၅) (F) ဖါရင်ဟိုက် ဖြစ်ပြီး Heat Exhaustion ဖြစ်ပါက အပူချိန် ဒီဂရီ ၄၀ (C) စင်တီဂရိတ်၊ ၁၀၄ (F) ဖါရင်ဟိုက် နှင့် အထက်မှာ ရှိပါတယ်။ Heat Exhaustion ကို ပြင်းထန်တဲ့ ရာသီဥတု အပူချိန်ကြောင့်လည်းကောင်း၊ ပူသည့်အချိန်မှာ ကိုယ်လက်လှုပ်ရှားမှု များလွန်းခြင်းကြောင့်လည်းကောင်း ဖြစ်စေနိုင်ပါတယ်။ Heat stroke ကတော့ အပူချိန်လွန်ကဲခြင်း (သို့) တခြားအကြောင်းတခုခုကြောင့် ခန္ဓာကိုယ်အပူချိန် ရှိရာကနေ ပြန်မကျဘဲ တဖြည်းဖြည်းတက်လာပြီး ဆက်တိုက် အပူချိန် မြင့်တက်လာရင် ဖြစ်ပါတယ်။ ကိုယ်အပူချိန်ကို ပြန်ကျအောင် မလုပ်နိုင်ပါက Heat stroke က ဦးနှောက်ပျက်စီးခြင်း၊ ဘယ်တော့မှ ပြန်သတိမရနိုင်တဲ့ အထိသတိလစ်ခြင်း (coma)၊ နောက်ဆုံး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ Heat exhaustion က ကလေးများနှင့် အသက်ကြီးရွယ်အိုများ၊ ရာသီဥတုနဲ့ မသင့်တော်သည့် အ၀တ်အစားများ ၀တ်ဆင်ခြင်း၊ ပူအိုက်လွန်းသော ရာသီဥတုရှိခြင်းကြောင့် အဖြစ်များပြီး Heat stroke က ကိုယ်အလေးချိန် များလွန်းခြင်း၊ အရက်ကိုအလွန်အမင်း သောက်သုံးခြင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ၊ ကျန်းမာရေး ချွတ်ယွင်းနေသူတွေမှာ အများဆုံး ဖြစ်စေနိုင်ပါတယ်။ သို့သော်လည်း မြန်မာပြည်မှာ လက်ရှိအခြေအနေမှာ အပူဓာတ် လွန်ကဲနေတဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေမှာတော့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဖြစ်လာရင် လူနာကို တခြားမိသားစုဝင်တွေက ဘယ်လိုကူညီရမယ်ဆိုတာကို သိထားသင့်ပါတယ်။
Heat exhaustion

Heat exhaustion လဏ္ခာများကတော့ ကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိခြင်း၊ အားအင်ကုန်ခမ်းပြီး အလွန်အမင်း ခေါင်းကိုက်ခြင်၊ ပျို့အန်ခြင်း၊ ရေဆာပြီး အစာအိမ်လှုပ်ရှားခြင်း (stomach cramps)၊ ခေါင်းမူးခြင်း၊ မေ့လဲခြင်း၊ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

အကူအညီပေးရန်

-ရှေးဦးသူနာ ပြုစုနည်းကို သိထားသူ ဖြစ်ပါက DRABC ကို မပြတ်စောင့်ကြည့်ရန်
- လူနာက ပူတဲ့နေရာမှာ ရှိနေပါက အေးတဲ့နေရာကို ရွှေ့ပေးရန်
- လူနာကို လဲလျောင်းနေစေရန်
-ကြပ်တဲ့ အ၀တ်အစားဝတ်ထားသူ ဖြစ်ပါက ဖြေလျော့ပေးရန်
-ရေအေးနဲ့ ရေပတ်တိုက်ပေးရန်၊
-ရေအေး (သို့) အအေးအရည်တခုခုပေးရန်
-အပူမကျမချင်း ရေပတ်တိုက်ပေးပြီး အနီးကပ်စောင့်ကြည့်ကာ အခြေအနေ မတိုးတက်လာဘဲ ပိုဆိုးလာပါက အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းပို့ရန်လိုအပ်ပါတယ်။

Heat Stroke

Heat Stroke လက္ခဏာများကတော့ အထက်ပါ Heat exhaustion မှာ ပါရှိတဲ့ အချက်များအပြင် လူနာဟာ စိတ်ထွေပြားလာပြီး အမူအရာ ပြောင်းလာခြင်း၊ အမြင်မှုန်ဝါးလာခြင်း၊ သွေးခုန်နှုန်း သိသိသာသာပိုမြန်လာခြင်း၊ အရေပြား ခြောက်သွေ့ပူပြင်းခြင်း (ချွေးမထွက်တော့ပါ)၊ တက်ခြင်း၊ သတိလစ်ခြင်း ခန္ဓာကိုယ်အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် အထက်မှာပဲ ဆက်ရှိခြေင်း စသည့်အချက်များကို တွေ့ရမယ်။

အကူအညီပေးရန်

ချက်ချင်း၊ ဆေးရုံဆေးခန်း တင်ဖို့လိုပြီး ဆေးရုံဆေးခန်းနဲ့ ဆိုင်တဲ့ Ambulance staff, သူနာပြု၊ ဆရာဝန် စတဲ့ တယောက်ယောက်နဲ့ အတွေ့သေးခင်မှာ အောက်ပါအတိုင်း လိုက်နာပါ။

-ရှေးဦးသူနာ ပြုစုနည်းကို သိပါက DRABC အတိုင်း လုပ်ပါ။
-အတတ်နိုင်ဆုံး အေးတဲ့နေရာမှာ ထားပါ။
- သတိလစ်နေပါက Recovery position လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်း ဖြောင့်အောင် လည်ပင်းကို ဘေးစောင်းထား၍ တခြမ်းမှောက်လျက် အနေထားနဲ့ ထားပါ။
- သွေးကြောကြီးများ တည်ရှိရာ လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံတ၀ိုက်မှာ ရေခဲ (သို့) ရေအေးကိုအ၀တ်ဖြင့်သော်လည်းကောင်း အိတ်ဖြင့်သော်လည်းကောင်း တင်ပေးပါ။
-သတိလုံးဝ ရနေသေးရင် ရေအေး (သို့) အအေးအရည်တခုခု တိုက်ပါ (သတိလစ်ခြင်း (သို့) သတိရတချက်မရတချက် ဖြစ်နေချိန်မှာ မပေးရ)။

ကျန်းမာနေသူများအတွက် ကာကွယ်ရန် အကြံပြုချက်

လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုဓါတ်တွေ ဆုံးရှုံးပါတယ်။ ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါ အမျိုးမျိုးရဖို့ သိပ်ကိုလွယ်ပါတယ်။ ၀မ်းလျှော၊ ၀မ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ အစာရေစာ လုံလောကမျှတဖို့ ဆိုတဲ့နေရာမှာ ပုံမှန်ကျန်းမာရေးကို ထိန်းသိမ်းတဲ့ အာဟာရနဲ့ သတ္တုဓါတ်များ မချို့တဲ့စေရန်နှင့် ရေဓါတ်မခန်းခြောက်စေရန် ဟင်းသီးဟင်းရွက်နှင့် ရေကို များများသောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ (အရင်ပို့စ်က မေးခွန်းတခုရဲ့ အဖြေကို အနည်းငယ် ဖြည့်စွက်ထားပါတယ်)။ ဒေါက်တာ ဇိဝကရဲ့ ရေအကျိုး ၁၀ ပါးကိုလည်း ဒီနေရာမှာ သွးဖတ်ပြီး လိုက်နာကျင့်သုံးပါက အပူဓါတ်လွန်ကဲခြင်းကြောင့် ဖြစ်လာနိုင်သည့် ဆက်ပွားအန္တရယ်များကို တစိတ်တဒေသ ကာကွယ်နိုင်ကြောင်း အကြံပြုပါတယ်။

မြန်မာပြည်သူများအားလုံး အပူလွန်ကဲခြင်းနှင့် ရေရှားပါးခြင်းမှ အမြန်ဆုံးလွန်မြောက်နိုင်ပါစေ။



Chemicals in our food



သိပ္ပံပညာ တိုးတက်လာသည်နှင့်အတူ အသုံးချဓာတုဗေဒ ပညာသည်လည်း အဆင့်မြင့်လာပါသည်။ မသိရှိသေးသော ဓာတုဒြပ်ပေါင်းအသစ်များကို သိရှိလာသလို လူလုပ် ဓာတုပစ္စည်းများ ဒြပ်ပေါင်းများလည်း ပေါ်ထွက်လာပါသည်။ လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ဓာတုဗေဒ ပစ္စည်းများကို အသုံးချကြသည်။ ရည်ရွယ်ချက်ကောင်းမွန်သည့် လူများရှိသလို မတရား လောဘ ဇောတိုက်ကာ အများအကျိုးကို မငဲ့ကွက်သောလူများလည်း ရှိကြသည်။ ဘာလိုချင်လဲ။ အပင်အကြီးမြန်ချင်လား၊ အသီးထွားစေချင်သလား၊ အရောင်လှစေချင်သလား၊  အရသာ ချိုချင်သလား၊ လိုရင်ပြောပါ။ အကုန်လုံးဖြစ်အောင် ဓာတုဗေဒ ဆေးဝါးများ အသုံးပြုပြီး ပြုလုပ်လို့ရပါတယ်။ ကျွန်တော်တို့ စားသောက်နေတဲ့ အစားအသောက်တွေ အသားငါးတွေဟာ ဓာတုဗေဒ ဒြပ်ပေါင်းတွေနဲ့ ကင်းလွတ်တာ မကျန်သလောက် ဖြစ်လာပါတယ်။ စာဖတ်သူအနေနဲ့ ပိုမိုမြင်လာအောင် ဥပမာအချို့ကို ဖော်ပြပေးပါမယ်။

ပြည်တွင်းဖြစ်
  • ရန်ကုန်က ကန်စွန်းခင်း အများစု ဟာ အရွက်တွေ အရိုးတွေ ကြီးထွားအောင် ဆိုပြီး ပုလဲ ဓာတ်မြေသြဇာဖြန်းကြပါတယ်။ ကန်စွန်းရွက်တွေကို ဘယ်လောက် ရေစင်အောင် ဆေးတယ်ပြောပြော ဓာတ်မြေသြဇာတွေကတော့ ကျန်မှာပါပဲ။ 
  • ရန်ကုန်မှာ နာနတ်သီးတွေဆိုရင် အ၀ါရောင်ရှိမှ ရောင်းတန်းလှတယ် ဆိုပြီး အစိမ်းရောင်အသီးကို အ၀ါရောင်ဖြစ်အောင် ဆိုးဆေးတွေ ဆိုးကြတယ်။ နာနတ်ခြံတွေထဲမှာကို ဆိုးတာပါ။ သစ်သီးအများစုက ဒီလိုပါပဲ။
  • မြန်မာပြည်က နေ ပြည်ပကို တင်ပို့တဲ့ အစားအသောက်ကုန်ကြမ်းတွေဆိုရင် ပြည်ပနိုင်ငံတွေက သိပ်မလိုချင်ကြပါဘူး။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှု များပြားတာကြောင့် ဖြစ်ပါတယ်။ ဟိုတလောက ဂျပန်နိုင်ငံကို တင်ပို့တဲ့ နှမ်းတွေ reject ထိတာ အဲဒီအကြောင်းပြချက်ကြောင့် ဖြစ်ပါတယ်။
  • ပြည်တွင်းက ကြက်မွေး နွားမွေးသော ခြံများတွင် တိရစ္ဆာန်များ ကြီးထွားနှုန်းတိုးစေရန် steroid ပါဝင်သော ဟော်မုန်းဆေးများ အပါအ၀င် အခြားဆေးများ ထိုးကြသည်။ ကျွေးသော အစားအသောက်များသည်လည်း ဓာတုဗေဒ ပစ္စည်းများ မကင်းပေ။ ထိုခြံများမှထွက်သော အသားများကို စားသုံးပါက ထိုဒြပ်ပေါင်းများကို စားလိုက်သလိုပင် ဖြစ်ပါမည်။
  • ပြည်သူအများ စားသုံးနေကြသော စားသုံးဆီများသည်လည်း နည်းမျိုးစုံသုံးပြီး ရောထားကြပါသည်။ ရေခဲသေတ္တာထဲတွင် ထည့်ထားလျင် မခဲသော နှမ်းဆီ အတုများပင် ရှိသေးသည်။ စားအုန်းဆီ ဆိုလျင်တော့ မပြောချင်တော့ပါ။ 
  • ရန်ကုန်သူ ရန်ကုန်သားတွေ ကြိုက်ကြသော အကင်ဆိုင်များတွင် ရောင်းချသော အသားကင်အများစုမှာ ယမ်းစိမ်းများ အလွန်အကျွံထည့်ထားသည့် အသားတု ကင်များ ဖြစ်ကြပါသည်။  

                                              

ပြည်ပဖြစ်
  • ပြည်တွင်းတွင် ရောင်းချနေသော ထိုင်း နှင့် တရုတ်မှ ၀င်လာသည့် မုန့်ပဲသရေစာ အများစုသည် ဆား၊ တာရှည်ခံစေသည့် ဒြပ်ပေါင်းများ နှင့် ဆိုးဆေးများ ပါဝင်ကြသည်။ အဆိုပါမုန့်များကို ကလေးများက အထူးကြိုက်နှစ်သက်ကြသည်။ အနာဂတ်အေ၇းကတော့ ရင်လေးဖွယ်ပင်။
  • ပြည်ပမှ အချိုမှုန့် အစားထိုး ဆိုပြီး ၀င်လာသော ဟင်းခတ်အမှုန့်ကို အချိုမှုန့် အစား သုံးကြသည်ကို တွေ့ရသည်။ ဘာတွေ ပါဝင်လဲတော့မသိ။ ခတ်လိုက်လျှင် အသားအရသာထွက်ပြီး များသွားလည်း ငန်တတ်သည်။ FDA မှနေ၍ အဆိုပါ  မီးဖိုချောင်သုံး အမှုန့်များကို သေချာစစ်ဆေးသင့်သည်။ 
အထက်ဖော်ပြပါ အစားအသောက်တို့သည် သဘာဝအတိုင်းမဟုတ်ဘဲ လူတို့က ပြုပြင်ထားကြသော အစားအသောက်များ ဖြစ်ပါတယ်။ ထိုသို့ ဓာတုဗေဒပစ္စည်းများ ထည့်လိုက်သောကြောင့် အာဟာရဓာတ်များ တိုးပွားမလာပါ။ လျော့သွားဖို့သာရှိသည်။ ထို့အပြင် ၎င်းအစားအသောက်များသည် 
  • ပြည်သူလူထုကို ရောဂါဘယ ပေါများစေတယ်။ 
  • နာတာရှည် ရောဂါတွေ ၊ ကင်ဆာရောဂါတွေ ပိုမိုဖြစ်ပွားလာစေတယ်။  
  • မှားယွင်းသည့် အစားအသောက် လူနေမှုပုံစံကို ဖန်တီးစေတယ်။
  • လူတွေ မကျန်းမာရင် တိုင်ပြည်ကော မိသားစုတွေပါ စီးပွားရေး ထိခိုက်တယ်။
အစရှိသည်ဖြင့် ဆိုးကျိုးများကိုသာ ဖြစ်စေမှာဖြစ်တယ်။ အဲဒီတော့ ဒီလို ဓာတုဗေဒနည်းတွေသုံးပြီး ပြုပြင်နေကြတာကို ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိတယ်။ ကိုယ်သိတော့ ကိုယ်မစားဖြစ်အောင် ရှောင်လိုက်ရုံဖြင့် မပြီးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ဥပဒေနှင့် ပတ်သက်လာလျှင် တင်းကြပ်ပြီး ထိရောက်သည့် ဥပဒေများ ချမှတ်ဖို့လိုပါသည်။ ဥပဒေရှိရုံဖြင့်လည်း မပြီး။ တည်မြဲအောင် enforcement လုပ်ဖို့လိုသည်။ ဗမာတွေက ခက်တော့ခက်သား။ ရှေ့တွင်သာ မဆန့်ကျင်သော်လည်း နောက်ကွယ်တွင် ခိုးလုပ်တတ်ကြသည်။ ကိုယ့်လူမျိုး မပျောက်ချင်လျှင် ထိုအကျင့်တွေကို ပြင်ရမည်။ စစ်ဆေးရေးက ဘယ်လောက်လုပ်လုပ် ပြည်သူကိုယ်တိုင် ရောင်းချသူနှင့် စားသုံးသူများက ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ အဆိုပါ အစားအသောက်တို့၏ ဘေးထွက်ဆိုးကျိုးကို ကျွန်တော်တို့ ခံစားရမည် မဟုတ်ပါ။ ကျွန်တော်တို့၏ မျိုးဆက်များ နောင်လာနောက်သားများ ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာက ကိုယ့်လူမျိုးမတုံးစေရေး မျိုးမညံ့သွားရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းကြဖို့ ဖြစ်ပါသည်။



                           
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ Globalization ကြောင့်လို့ပဲပြောပြော ဈေးကွက်စီးပွားရေးကြောင့် လို့ပဲဆိုဆို ကျွန်တော့်တို့ တတွေဟာ ပြည်ပလုပ် ပစ္စည်းတွေ အစားအသောက် လူ့အသုံးအဆောင်တွေရဲ့ လွှမ်းမိုးမှုကို ထိတွေ့ခံစားလာရပါတယ်။ တောရော မြို့ပါမကျန် နိုင်ငံခြားကနေ ၀င်လာတဲ့ အသုံးအဆာင်တွေ ပစ္စည်းတွေ သုံးလာကြတယ်။ ပြည်တွင်းက လူသုံးကုန် အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ပြည်ပ ကုန်စည်တွေနဲ့ အပြိုင် လူ့အသုံးအဆောင်တွေ စားသောက်ကုန်တွေကို ထုတ်လုပ်လာကြတယ်။ 

ကျန်းမာရေးအာမခံ - မိတ်ဆက်


“ကျန်းမာရေးအာမခံ” ဆိုတာဘာလဲ၊ ဘယ်လို ပုံစံမျိုးနဲ့ အလုပ်လုပ်သလဲ စသဖြင့် သိကောင်းစရာလေးတွေကို အခန်းဆက် ဆောင်းပါးများနဲ့ တင်ပြသွားပါမယ်။

လူတွေ မလွန်ဆန်နိုင်တဲ့ တရားထဲမှာ “နာခြင်း” က တစ်ခုအပါဝင်ဖြစ်လို့ တစ်နေ့ နာကြရမယ်ဆိုတာ အသေအချာ သိကြပေမယ့် …
  • အဲဒီတစ်နေ့က ဘယ်နေ့လဲ ဆိုတာ
  • ဘယ်နေရာက နာမယ်ဆိုတာ
  • ဘယ်လောက် အတိုင်းအတာအထိ နာမယ်ဆိုတာ
  • ဘယ်လောက်ကြာကြာ နာနေမယ်ဆိုတာ
အသေအချာ မသိကြပါ။

အဲဒီလို ဘယ်နေ့ ဘယ်ထောင့်ကနေ ဘယ်လို ပေါ်လာမယ်မှန်းမသိ၊ ဘယ်လောက်ကြာကြာ နာနေမယ်မှန်း မသိတဲ့ “နာခြင်း” ဆိုတာကြီးကို ကုသဖို့ရာ ဘယ်လောက် ကုန်ကျမယ် ဆိုတာက ပိုပြီး မှန်းဆရခက်လာပါတယ်။ အသက်နဲ့ ယှဉ်လာပြီ ဆိုတော့ တခြားလိုအပ်ချက်တွေ ဘေးချပြီး ကျန်းမာရေးအတွက် သုံးကြရပါတော့တယ်။ တတ်နိုင်ရင် တော်သေးရဲ့ မတတ်နိုင်ရင် ဘယ့်နှယ်လုပ်မလဲ။

ဒီလို မသိကိန်းတွေ ရှိနေပေမယ့် မှန်းဆနိုင်တဲ့ အကြောင်းအရာတွေကလည်း ရှိနေပြန်ပါတယ်။

ဥပမာ - ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၃ထောင်ရှိတဲ့ အနက် ဒီနှစ်တော့ လူ ၈ သန်းလောက် တီဘီဖြစ်မယ်၊ သန်း ၂၄၀ လောက် ငှက်ဖျား ဖြစ်မယ် စသဖြင့် ခန့်မှန်းလို့ ရပါတယ်။ တီဘီဖြစ်ဖြစ် ငှက်ဖျားဖြစ်ဖြစ် ကုသစရိတ် တစ်ယောက်ကို ဒေါ်လာ ၅၀ ကုန်မယ် ဆိုပါစို့။ ဒါဆို စုစုပေါင်း ဒေါ်လာ သန်းပေါင်း ၁၂၄၀၀ ကုန်ပါမယ်။ အဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေ သန်း ၃၀၀၀ နဲ့ပဲ တွက်ဦး လူတိုင်း ငွေကြေးထည့်ဝင်ရင် တစ်ဦးကို ၄ ဒေါ်လာပဲ ထည့်ဝင်ရပါမယ်။

ဒါပေမယ့်လည်း စဉ်းစားစရာတွေက ရှိနေပါသေးတယ်။ ၄ ဒေါ်လာဆိုတာဟာ ချမ်းသာတဲ့ နိုင်ငံတွေမှာ မုန့်ဖိုးလောက် ရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ မိသားတစ်စုရဲ့ တစ်ရက်စာ ၀င်ငွေ ဖြစ်ရင် ဖြစ်နေမှာပါ။ နောက်ပြီး “ကိုယ်က ရောဂါမဖြစ်ပဲနဲ့ ရောဂါဖြစ်နေတဲ့ လူတွေအတွက် ကုန်ကျစရိတ်ကို မျှခံရတာဟာ တရားသလား” ဆိုတာမျိုး စောဒဂ တက်မယ်ဆိုရင်လည်း တက်စရာပါပဲ။ အဲ … ကိုယ်ကိုယ်တိုင်က မကျန်းမာတဲ့ လူဖြစ်လာရင်တော့ … “အင်း … ကျန်းမာနေတဲ့ လူတွေက ကုသစရိတ်မျှခံပေးရင်တော့ ကိုယ့်အတွက် သက်သာမှာပဲ” လို့ တွေးမိစရာ ရှိပါတယ်။ ကဲပါလေ … ဒီလို စဉ်းစားစရာတွေကို ခဏ ဘေးချထားလိုက်ပါဦးမယ်။

ရပ်ကွက်ထဲက ချို့တဲ့တဲ့ အသိမိတ်ဆွေ တစ်ယောက် နေထိုင်မကောင်းဖြစ်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေ ၀ိုင်းပြီး ကူငွေ ထည့်ကြတာက လွယ်ပါတယ်။ ဒါပေမယ့် မြို့တစ်မြို့၊ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ဆိုရင် လူတိုင်းဆီကနေ ဝေပုံကျ ထည့်ဝင်ငွေ ကောက်ဖို့ နောက်ပြီး မကျန်းမာသူတွေကို စရိတ်ပြန်ထောက်ပေးဖို့ကတင် အလုပ်တစ်ခု ဖြစ်လာပါတယ်။

ဒီအလုပ်ကို နိုင်ငံ အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ အဖွဲ့အစည်း အမျိုးမျိုး(အစိုးရ၊ ပုဂ္ဂလိက၊ သမ၀ါယမ၊ အန်ဂျီအို)က တာဝန်ယူကြပါတယ်။ တာဝန်ယူတဲ့ အဖွဲ့အစည်းရဲ့ ပုံသဏ္ဍန်ပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်း အမည်အမျိုးမျိုး ကွဲပြားသွားကြပေမယ့် “ကျန်းမာရေးအာမခံ” ဆိုတဲ့ ကျန်းမာရေး ကုန်ကျစရိတ်ကို လူအများရဲ့ ထည့်ဝင်ငွေထဲမှ ကျခံပေးခြင်း အခြေခံသဘောတရားကတော့ မပြောင်းမလဲရှိနေဆဲပါ။ နောက်ပိုင်းဆွေးနွေးရလွယ်အောင် ကျန်းမာရေးအာမခံ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းကို အာမခံကုမ္ပဏီ လို့ပဲ ဆိုကြပါစို့ရဲ့။ စောစောက ပြောခဲ့သလို အာမခံကုမ္ပဏီ ဆိုတာဟာ အစိုးရလည်း ဖြစ်နိုင်သလို ပုဂ္ဂလိက ဒါမှမဟုတ် သမ၀ါယမ ဒါမှမဟုတ် အန်ဂျီအို ဖြစ်နိုင်တယ် ဆိုတာကို မှတ်ချက်အနေနဲ့ တို့ထားခဲ့ချင်ပါတယ်။

ဒီတော့ ကျန်းမာရေးအာမခံ ကို အကောင်အထည် ဖော်ရာမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ လူနာ နဲ့ အာမခံကုမ္ပဏီ ဆိုပြီး သုံးဦး သုံးဖလှယ် ရှိပါမယ်။ လူနာ (သို့မဟုတ်) တချိန်ချိန် လူနာ ဖြစ်လာနိုင်တဲ့ သူတွေက အာမခံကုမ္ပဏီကို လစဉ်ကြေး ပေးသွင်းထားပြီး မိမိနေထိုင်မကောင်းဖြစ်လို့ ဆေးကုသတဲ့အခါမှာတော့ အာမခံကုမ္ပဏီကနေ ဆေးကုသစရိတ်ကို ပြန်ထုတ်ပေးပါမယ်။ ဒါက အရိုးရှင်းဆုံး ကျန်းမာရေးအာမခံ စနစ်ပါ။ တကယ့်လက်တွေ့မှာတော့ ဒီ့ထက် နည်းနည်းပိုပြီး ရှုပ်ထွေးပါတယ်။

နောင်အခါ အငြင်းမပွားရလေအောင် ကတိက၀တ် စာချုပ်စာတမ်းတွေနဲ့ တစ်ဦးကိုတစ်ဦး ချည်နှောင်ထားကြလေတော့ ကျန်းမာရေးအာမခံစာချုပ်မှာ ပါဝင်တဲ့ အသုံးအနှုန်းတွေက ဥပဒေ အသုံးအနှုန်း၊ ငွေကြေးဆိုင်ရာ အသုံးအနှုန်း၊ ကျန်းမာရေး အသုံးအနှုန်းတွေနဲ့ ပြည့်နှက်နေပြီး သာမာန်အားဖြင့် လုံးစေ့ပတ်စေ့ နားလည်ဖို့ ခက်ခဲပါတယ်။ တကယ်တန်း ကျန်းမာရေးအာမခံကို အသုံးချဖို့ လိုလာပြီဆိုတော့မှ အဆင်မပြေတာတွေ ဖြစ်ဖြစ်လာတတ်လို့ အဲဒီအသုံးအနှုန်းတွေထဲက မသိမဖြစ် သိသင့်တဲ့ အသုံးအနှုန်းတွေကို နောက်ဘလောက်ပို့စ်မှာ ဆက်ပြီး တင်ပြပါမယ်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။

WHO. 2006. Global disease burden 2004 update

ကျန်းမာရေးအာမခံစနစ်နှင့် ပတ်သက်ပြီး သိသင့်သမျှ (၂)

 


ကျွန်တော်ဆက်လက်ရေးသားလိုတာကတော့ ပုဂ္ဂလိက အာမခံလုပ်ငန်းအကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာ့အာမခံလုပ်ငန်းတစ်ခုပဲရှိပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ Private company တွေကပါ အာမခံလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ အဆိုပါ company သည် အစိုးရထံတွင် မှတ်ပုံတင်ပြီး အစိုးရက ချမှတ်ထားသည့် အာမခံနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည်။ ကျန်းမာရေးအာမခံတွင် Plan နှစ်မျိုးရှိသည်။ Basic plan နှင့် supplementary plan ဆိုပြီး ဖြစ်သည်။ နာမည်ခေါ်ပုံကွာသွားသော်လည်း နိုင်ငံတိုင်းနည်းပါးတွင် အဓိပ္ပါယ်တူညီကြပါသည်။ Basic plan ဆိုသည်မှာ လူတိုင်းလူတိုင်းအတွက် အဖြစ်များသောရောဂါများကို ထောက်ပံ့ပေးသော အာမခံလုပ်ငန်း ဖြစ်ပါသည်။ မြန်မာပြည်တွင်တော့ TB ရောဂါတို့၊ ငှက်ဖျားရောဂါတို့သည် အဖြစ်များသောကြောင့် အာမခံစနစ်သာ လုပ်ဖြစ်ပါက ၎င်းရောဂါများသည် basic plan တွင် ပါဝင်မည်ဖြစ်သည်။ Basic plan က စရိတ်အများကြီးကုန်ကျမည့် ခွဲစိတ်မှုတွေ၊ Investigation တွေမပါ။ common disease များနှင့် အရေးပေါ်အခြေအနေများကိုသာထောက်ပံ့ပေးသည်။ ၎င်း Basic plan ကို အစိုးရထံတွင်ကော private တွင်ပါ ၀ယ်ယူခွင့်ရှိသည်။ နိုင်ငံတကာ ရှိ Private insurance company အားလုံးနီးပါးသည် Basic plan တွင် အမြတ်ယူခွင့် မရှိချေ။ ထို့ကြောင့် Private ၏ basic plan သည် အစိုးရနှင့် ဈေးမတူသည့်တိုင် များစွာ မကွာလှပေ။



Supplementary plan တွင်တော့ ပုဂ္ဂလိက အာမခံလုပ်ငန်းများသည် အမြတ်ယူခွင့်ရှိသည်။ supplementary ဆိုကတည်းက မယူမနေရ မဟုတ်၊ မိမိလိုချင်မှသာ ထပ်မံယူနိုင်သည့် plan ဖြစ်သည်။ တစ်ချို့ရောဂါများသည် အဖြစ်နည်းသော်လည်း ဖြစ်ပွားပါက ကုသစရိတ်ကြီးမားသည်။ ဥပမာ။    ။ ကင်ဆာရောဂါ။ ထို့ကြောင့် ပိုက်ဆံတတ်နိုင်သူတို့သည် နောင်ရေးစိတ်အေးရအောင် ယခုကတည်းက မိမိတွင်ဖြစ်နိုင်သည့် ရောဂါများကို ကြိုတင်ကာ အာမခံထားလိုက်သည်။ ၎င်း plan သည် basic နှင့်ယှဉ်လျင် များစွာပိုမိုကုန်ကျပါသည်။ တစ်ယောက်နှင့်တစ်ယောက်လည်း ပေးရသည့်ငွေပမာဏ မတူညီပေ။ Tailor made ဖြစ်သောကြောင့်ဖြစ်သည်။ ဥပမာ။    ။ အသည်းခြောက်ရောဂါ (cirrhosis) အတွက် အာမခံထားသည်ဆိုပါစို့။  အရက်ကို တစ်လနေလို့မှ တစ်ခါလောက်မသောက်တတ်သူ၊ social drink လောက်သာသောက်တတ်သူသည် နေ့စဉ်မှီဝဲသူလောက် အာမခံကြေးပေးစရာမလိုချေ။ ထို့အတူ အဆုတ်ကင်ဆာအတွက် အာမခံလုပ်လျင်လည်း တစ်နေ့ကို ဆေးလိပ် ၁ ဗူးနှင့်အထက် သောက်သူသည် တစ်လိပ်နှစ်လိပ်ခန့်သာသောက်သူထက် အာမခံကြေး ပိုမိုထည့်ဝင်ရမည်ဖြစ်သည်။ မိမိ၏ ရောဂါရာဇ၀င်၊ ကျန်းမာရေးအခြေအနေ နှင့် မိမိအာမခံထားလိုသည့် ရောဂါအပေါ်မူတည်ပြီး အာမခံကြေး ကွာသွားမည်။ အာမခံ company မှ မိမိအား risk assessment လုပ်ပြီးမှသာ မိမိပေးဆောင်ရမည့် အာမခံကြေးကို သတ်မှတ်ပေးမည်ဖြစ်သည်။ သို့သော် ရွေးချယ်စရာ များပြားသောကြောင့် လည်းကောင်း၊ အစိုးရမှာ အာမခံ မပေးသော ရောဂါများကို အာမခံထားနိုင်၍လည်းကောင်း private ၏ supplementary plan များသည် လူကြိုက်များကြသည်။

တဖန် Private တွင် အာမခံထားခြင်း၏ ကောင်းသည့် အချက်တစ်ချက်ကား ခွဲစိတ်ကုသမှုခံယူမည် ဆိုပါက စောင့်ဆိုင်းရသောအချိန်တိုခြင်း ဖြစ်ပါသည်။ ပိုက်ဆံမရှိရင် မျက်နှာငယ်တယ်ဆိုသည့်စကားသည် ဤနေရာတွင် သွေးထွက်အောင်မှန်ပါသည်။ England လို တိုင်းပြည်မျိုးတွင်ပင် Private တွင် အာမခံ မထားပါက လနှင့်ချီအောင် စောင့် ရသည်မျိုးကို တွေ့ရပါသည်။ အစိုးရ၏ ကျန်းမာရေးဌာနများမှာ အမြဲတမ်း အရေးပေါ်လူနာများ၊ ငွေကြေးချို့တဲ့သူများနှင့် ပြည့်နှက်နေတတ်ပါသည်။ ထိုသူများသည် ရောဂါဖြစ်လိုက်ရင်လည်း ဆိုးဆိုးဝါးဝါးသာ ဖြစ်လေ့ရှိသောကြောင့် ချက်ချင်းမခွဲလျင်လည်း ရသေးသည့် လူနာများကို စောင့်ခိုင်းရပါသည်။ သို့သော် Private အာမခံထားရှိပါက သက်ဆိုင်ရာ အပြင် private ဆေးရုံတွင် အချိန်မရွေးခွဲစိတ်လို့ ရပါသည်။ မြန်မာပြည်နှင့် England ပြည် မှာ အဲဒီတစ်ချက်တော့ တူပုံရတယ်။ Private ဆေးရုံများတွင် လူနာများကို အချိန်ပိုမိုပေးနိုင်သောကြောင့် ကုသမှုလည်း ပိုမိုထိရောက်သည်။

Private health insurance တွင်လည်း မကောင်းသည့် အချက်များရှိပါသည်။ ပထမတစ်ချက်ကတော့ လစဉ် လစဉ် မစားရမသောက်ရနှင့် ငွေကြေးအများကြီးပေးသွင်းရခြင်းပင် ဖြစ်သည်။ ပညာရှင်တစ်ချို့က ပြောသည်မှာကား ဤသို့ အာမခံကြေးများပေးသွင်းနေမည့်အစား အဆိုပါငွေဖြင့် မိမိ၏ ကျန်းမာရေးကို ကောင်းအောင်ပြုလုပ်ပါက ပိုမိုအကျိုးရှိနိုင်သည်ဟူ၍ ဖြစ်သည်။ နောက်တစ်ချက်ကတော့ ထိုသို့အာမခံစနစ်ထားရှိသောကြောင့် ပိုက်ဆံရှိသူတို့သည် ငွေလမ်းခင်းပြီးဆေးကုသပေးကြောင့် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိပြီး ဆင်းရဲသားတွေကတော့ ထိုလောက်မကောင်းသည့် ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ရရှိလေသည်။ ထိုအခါ ကျန်းမာရေး မညီမျှမှု (health inequality) များ ဖြစ်လာနိုင်ပါသည်။

Private ဘက်မှ ပြန်လည်ငြင်းဆိုသည်မှာကား private အာမခံထားရှိသောကြောင့် ပိုက်ဆံတတ်နိုင်သူတို့သည် အစိုးရဆေးရုံတွင် မတက်တော့ချေ။ ထိုအခါ အစိုးရဆေးရုံများတွင် မလိုအပ်ဘဲ လူနာစောင့်ခြင်းများနည်းပါးသွားသည်။ ထို့ကြောင့် အစိုးရကိုပင် အထောက်အကူပြုသည်ဟု ဆိုကြသည်။ Private ကျန်းမာရေးအာမခံတွင် မိမိတွင် မူလကတည်းက ရှိသည့် ကုသ၍ မပျောက်နိုင်သော ရောဂါများကို အာမခံထားခွင့် မရှိချေ။ ဥပမာ။   ။ HIV ရောဂါပိုးရှိသူများ။ ထိုသူတို့သည် HIV နှင့် ပတ်သက်သော အာမခံထားလို့မရပါ။ သို့သော်အဆိုပါရောဂါနှင့် မသတ်ဆိုင်သည့် အာမခံများတော့ ထားခွင့် ရှိသည်။

ပုဂ္ဂလိက အာမခံလုပ်ငန်းနှင့် ပတ်သက်ပြီး ကျွန်တော် ဒီမှပဲ နိဂုံးချုပ်လိုပါတယ်။ အပိုင်း (၃)တွင် health system အကြောင်း ဆက်လက်ရေးသားပါမည်။



ကျန်းမာရေးအာမခံဆိုတာ ဘာလဲ(1)




ကျန်းမာရေးအာမခံဆိုတာ ဘာလဲဆိုတာကို ဆရာရဲမွန်က Introduction to Health insurance  post မှာ ရေးသားခဲ့ပြီးသွားပါပြီ။ အာမခံစနစ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်နေမကောင်းဖြစ်တဲ့အခါမှာ ဆေးကုသစရိတ်ကို သုံးနိုင်အောင် ငွေစုထားခြင်းပင် ဖြစ်ပါသည်။ သို့သော် တစ်ယောက်တည်းအတွက် စုခြင်းမဟုတ်။ စုပေါင်းစပ်ပေါင်း ငွေစုထားခြင်းဖြစ်သည်။ ဥပမာ။   ။ လူတစ်ယောက်က တစ်လကို အာမခံ ၁၀ ကျပ်ထားသည်ဆိုပါစို့။ တစ်နှစ်ကြာသောအခါ သူ၏စုငွေသည် ၁၂၀ ကျပ်ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ သူနေမကောင်းဖြစ်သောအခါ ဆေးကုသစရိတ်သည် ၂၀၀ ကျပ်ကုန်ကျပါက အာမခံစနစ်က ၂၀၀ ကျပ်ထောက်ပံ့ပေးပါလိမ့်မည်။ သို့သော် သူ့ထံတွင် ကျန်းမာရေးအာမခံ မထားရှိပါက သူသည် အိပ်ထဲက ငွေ ၂၀၀ ကျပ်ထွက်ပေတော့မည်။ ယခုမူ အာမခံထားသောကြောင့် ၁၂၀ ကျပ်သာ သူကုန်လိမ့်မည်။ တစ်ဖက်က ပြန်တွေးကြည့်ရင်တော့ ကိုယ်နေမကောင်းမဖြစ်ပါက အဆိုပါ ငွေ ၁၂၀ ကျပ်သည် ဆုံးပြီ မဟုတ်ပါလော့။ ဤကဲ့သို့တွေးပါက မျက်ခုံးမွှေးတစ်ဆုံးသာ တွေးခြင်းဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမာရေးအာမခံသည် မီးအာမခံ၊ အသက်အာမခံတို့နှင့် မတူသည်ကား လူတိုင်းလူတိုင်းသည် တစ်ချိန်ချိန်တွင် နေမကောင်းဖြစ်မည်သာဖြစ်သည်။ လူတိုင်းသည် မီးလောင်ခြင်းကို ကြုံတွေ့ရချင်မှ ကြုံတွေ့လိမ့်မည်။ တစ်သက်တွင် တစ်ခါသာသေလိမ့်မည်။ သို့သော် နေမကောင်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့သည်ကား တစ်ကြိမ်တစ်ခါထက် မကကြုံတွေ့ရမည်မှာ လူတိုင်းပင်ဖြစ်ပါသည်။ တစ်ခါမှ နေမကောင်းမဖြစ်သောသူဟူ၍ မရှိတန်ရာ။



တဖန် ကျန်းမာရေးအာခံစနစ်ထားရှိခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဌာနများကို အရည်အသွေး ထိန်းသိမ်းပြီးသားဖြစ်စေသည်။ အာမခံထားရှိသောကြောင့် ပြည်သူတို့၏ အာမခံငွေကြေးတို့ အလဟသတ် မဖြစ်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက အမြဲတမ်း ဆေးရုံများ၊ ဆေးဝန်ထမ်းများကို အရည်အသွေး စစ်ဆေးနေမည် ဖြစ်သည်။ အကယ်၍ ဆရာဝန်တစ်ယောက်သည် မိမိ၏ ကျွမ်းကျင်မှု အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း မရှိပါက ဆေးကုသခွင့်လိုင်စင် ရုတ်သိမ်းခံရမည်ဖြစ်သည်။ အဆိုပါဆရာဝန်သည် ကျန်းမာရေးအာမခံရှိသော လူနာများကို ကုသခွင့်ရတော့မည်မဟုတ်။ ထို့ကြောင့် ပြည်သူများကို မှားယွင်းစွာကုသခြင်းမှ အလိုလိုကာကွယ်ပြီးသားဖြစ်သည်။

ကျန်းမာရေးအာမခံမှ ရရှိသောရန်ပုံငွေ ဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တိုးချဲ့နိုင်လေသည်။ ရောဂါကာကွယ်ရေး လုပ်ငန်းများသာမက ပြန်လည် ကောင်းမွန်ရေးလုပ်ငန်းများ (rehabilitation)၊ နာတာရှည် ရောဂါသည်များကို ထောက်ပံ့သည့်လုပ်ငန်းများတွင်လည်း အာမခံကြေးများကို အသုံးပြုပါသည်။ ပြင်သစ်လို တိုင်းပြည်မျိုးတွင် ကျန်းမာရေးအာမခံထားရှိသူသည် ဆီးချိုရောဂါကြောင့်ဖြစ်စေ၊ သွေးတိုးရောဂါကြောင့်ဖြစ်စေ၊ ကင်ဆာရောဂါကြောင့်ဖြစ်စေ ကာလကြာရှည်ဆေးကုသမှု ခံယူရပါက အာမခံစနစ်မှ ဆေးဖိုးဝါးခကို အလုံးစုံ တာဝန်ယူပေးပါသည်။

အာမခံစနစ်တွင် ပြည်သူများက ထည့်ဝင်ရသလို အစိုးရမှလည်း အများကြီး စိုက်ထုတ်ပေးရပါသည်။ တိုင်းပြည်တစ်ခုနှင့် တစ်ခုမတူညီကြပါ။ မိမိနေထိုင်ရာ တိုင်းပြည်အပေါ်မူတည်၍ အစိုးရမှ ထောက်ပံ့ပေးသော ပမာဏ ကွာခြားပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတို့သည် ပိုမိုကျန်းမာလာပြီး အသက်ရှည်လာကြသည်။ ထိုအခါ အစိုးရမှ ထောက်ပံ့ပေးရသောပမာဏသည် တဖြည်းဖြည်းများပြားလာပါသည်။ ဆေးကုသစရိတ်စက များကလည်း တဖြည်းဖြည်းတိုး၍ တိုး၍သာ လာသောကြောင့် အစိုးရအနေဖြင့် အာမခံထောက်ပံ့သော ပမာဏကို လျော့ချလိုလာသည်။ မူလကတည်းက အစိုးရ၏ အာမခံစနစ်သည် ရောဂါအားလုံး၊ ကုသမှုအားလုံး၊ စမ်းသပ်စစ်ဆေးမှုအားလုံးကို ထောက်ပံ့သည်မဟုတ်၊ ယခုလို လျော့ချမည်လုပ်သောအခါ ပို၍ လျော့နည်းသွားဖို့သာ ရှိတော့သည်။ ထိုအခါ ပုဂ္ဂလိက အာမခံစနစ်၏ အခန်းကဏ္ဍသည် အရေးပါလာပါသည်။ Private Insurance နှင့် ပတ်သက်ပြီး အပိုင်း (၂) တွင် ဆက်လက်ရေးသားပါမည်။